Monday, June 14, 2010

ဟိုအကြောင်း ဒီအကြောင်း မြန်မာသတင်းများ


(၁)
နိုင်ငံခြားငွေရရှိသော ပြည်တွင်းစီးပွားရေးနှင့် ၀န်ဆောင်မှုလုပ်ငန်းများ၏ ၀င်ငွေအားလုံးကို ပို့ကုန်ရငွေအဖြစ် သတ်မှတ်ပေးခဲ့ပြီဖြစ်ရာ အဆိုပါငွေအား သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လွတ်လပ်စွာလွှဲပြောင်းခွင့်နှင့် သွင်းကုန်တင်သွင်းခွင့်များ ခွင့်ပြုလိုက်သည်ဟု သိရသည်။

ပို့ကုန်ရငွေအဖြစ်သတ်မှတ်၍ နိုင်ငံခြားငွေစာရင်း လွှဲပြောင်းခွင့်ပြုသော လုပ်ငန်းများတွင် စီးပွားရေးနှင့် ၀န်ဆောင်မှုလုပ်ငန်းများသာမက လက်မှုပစ္စည်း၊ အနုပညာပစ္စည်းများ ရောင်းချရာမှ ရရှိလာသော နိုင်ငံခြားငွေများ၊ အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ ငှားရမ်းရာမှ ရရှိသော နိုင်ငံခြားငွေများနှင့် လုပ်ခလစာငွေကို နိုင်ငံခြားငွေဖြင့် ရရှိသူများ၏ ၀င်ငွေများကိုပါ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ပြု၍ အခြားနိုင်ငံခြားငွေစာရင်းများသို့ လွတ်လပ်စွာ လွှဲပြောင်းခွင့်ပြုမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၏ မေလ ၃၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်များအရ သိရှိရသည်။

နိုင်ငံခြားကုမ္ပဏီတွေ၊ INGO တွေနဲ့ သံရုံးတွေမှာက လစာကို FEC နဲ့ပေးတာ။ ၀င်ငွေကို ၁၀ ရာခိုင်နှုန်း အခွန်ဆောင်လိုက်တာနဲ့ ပို့ကုန်ရငွေဖြစ်သွားပြီး လိုအပ်သလို လွှဲပြောင်းနိုင်သလို ကိုယ်တိုင်လည်း ကုန်ပစ္စည်းတင်သွင်းခွင့် ရမှာပါ။ တွက်ခြေကိုက်မယ်ဆိုရင် အခွန်ဆောင်ပြီး သွင်းကြမှာပါဟု ဘဏ်လုပ်ငန်းပညာရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေသုံးစွဲမှုနှင့် ပတ်သက်၍ အမေရိကန်ဒေါ်လာ၊ ပို့ကုန်ရငွေ (Earning)၊ FEC နှင့် D-transfer ဟု လေးမျိုးရှိနေရာမှ ယခုကဲ့သို့ ပို့ကုန်ရငွေမူဝါဒ ဖြေလျှော့လိုက်သည့်အတွက် D-transfer ဟုခေါ်သည့် ငွေကြေးမှာ နိဂုံးအဆုံးသတ်သွားကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

(၂)
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီး လေးဦးဖြစ်သည့် ထူးကုမ္ပဏီမှ ဦးတေဇ၊ မက်စ်မြန်မာကုမ္ပဏီမှ ဦးဇော်ဇော်၊ IGE ကုမ္ပဏီမှ ဦးနေအောင်၊ ဧဒင်အုပ်စုကုမ္ပဏီမှ ဦးချစ်ခိုင်တို့က ပုဂ္ဂလိကဘဏ်များဖွင့်လှစ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လျှောက်ထားခဲ့ရာ ယခုအခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင် ခွင့်ပြုမိန့် ချထားပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

(၃)
နိုင်ငံခြားသုံးငွေ (ဒေါ်လာ)အစား ပြည်တွင်း၌ တရားဝင် ကိုင်ဆောင်သုံးစွဲခွင့်ပြုထားသော နိုင်ငံခြားငွေ လဲလှယ်မှုလက်မှတ် FEC ဖြင့် ပြည်ပနိုင်ငံများသို့ ငွေလွှဲခြင်း၊ သွင်းကုန်လုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေစာရင်းများသို့ လွှဲပြောင်းခြင်းတို့ကို ဆောင်ရွက်ခွင့်ရရရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောကြားသည်။

