Monday, June 14, 2010

2010 World Cup Results (11-13 June)


တောင်အာဖရိကနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဟာ အခုဆိုရင် အတော်လေးကို အရှိန်ရနေပြီဖြစ်ပါတယ်။ အုပ်စုအကုန်လုံး မကစားရသေးပေမယ့် အိမ်ရှင်ဒေသက အာဖရိကအသင်းတွေနဲ့ နာမည်ကြီးအသင်းအချို့ရဲ့ ပွဲစဉ်တွေ ယှဉ်ပြိုင်ခဲ့ပြီးတာကြောင့် ပရိသတ်တွေအတွက် ကျေနပ်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် မမျှော်လင့်တဲ့ ရလဒ်တွေနဲ့ ပြီးဆုံးခဲ့တဲ့ပွဲစဉ်တွေ ပါဝင်ခဲ့တာကြောင့်လည်း ဘောလုံးပရိသတ်တွေအတွက် ရင်ခုန်စရာ ကောင်းခဲ့ရပါတယ်။ ကစားခဲ့ပြီးသမျှ ပွဲစဉ်တွေရဲ့ ရလဒ်တွေနဲ့ ကြည့်ဖြစ်ခဲ့တဲ့အသင်းတွေရဲ့ ခြေစွမ်းသုံးသပ်ချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

အုပ်စု (က)

အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အုပ်စုပွဲတစ်ပွဲ ဖြစ်ပါတယ်။ အိမ်ရှင်တောင်အာဖရိက အသင်းအနေနဲ့ အိမ်ရှင်ပရိသတ်တွေရှေ့မှာ ရေကုန်ရေခန်း ကစားပြသွားခဲ့ပါတယ်။ ဘောလုံးအဆင့်အတန်းချင်း ကွာခြားပေမယ့်လည်း မက္ကစီကိုအသင်းအနေနဲ့ တောင်အာဖရိကကို အသာစီးမရခဲ့ပါဘူး။ ခြေစစ်ပွဲ ၀င်စရာမလိုဘဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့တာမှန်ပေမယ့် အိမ်ရှင်အသင်းအနေနဲ့ ထိုက်တန်တဲ့ခြေစွမ်း ရှိတယ်ဆိုတာကို ပြသသွားခဲ့ပါတယ်။ အိမ်ရှင်ပရိသတ်တွေအတွက်တော့ ကျေနပ်စရာ သရေတစ်မှတ် ရရှိခဲ့တာဆိုရင် မမှားပါဘူး။ မက္ကစီကိုအသင်းသွင်းတဲ့ ပထမဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ပြီး မပေးခဲ့တာကတော့ ပြောစရာဖြစ်ခဲ့ရပါတယ်။ ဘောလုံးနည်းစနစ်အရ ဂိုးစည်းထဲမှာ ကျန်နေခဲ့တဲ့ ပီနာ့ကို ဂိုးသမားအဖြစ် မှတ်ယူပြီး လူကျွံဘောဖမ်းခဲ့သလားဆိုတာတော့ အငြင်းပွားကြရဦးမှာပါ။ မက္ကစီကိုအသင်းအတွက်တော့ နစ်နာခဲ့ရတဲ့ပွဲလို့ ပြောရမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီနေ့က ကစားသွားတဲ့ တောင်အာဖရိကရဲ့ ကြိုးစားမှုအရ သရေရလဒ်ဟာ ထိုက်တန်ပါတယ်။ သူတို့နှစ်သင်းလုံးအတွက် ကျေနပ်စရာ ဖြစ်ခဲ့ရတာကတော့ အုပ်စုတွင်းက ပြင်သစ်နဲ့ ဥရုဂွေးတို့လည်း သရေကစားခဲ့ကြတာပါပဲ။

