Monday, June 14, 2010

လစ်ဗျားခေါင်းဆောင် ကဒါဖီနှင့် အင်တာဗျူး


ဒီအပတ် The VOICE ဖတ်ရတာ ကျေနပ်စရာကောင်းတယ်။ စာကောင်းတွေအများကြီး ဖတ်ရတယ်။ တွေးစရာပေးတဲ့စာတွေလည်း အတော်လေးပါလာတယ်။ အဲဒီအထဲကမှ ကျွန်တော်ကြိုက်တာတစ်ခုက လစ်ဗျားနိုင်ငံခေါင်းဆောင် မွမ်မာကဒါဖီနှင့် တွေ့ဆုံခြင်းဆိုတဲ့ ထိန်ဦးတင် ကောက်နုတ်ဘာသာပြန် ရေးသားထားတဲ့ အင်တာဗျူးပါ။ ကုလသမဂ္ဂမှာ မမောနိုင်မပန်းနိုင် မိန့်ခွန်းရှည်ကြီးပြောခဲ့လို့ ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ရသေးတာကို မှတ်မိကြဦးမယ်ထင်ပါရဲ့။ သူ့ပုံစံကိုကြည့်ရတာကိုက မိုက်တိမိုက်ကန်းပုံစံနဲ့ တဇွတ်ထိုးသမားကြီးပုံစံ ပေါက်နေတယ်လို့ ကျွန်တော်ကမြင်မိတယ်။ သူနဲ့အင်တာဗျူးကို ဖတ်လိုက်ရတဲ့အချိန်မှာ သူ့ရင်ထဲက အစိတ်အပိုင်းအချို့ကို မြင်လိုက်မိသလိုပါပဲ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ခေတ်ကိုမျက်ခြေပြတ်မခံဘဲ နည်းပညာတွေကို အမီလိုက်နေတဲ့သူ့ကို အမှတ်ပေးမိတာတော့ အမှန်ပါ။ အကုန်လုံးကို ပြန်မတင်ပေးတော့ဘဲ ကျွန်တော်သဘောကျတာလေးတွေကိုပဲ ရွေးထုတ်တင်ပြလိုက်ပါတယ်။
-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
kadaffi.jpg

မေး။ အဲဒါဆို လူကြီးမင်းရဲ့ ကုမ္ပဏီ Tamoil Suisse ဟာ ဘာဖြစ်လို့ ဆွစ်ဇာလန်မှာ ရုံးခွဲတွေ ဒါဇင်နဲ့ချီပြီး ဖွင့်ထားရတာလဲ။ လစ်ဗျားနဲ့ ဆွစ်ဇာလန် ဘာဖြစ်လို့ စီးပွားရေးဆက်ဆံမှုတွေ လုပ်ခဲ့ရတာလဲ။

ဖြေ။ ဆွစ်ဇာလန်မှာ ငွေကြေးခ၀ါချမှုတွေ ကောင်းကောင်းလုပ်လို့ရတယ်။ တစ်နေရာရာက ဓားပြတိုက်လို့ရတဲ့ ငွေတွေကို ဆွစ်ဇာလန်မှာ ရင်းနှီးမြှုပ်နှံလို့ရတယ်။ အခွန်ရှောင်ချင်ရင် ဆွစ်ဇာလန်ကို သွားနေလို့ရတယ်။ လျှို့ဝှက်ထားချင်တဲ့ ငွေတွေကို ဆွစ်ဇာလန်ဘဏ်မှာ သွားသိမ်းထားလို့ ရသေးတယ်။ လူမသိအောင် လုပ်ချင်တာအားလုံး ဆွစ်ဇာလန်မှာ လုပ်လို့ရတယ်။