ရန်ကုန် MICB၊ MFTB ကနေ FEC တစ်သောင်းသွင်းလိုက်ရင် စင်ကာပူကဘဏ်မှာ အမေရိကန်ဒေါ်လာတစ်သောင်း ပြန်ထုတ်နိုင်မှာပါ။ FEC ရဲ့ Role ကို ဆွဲမြှင့်လိုက်တာပါဟု ဘဏ်လုပ်ငန်းပညာရှင် ဦးဝင့်ကျော်က သုံးသပ်သည်။

ဇွန်လ ၁၀ ရက်နေ့တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သော ပို့ကုန်ရငွေ၏ ဈေးနှုန်းမှာ ၁၀၃၀ ကျပ်၊ အမေရိကန်တစ်ဒေါ်လာ၏ ပေါက်ဈေးမှာ ၉၇၅ ကျပ်နှင့် FEC ၏ ပေါက်ဈေးမှာ ၉၇၀ ကျပ်သာဖြစ်ကြောင်း သိရှိရသည်။

(၄)
မြန်မာနိုင်ငံတွင် အဓိကစားသုံးနေသော စာသုံးဆီများအနက် တစ်ခုဖြစ်သည့် ပဲဆီဈေးနှုန်းသည် ဇွန်လ ပထမပတ်အတွင်း တစ်ပိဿာ ၄၂၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပဲဆီဈေးနှုန်းမြင့်တက်လာခြင်းသည် မြေပဲရာသီ ကုန်လွန်လာခြင်းနှင့် မြေပဲဆီကြိတ်သည့် စက်ရုံများ လျှပ်စစ်မီးမရ၍ မီးစက်များဖြင့် လည်ပတ်ရခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။

ဇွန်လပထမပတ်အတွင်း စားအုန်းဆီတစ်ပိဿာလျှင် ၁၉၅၀ ကျပ်
ပုံးဆီ ၁၀ ပိဿာဝင် တစ်ပုံးလျှင် ၂၀၅၀၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရှိရသည်။

(၅)
မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ A-1 နှင့် A-3 လုပ်ကွက်ကြီးနှစ်ခုမှ ထွက်ရှိလာမည့် ရေနံနှင့်ဓာတ်ငွေ့များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နှစ် ၃၀ ကြာ တင်ပို့မည့် ရေနံပိုက်လိုင်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းတို့ကို ဇွန်လ ၃ ရက်နေ့မှ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် CNPC စွမ်းအင်ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ-တရုတ်ရေနံပိုက်လိုင်းသည် အရှည် ၇၇၁ ကီလိုမီတာ (၄၉၇ မိုင်)၊ ဓာတ်ငွေ့ပိုက်လိုင်းသည် အရှည် ၇၉၃ ကီလိုမီတာ ရှိမည်ဖြစ်ကြောင်း ပိုက်လိုင်းစီမံကိန်း နှစ်ခုလုံးသည် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တွင် အစပြု၍ တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် ကူမင်းမြို့သို့ ၀င်ရောက်မည်ဖြစ်ကြောင်း၊ ရေနံပိုက်လိုင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀၊ ဓာတ်ငွေ့ပိုက်လိုင်းအတွက် ဒေါ်လာသန်း ၁၀၄၀၊ စုစုပေါင်းဒေါ်လာ သန်း ၂၅၄၀ ကုန်ကျမည်ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်မှ စတင်၍ ပိုက်လိုင်းနှစ်ခုမှ စွမ်းအင်များကို တရုတ်နိုင်ငံသို့ တင်သွင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် ဓာတ်ငွေ့သယံဇာတ ၂ ဒသမ ၅၄ ထရီလီယံ ကုဗမီတာနှင့် ရေနံသယံဇာတ စည်ပေါင်း ၃ ဒသမ ၂ ဘီလီယံ ကိန်းအောင်းတည်ရှိနေကြောင်း နိုင်ငံတကာ စွမ်းအင်တိုင်းတာရေး အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

Source:
The VOICE Weekly, Vol-6, No-30, Monday, June 14 - 20, 2010

No comments:

Post a Comment

 
Web Statistics