အင်မတန်မှကို ပျင်းစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေက အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြပေမယ့် ပွဲဟာထင်သလောက် မကောင်းခဲ့ပါဘူး။ နှစ်သင်းစလုံးက အမှားစောင့်ရင်း ဘောလုံးပိုင်ဆိုင်မှုကို အဓိကထား ကစားသွားခဲ့ကြပါတယ်။ ပြင်သစ်အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူးတွေ ဂိုးလာဘ်မရှိတာကလည်း ပြောစရာဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် တိုက်စစ်မှူးအဖြစ် ပွဲထွက်လာတဲ့ အနယ်လ်ကာဟာ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ ခြေစွမ်းကို မမီတာ တွေ့ရပါတယ်။ နည်းပြတွေအနေနဲ့ မိမိတို့အားနည်းချက်တွေကို အချိန်မီ မပြင်ဆင်နိုင်ဘူးဆိုရင် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်ကနေ လက်ပြသွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

အုပ်စု (ခ)
တောင်ကိုရီးယားအသင်းအတွက်တင် မဟုတ်ဘဲ အာရှတိုက်အတွက်ပါ ဂုဏ်ယူလက်မထောင်ခဲ့ရတဲ့ အောင်ပွဲဖြစ်ခဲ့ပါတယ်။ အားလုံးထင်မှတ်မထားတဲ့ တောင်ကိုရီးယားက ဂရိအသင်းကို အနိုင်ယူပြလိုက်တော့ အာရှဘောလုံးအဆင့်အတန်း မြင့်လာတယ်လို့ စကားသံတွေ ထွက်လာပါတယ်။ တကယ်လည်း အဲဒီနေ့က ကစားသွားခဲ့တဲ့ တောင်ကိုရီးယားရဲ့ခြေစွမ်းဟာ အထင်ကြီး လေးစားစရာပါ။ ကံကောင်းထောက်မပြီး ဂရိလိုအသင်းကို နိုင်ခဲ့တာမဟုတ်ဘဲ ခြေစွမ်းပိုင်း၊ နည်းဗျူဟာပိုင်းမှာပါ အသာစီးရပြီး နိုင်သင့်လို့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပမှာ ကစားနေတဲ့ နာမည်ကြီး ကစားသမားတွေပါပေမယ့်လည်း သူတို့ကို အဓိကအားပြု ကစားတာမျိုးမဟုတ်ဘဲ အသင်းလိုက် စုစုစည်းစည်းနဲ့ ကစားသွားခဲ့တဲ့ တောင်ကိုရီးယားအသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာ အံ့သြစရာတော့ မရှိပါဘူး။ အုပ်စုတွင်းက အခြားပြိုင်ဘက်တွေအတွက် တောင်ကိုရီးယားကတော့ ခေါင်းလောင်းထိုးလိုက်ပါပြီ။ ခံစစ်ပိုင်နိုင်တဲ့ ဂရိအသင်းအနေနဲ့ အာရှအသင်းတစ်သင်းကို နှစ်ဂိုးပေးလိုက်ရတာကတော့ ရှက်စရာပဲ ဖြစ်ပါတယ်။