မေး။ လူကြီးမင်းရဲ့ သားတော်မောင် ခုနစ်ယောက်လုံး လူကြီးမင်းအနားမှာပဲ နေကြသလား။

ဖြေ။ ကျွန်တော်က ကျွန်တော့်သားတွေကို တန်းတူချစ်တယ်။ ဘယ်သူ့ကိုမှထူးပြီး မြှောက်စားထားတာမျိုး မရှိဘူး။

မေး။ လူကြီးမင်းရဲ့ ဒုတိယသား ဆာအစ်ဖမ်အယ်လ်အစ္စလမ်ကတော့ လူကြီးမင်းရဲ့ ရာထူးကို ဆက်ခံလိမ့်မယ်လို့ ဥရောပက ယူဆထားကြတယ်။

ဖြေ။ ကျွန်တော် ဘုရင်တစ်ပါး မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော့်မှာ ထီးနန်းဆက်ခံမယ့်လူ ရှိဖို့မလိုဘူး။ (ရယ်မောသည်)။ လစ်ဗျားမှာ ပြည်သူတွေကပဲ အာဏာပိုင်တယ်။

မေး။ အာဖရိက,က လူတွေ မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပကို တရားမ၀င် ၀င်လာနေတဲ့ ပြဿနာပပျောက်သွားအောင် လူကြီးမင်း ဘာတွေကူညီပေးနိုင်မလဲ။

ဖြေ။ ဥရောပသမဂ္ဂက တရားမ၀င် လူမျောင်ခိုတင်ပို့တဲ့ လုပ်ရပ်တွေ တိုက်ဖျက်ဖို့ဆိုပြီး လစ်ဗျားကို ယူရိုသန်း ၅၀၀၀ (အမေရိကန်ဒေါ်လာ သန်း ၆၆၀၀) နှစ်တိုင်းပေးမယ်ဆိုရင် အဲဒီလုပ်ငန်း စီမံချက်ကို ကျွန်တော်တို့ အပြီးအပိုင်လုပ်နိုင်မှာပဲ။

မေး။ ဘယ်လိုစီမံချက်မျိုးလဲ။

ဖြေ။ အာဖရိကနိုင်ငံတွေမှာ ရှိနေသေးတဲ့ ဒုက္ခသည်တွေအတွက် နေစရာတွေ ဖန်တီးမယ်။ အလုပ်အကိုင်ရှိအောင် ဖန်တီးမယ်။ လစ်ဗျားမှာ ဒါမျိုးလုပ်ခဲ့ဖူးတာတွေ ရှိပါတယ်။ ရေလမ်း၊ ကုန်းလမ်း နယ်နိမိတ်ဆက်ကြောင်းတွေမှာ လုံခြုံရေးအားကောင်းလာအောင် လုပ်မယ်။

မေး။ လစ်ဗျားက ရေနံပေါတဲ့ နိုင်ငံပါ။ ဥရောပနိုင်ငံတချို့ထက်တောင် ချမ်းသာသေးတယ်။ လူကြီးမင်းတို့ ရေနံကနေ တစ်နှစ်တစ်နှစ်ကို ၀င်ငွေဘယ်လောက် ရနေလဲ။

ဖြေ။ ကျွန်တော် အတိအကျ မသိဘူး။ အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံဝန်းကျင်တော့ ရှိနိုင်တယ်။

မေး။ ငွေတွေရှိရက်နဲ့များ ဘာဖြစ်လို့ ဥရောပဆီကနေ ရန်ပုံငွေလိုချင်ရတာလဲ။ ဘာဖြစ်လို့ ကိုယ်တိုင်စီမံချက် အကောင်အထည် မဖော်နိုင်ရတာလဲ။

ဖြေ။ ဥရောပရဲ့ ပြဿနာလေ။ ကျွန်တော်တို့က ဥရောပအတွက် ဘာဖြစ်လို့ ငွေပေးရမှာတုန်း။

မေး။ လစ်ဗျား-အမေရိကန် ဆက်ဆံရေး အခြေအနေကရော။

ဖြေ။ ကောင်းတယ်။

မေး။ သမ္မတအိုဘားမားကိုရော ဘယ်လိုမြင်လဲ။ အာရပ်တော်တော်များများကတော့ အိုဘားမားရဲ့ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ မူဝါဒတွေ အလုပ်မဖြစ်ပါဘူးလို့ ပြောနေတယ်။

ဖြေ။ မအောင်မြင်ဘူးလို့ ကျွန်တော်တို့  ပြောမယ်ဆိုရင် အဲဒါဟာ အိုဘားမားရဲ့ မအောင်မြင်မှု မဟုတ်ဘူးဗျ။ အိုဘားမား အခုချိန်ထိ အမှားမလုပ်သေးဘူး။ အမေရိကန် ကျန်းမာရေးပြုပြင် ပြောင်းလဲရေးကိစ္စဆိုရင် အိုဘားမား အရမ်းကို အောင်မြင်ထားတယ်။ အိုဘားမားက အီရတ်နဲ့ အာဖဂန်နစ္စတန်က အမေရိကန်တပ်တွေကို ဆွဲထုတ်ဖို့ ကြိုးစားနေတယ်။ ပြီးတော့ မဟာဗျူဟာ လက်နက်ကြီးတွေနဲ့ ပတ်သက်လို့ ဆန့်ကျင်မှုတွေ လုပ်နေတယ်။

မေး။ အီရန်နဲ့ပတ်သက်ပြီး အိုဘားမား ဘာလုပ်သင့်တယ်လို့ လူကြီးမင်းအကြံပေးချင်ပါသလဲ။

ဖြေ။ အီရန်ပြဿနာနဲ့ ပတ်သက်လို့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ သူချဉ်းကပ်နေတယ်။ ဒီပလိုမေစီကို သုံးနေတယ်။ တိုက်မယ်၊ ခိုက်မယ်လို့ တစ်ခွန်းမှ မဟသေးဘူး။

မေး။ အီရန်သမ္မတ ဒီနေဂျက်နဲ့ပတ်သက်လို့ရော လူကြီးမင်းရဲ့ အမြင်က ဘယ်လိုလဲ။

ဖြေ။ အာမက်ဒီနေဂျက်ဟာ ပူးပေါင်းဆောင်ရွက်ချင်စိတ်ရှိတယ်။ တော်လှန်ရေးစိတ်ဓာတ် ရှိတယ်။ ရန်လိုတဲ့စိတ် မရှိဘူး။ သူလုပ်တာမှန်တယ်လို့ ယုံကြည်တတ်တယ်။ အနောက်အုပ်စုဟာ အစ္စရေးနဲ့ ပတ်သက်လာရင် ဘာဖြစ်လို့များ သေချာဆန်းစစ် သုံးသပ်တာမျိုး မလုပ်ရတာလဲ။ ဆီးရီးယား၊ အီရန်၊ အီရတ်တို့ အပေါ်မှာပဲ ဘာဖြစ်လို့ပိုပြီး အာရုံကျနေကြတာလဲ။ အစ္စရေးမှာ နျူကလီးယားလက်နက်တွေ ရှိနေတယ်ဆိုတာကို သိပါရက်နဲ့ ဘာဖြစ်လို့ စကားထဲ ထည့်မပြောကြတာလဲ။ အိုဘားမားအနေနဲ့ အီရန်ကိစ္စ အောင်မြင်ချင်တယ်ဆိုရင် အစ္စရေးတွေကို နိုင်အောင်ထိန်းပြတာမျိုး၊ အစ္စရေးရဲ့ နျူကလီးယားလက်နက်တွေ ဖျက်သိမ်းပစ်တာမျိုး စလုပ်သင့်တယ်။ ဒါဆိုရင် အီရန်ကိုတင်မက အရှေ့အလယ်ပိုင်းပြဿနာ တစ်ခုလုံးနဲ့ ပတ်သက်လို့ သူအောင်မြင်မှာပဲ။