ရလဒ်ပိုင်းကို ကြည့်မယ်ဆိုရင်တော့ အာဂျင်တီးနားဟာ အထင်ကြီးစရာ မရှိပါဘူး။ ဒါပေမယ့် နိုင်ဂျီးရီးယားဂိုးသမား ကောင်းလွန်းတဲ့အတွက်သာ တစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ။ တကယ်ဆိုရင် အာဂျင်တီးနားတို့ အနည်းဆုံး (၃)ဂိုးပြတ်လောက်တော့ နိုင်သင့်ပါတယ်။ မက်ဆီရဲ့ အံ့သြဖွယ်ရာ ကန်ချက်တွေကို မထင်မှတ်လောက်အောင် လက်စွမ်းပြကာကွယ်သွားတဲ့ နိုင်ဂျီးရီးယားဂိုးသမားဟာ အဲဒီနေ့ကပွဲအတွက်တော့ အကောင်းဆုံးတစ်ယောက်ပါပဲ။ ကွင်းလယ်မှာ သက်ကြီးခြေကျ ဗီရွန်က ကစားကွက်ဖန်တီးသူ ဖြစ်နေတာကိုတော့ နားမလည်နိုင်ပါဘူး။ တွန်းတွန်းတိုက်တိုက် မကစားနိုင်ပေမယ့် သူ့ရဲ့သမ္ဘာနဲ့ ကျွမ်းကျင်မှုကို အသုံးချပြီး မက်ဆီကို အကောင်းဆုံးဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မာရာဒိုနာကို ပြောစရာရှိတာကတော့ ဂိုးကံခေနေတဲ့ ဟီဂူအင်ကို စောစောစီးစီး လူစားမလဲခဲ့တာပါပဲ။ ဒုတိယပိုင်း အစကတည်းကသာ ဟီဂူအင်နေရာမှာ မီလီတိုကို သုံးခဲ့မယ်ဆိုရင် အာဂျင်တိုင်းတို့ ဒီထက်ပို ဂိုးရနိုင်မယ်ထင်ပါတယ်။ ဗီရွန်ကို လူစားလဲလိုက်တဲ့အချိန်မှာ အာဂျင်တီးနားအလယ်တန်း ကစားကွက်ပျက်သွားခဲ့တာ တွေ့ရပါတယ်။ တစ်လုံးတည်းသော အနိုင်ဂိုးဖြစ်တဲ့ ဟိန့်ဇီရဲ့ ခေါင်းတိုက်ဂိုးကတော့ တကယ့်ကို ဒုံးပျံတိုက်ချက်ပါပဲ။ ဂိုးသမားနဲ့နောက်တန်း ဘယ်လိုမှကို လုပ်လို့မရတဲ့ ခေါင်းတိုက်သွင်းမှုပါ။ အနိုင်သုံးမှတ်အတွက် ကျေနပ်စရာဖြစ်ပေမယ့် ဂိုးများများမရခဲ့တာကတော့ စိတ်ညစ်စရာပါ။ အုပ်စုပထမနေရာအတွက် ဂိုးများများ လိုပါလိမ့်မယ်။