မေး။ အာမက်ဒီနေဂျက်က အစ္စရေးကို ကမ္ဘာ့မြေပုံပေါ်က ဖယ်ထုတ်ပစ်မယ်လို့ ပြောထားဖူးတယ်။

ဖြေ။ အာမက်ဒီနေဂျက်က အစ္စရေးကို ချေမှုန်းဖျက်ဆီးပစ်ရမယ်ဆိုတဲ့ သဘောမဟုတ်ဘူးလို့ ကျွန်တော် ယူဆတယ်။ လက်ရှိ အစ္စရေး တည်ရှိနေတဲ့နေရာမှာ ဒီမိုကရက်တစ် နိုင်ငံတော်တစ်ခုနဲ့ အစားထိုးရမယ်လို့ သူတွေးတာပဲဖြစ်မယ်။ အစ္စရေး-ပါလက်စတိုင်း နိုင်ငံတော်ဆိုတာမျိုး။ အစ္စရေးတွေကို ပင်လယ်ထဲ လွှင့်ပစ်ရမယ်လို့တော့ ပြောနေတဲ့လူ မရှိပါဘူး။

မေး။ လူကြီးမင်းထုတ်တဲ့ ဟောကိန်းတွေဟာ လက်တွေ့ဖြစ်လာတာ များတယ်။ ဂျာမနီနှစ်နိုင်ငံရှိတုန်းက ဂျာမနီတစ်နိုင်ငံတည်း ပြန်ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းချက်ပေးခဲ့ဖူးတယ်။ အစ္စလာမ်နိုင်ငံတွေပိုင်တဲ့ နျူကလီးယားဗုံးတစ်လုံးဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူးလို့ ဟောကိန်းထုတ်ထားတာလည်း ရှိတယ်။ ဘာဖြစ်လို့များ ခန့်မှန်းချက်တွေ ခိုင်ခိုင်မာမာ ထုတ်နိုင်ရတာလဲ။

ဖြေ။ အချက်အလက်တွေ၊ ကျိုးကြောင်းဆက်စပ်မှုတွေကို စုစည်းပြီး စဉ်းစားသုံးသပ်တာမျိုး ကျွန်တော်လုပ်တယ်။ နှစ်နဲ့နှစ်ပေါင်းရင် လေးပဲရလာမှာ။ တခြားအဖြေ မရှိဘူးဗျ။

မေး။ လူကြီးမင်း သတင်းအချက်အလက်တွေ ဘယ်ကရလဲ။ တီဗီကြည့်လား။ စာဖတ်လား။

ဖြေ။ အင်တာနက်ကရတဲ့သတင်း ပိုများတယ်။ ကျွန်တော်က ကွန်ပျူတာ ပုံမှန်သုံးတယ်။ ကျွန်တော် အာရပ်လိုပဲ ဖတ်တတ်တယ်။ ဒါပေမယ့် အခုတော့ အင်္ဂလိပ်စာတွေကို ချက်ချင်းဘာသာပြန်နိုင်သရွေ့ ပြန်နိုင်အောင် ကြိုးစားနေတယ်။

မေး။ အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်ပြီး ဟောကိန်းတစ်ခုလောက် ထုတ်ပေးနိုင်မလား။

ဖြေ။ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတွေကြားမှာ သာတူညီမျှမှု ထပ်တူရှိနေတဲ့ ဒီမိုကရက်တစ် နိုင်ငံတစ်ခု မထူထောင်ရင်၊ အစ္စရေးက နျူကလီးယားပစ္စည်းတွေ မဖျက်သိမ်းပေးရင် စစ်ပွဲတွေ ပဋိပက္ခတွေ ဆက်ဖြစ်နေဦးမှာပဲ။ အစ္စရေး အရှုံးသမား ဖြစ်လိမ့်မယ်။

No comments:

Post a Comment

 
Web Statistics