အုပ်စု (ဂ)
ဒီနှစ်ဗိုလ်စွဲနိုင်တယ်ဆိုတဲ့ အင်္ဂလန်အသင်းအပေါ် မေးခွန်းထုတ်စရာတွေနဲ့ ပြည့်နှက်ခဲ့ရတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်အသင်းရဲ့ ချေပဂိုးကို ပေးလိုက်ရတဲ့ အင်္ဂလန်ဂိုးသမား ဂရင်းနဲ့ ပတ်သက်လို့ပေါ့။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲချင်တဲ့ အသင်းတစ်သင်းအနေနဲ့ အဲဒီလို ဂိုးသမားမျိုးနဲ့ ရှေ့ဆက်သွားမယ်ဆိုရင် ကာပယ်လိုလောက် မိုက်မဲတဲ့လူ ရှိလိမ့်မယ် မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂရင်းအနေနဲ့ အဲဒီလိုမျိုး မှားယွင်းဖူးတာဟာ ဒီတစ်ကြိမ်တည်း မဟုတ်လို့ပါပဲ။ အရင်တုန်းကလည်း ဖမ်းနေတဲ့ဘောလုံး လွတ်ကျပြီး မပေးသင့်တဲ့ဂိုးတွေပေးရတာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုလူကို ကာပယ်လိုက ဘယ်လိုစိတ်ကူးနဲ့ ပွဲထွက်ဂိုးသမားအဖြစ် နေရာပေးထားသလဲဆိုတာ စဉ်းစားစရာပါ။ အင်္ဂလန်အသင်းအတွက် အဆိုးဝါးဆုံးကတော့ ကွင်းလယ်ပိုင်းပါပဲ။ ပွဲစဉ်တစ်လျှောက်လုံး ကွင်းလယ်ကစားကွက် အသာစီးရခဲ့တာ မရှိသလောက် ဖြစ်ပါတယ်။ ဂျရတ်နဲ့ လမ်းပတ်ဟာ ဘယ်လိုမှကို တွဲဖက်ကစားလို့မရတဲ့ ကစားပုံမတူတဲ့သူ နှစ်ယောက်ပါ။ နှစ်ယောက်စလုံးဟာ တိုက်စစ်အားသန်ပြီး ကြုံရင်ကြုံသလို အဝေးကန်ချက်နဲ့ ကန်ဖို့ပဲ အားသန်နေကြသူတွေပါ။ တကယ်ဆိုရင် ကွင်းလယ်မှာ အထိုင်ကစားပြီး ဘောလုံးကို ဖြန့်ပေးနေမယ့်လူမျိုးကို ကာပယ်လို ရွေးချယ်သင့်ပါတယ်။ ပေါစခိုးလ်တို့၊ ကားရစ်တို့လို ကွင်းလယ်သမားတစ်ယောက် လိုအပ်နေပါတယ်။ တောင်ပံမှာကစားခဲ့တဲ့ လင်နွန်ခြေပေါ်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့ပါဘူး။ အထူးသဖြင့် လူပိုလိုဖြစ်နေတဲ့ ဟက်စကီးကို မလဲခဲ့တာကတော့ ကာပယ်လိုပေးဆပ်လိုက်ရတဲ့ အရင်းအနှီးပဲ ဖြစ်ပါလိမ့်မယ်။ ရွန်းနီက ဂိုးသွင်းဖို့ထက် ရှေ့တန်းကို ဘောလုံးရောက်အောင် ကွင်းလယ်အထိဆင်းပြီး ကစားကွက်ပုံဖော်နေရတယ်။ သူ့ကိုလည်း ဖန်တီးပေးမယ့်လူ မရှိဘူး။ သူဖန်တီးပေးတော့လည်း ဟက်စကီးက ဖြုန်းတီးပစ်တယ်။ ရိုက်ဖီးလစ်ကတော့ အပြေးပြိုင်ပွဲသာ ၀င်ပြိုင်ခိုင်းသင့်ပါတယ်။ အလကားနေရင်း ပြေးမယ်ဆိုတဲ့ သူ့ကစားဟန်ကို တစ်ဖက်နောက်တန်းတွေက နောကျေနေပြီးသားပါ။ ဒိုနိုဗန်ဦးဆောင်တဲ့ အမေရိကန်အသင်းရဲ့ အနိုင်ရလိုစိတ်နဲ့ ပြိုင်ပွဲဝင်စိတ်ဓာတ်က ချီးကျူးစရာပါ။ သူတို့အတွက် သရေတစ်မှတ်ဟာ ထိုက်တန်ပါတယ်။ အင်္ဂလန်အနေနဲ့ကတော့ ဒီပုံစံအတိုင်း ဆက်သွားနေဦးမယ် ဆိုရင်တော့ ဗိုလ်လုပွဲရောက်ဖို့နေနေသာသာ ဆီမီးကိုရောက်အောင်တောင် မနည်းကြိုးစားရပါလိမ့်မယ်။

ရှေ့မှာကစားခဲ့တဲ့ပွဲမှာ နာမည်ကြီးနှစ်သင်းက သရေကျထားတော့ သူတို့နှစ်သင်းအတွက် ဖိအားမရှိခဲ့ပါဘူး။ အဲဒါကြောင့်လည်း ပွဲဟာ ပျင်းစရာကောင်းခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ ကျော်မှာ အယ်လ်ဂျီးရီးယားက ကစားသမားတစ်ယောက် အထုတ်ခံလိုက်ရတာဟာ ဒီပွဲကို အလှည့်အပြောင်း ဖြစ်သွားစေခဲ့ပါတယ်။ သွင်းသွားတဲ့အနိုင်ဂိုးကလည်း အယ်လ်ဂျီးရီးယားဂိုးသမားရဲ့ ဖမ်းဆီးမှု မသေသပ်တာကြောင့် ပေးလိုက်ရတာဖြစ်ပါတယ်။ အနိုင်သုံးမှတ် ရခဲ့တာကြောင့် နာမည်ကြီးနှစ်သင်းကိုကျော်ပြီး အုပ်စုပထမနေရာမှာ အခန့်သားထိုင်နေတဲ့ စလိုဗေးနီးယားတို့ နောက်ပွဲတွေမှာ ဘယ်လိုစွမ်းဆောင်ပြနိုင်ဦးမလဲ စောင့်ကြည့်ရပါဦးမယ်။

အုပ်စု (ဃ)
ဆားဘီးယားကတစ်ယောက် မလိုအပ်ဘဲ အထုတ်ခံလိုက်ရတာဟာ အလွန်ကို နစ်နာသွားစေခဲ့ပါတယ်။ တကယ်ဆိုရင် ဒုတိယအ၀ါကတ်ကို မပြရင်လည်း ဖြစ်နိုင်တဲ့အနေအထားပါ။ ဒါပေမယ့် ဒိုင်လူကြီးက ဒုတိယအ၀ါကတ်နဲ့အတူ အနီကတ်တစ်ခုပါ လက်ဆောင်ပေးခဲ့ပါတယ်။ ဆားဘီးယားရှေ့တန်းကသာ ဂိုးသွင်းသေချာခဲ့မယ်ဆိုရင် ရှုံးဖို့အသာထားလို့ ဂိုးပြတ်နဲ့တောင် နိုင်သင့်တဲ့ပွဲ ဖြစ်ပါတယ်။ ကြံ့ခိုင်မှု၊ လျင်မြန်မှုကောင်းတဲ့ ဂါနာအသင်းရဲ့ တန်ပြန်တိုက်စစ်တွေဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ ဂိုးဧရိယာထဲမှာ သိသိသာသာ လက်နဲ့ထိန်းပြီး ဘောလုံးကိုဖျက်ခဲ့တဲ့အတွက် ပင်နယ်တီပေးခဲ့ရပါတယ်။ အဲဒီပင်နယ်တီကို ဂါနာက ကျောနံပါတ်-၃ ဂီယန်က ဂိုးသမားရဲ့ ညာဖက်ထောင့်ကို အမှားအယွင်းမရှိ ကန်သွင်းယူပြီး အနိုင်သုံးမှတ်ကို ရယူသွားခဲ့ပါတယ်။ အက်ဆီယန်မပါပေမယ့်လည်း အနိုင်သုံးမှတ်ရအောင် ကစားနိုင်ခဲ့တဲ့အတွက် ဂါနာတို့ အားတက်သွားခဲ့ရပါတယ်။

အခုအချိန်အထိတော့ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးအပြတ်ဆုံး ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ တကယ်လည်း ခြေစွမ်းပိုင်းရော၊ ကစားကွက်ပိုင်းမှာပါ သြစတြေးလျတို့အနေနဲ့ ဂျာမနီကို မယှဉ်နိုင်ခဲ့ပါဘူး။ တစ်ယောက်ချင်းစွမ်းရည်မြင့်တဲ့ ကစားသမားတွေအားလုံး အချိတ်အဆက်မိမိနဲ့ လိုသလို ပုံဖော်ကစားသွားတဲ့ ဂျာမနီရဲ့ ခြေစွမ်းဟာ အထင်ကြီးစရာပါ။ ကာဟေးလ် အနီကတ်နဲ့ ထွက်ခဲ့ရတာကတော့ အသင်းအတွက် နစ်နာလှပါတယ်။ တကယ်ဆိုရင် ဒီပွဲရှုံးပေမယ့်လည်း နောက်ပွဲစဉ်တွေမှာ အနိုင်ရအောင် ကန်နိုင်စွမ်း သြစတြေးလျအသင်းမှာ ရှိနေနိုင်ပါတယ်။ ကြံ့ခိုင်မှုပိုင်းရော၊ လျင်မြန်မှုပိုင်းမှာပါ ယှဉ်ကစားနိုင်ခဲ့ပေမယ့် နည်းဗျူဟာပိုင်းမှာ ဂျာမနီက သာလွန်ခဲ့တာပါ။ သြစတြေးလျအသင်းရဲ့ အဓိကအမှားကတော့ ဂျာမနီလိုအသင်းနဲ့ စကားတဲ့အချိန်မှာ အမြင့်ပေးအဝေးဘောတွေနဲ့ ကစားခဲ့တာပါပဲ။ နောက်ပွဲစဉ်တွေမှာ ဂျာမနီအသင်း ဘယ်လိုကစားမလဲဆိုတာကို စောင့်ကြည့်ရပါဦးမယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၄ ရက်၊ တနင်္လာနေ့။
ညနေ ၃ နာရီ ၅၃ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics