မှတ်စု (၂၆)
မေး။ "ဆရာကြီးခင်ဗျား၊ လောကမှာ အခက်ခဲဆုံးပညာဟာ ဘာပါလဲ"
ဖြေ။ "မိမိကိုယ်မိမိ သိနားလည်ခြင်း ဖြစ်သည်"
မေး။ "လောကမှာ အလွယ်ဆုံးပညာက ဘယ်လိုပညာမျိုးပါလဲ"
ဖြေ။ "သြ၀ါဒပေးခြင်း ဖြစ်ပါသည်"
[ရှေးဂရိခေတ်က ဆိုဖီဆရာကြီးတစ်ဦးရဲ့ အဖြေလို့ မှတ်ထားတာ တွေ့ရပါတယ်။ ဘယ်စာအုပ်ကလဲဆိုတာတော့ မရေးထားဘူး၊ ဒါပေမယ့် "ဖန်တွတွ" မှလို့တော့ ရေးထားတယ်။ နောက်ပြီး စာ-၁၀၁၊ ပိုဒ်-၄ ဆိုတာကလည်း ပါသေးတယ်။ ဟားဟားဟား၊ ဘယ်စာအုပ်က စာမျက်နှာ-၁၀၁ ကို လိုက်ရှာရမှန်းတောင် မသိတော့ဘူး။ ရှေ့ကမှတ်ထားတာတွေကို ဖတ်ပြီး တွေးကြည့်ရသလောက်ကတော့ ဆရာနန္ဒာသိန်းဇံ၊ သို့မဟုတ် ဆရာမကြီး ဒေါက်တာမတင်ဝင်းရဲ့ စာအုပ်တစ်ခုခု ဖြစ်မယ်ထင်ပါတယ်။ ထားပါတော့ဗျာ။ အပေါ်က အမေးအဖြေလေး (၄)ကြောင်းကို အတော်လေးကို သဘောကျနေမိတယ်။ ကိုယ့်ကိုယ်ကိုယ် သိနားလည်ဖို့ဟာ အခက်ခဲဆုံးပညာ ဖြစ်တယ်လို့ ဆိုထားတယ်။ အချို့သော မျက်လုံးပိတ်နေသူတွေကတော့ အဲဒီစကားကို လက်ခံချင်ကြမယ် မထင်ဘူးဗျ။ ကိုယ့်အကြောင်းကိုယ် သိတာပေါ့၊ နားလည်တာပေါ့လို့ ထင်တတ်ကြတယ်။ အဲဒီတော့ သူတို့တွေနဲ့အပြိုင် ငြင်းခုန်မနေချင်တော့ပါဘူး။ ဒုတိယအမေးအဖြေလေးကို ဖတ်လိုက်ရတဲ့ အချိန်မှာတော့ ရှင်းစရာတောင် လိုအံ့မထင်တော့ပါဘူး။ သြ၀ါဒပေးတာဟာ အလွယ်ဆုံးပညာပါတဲ့။ အဲဒါကိုတော့ ဘယ်သူကမှ သံသယဖြစ်ကြမယ် မထင်ပါဘူး။ ပြောလို့ပြောတာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ လူသားတွေကလည်း သြ၀ါဒပေးတာကို အင်မတန်မှကို သဘောကျကြတဲ့ သတ္တ၀ါတွေကိုးဗျ။ ကိုယ်တိုင်သာ နေချင်သလိုနေမယ်၊ လုပ်ချင်သလိုလုပ်မယ်၊ သူများကို သြ၀ါဒပေးရမယ်ဆိုရင်တော့ ရွှန်းရွှန်းကိုဝေနေအောင် ပြောတတ်ကြတယ်ဗျို့။ သူပြောနေတဲ့စကားနဲ့ သူစရိုက်ကို ဘယ်လိုမှကို ကပ်ကြည့်လို့ မရဘူး။ ကြုံတိုင်းမို့ တဆက်တည်း ပြောလိုက်ချင်ပါသေးတယ်။ ကျွန်တော့်ကို သြ၀ါဒတွေ ပေးတတ်သောသူများခင်ဗျား၊ မှတ်စုစာအုပ်ထဲမှာ မှတ်သားထားမိတာတွေကို အခြားသူတွေလည်း ဖတ်ပါစေတော့ဟု ပြန်လည်ဝေငှခြင်းသာ ဖြစ်ပါသည်ခင်ဗျား။ မင်းက ငါ့ကိုမိတ္တူပေးတာလား၊ မင်းက ငါ့ကို ဒဲ့(တည့်)အရှက်ခွဲတာလား၊ ငါ့ကိုစောင်းပြောတာလားဟု မေးလာကြမည်ကို ကြိုတင်သိနေသောကြောင့် ဖြစ်ပါသည်။ ကျွန်တော်ကတော့ သြ၀ါဒများကို သဘောကျပါသည်။ ကာတွန်းကားကြည့်ရသလို ရယ်ရသောကြောင့် ဖြစ်ပါသည်။]
မှတ်စု (၂၇)
"လောကတွင် ရှင်သန်ခြင်းမှလွဲ၍ အဓိပ္ပါယ်ရှိသော အရာဟူ၍ မရှိ။ အသက်ရှင်ခြင်းသာလျှင် အဓိပ္ပါယ်ရှိသည်။ သေဆုံးလျှင် အရာရာသည် ပြီးဆုံးသွားခြင်းသာ ဖြစ်မည်....."
[ဘယ်ကနေ ရေးမှတ်ထားတယ်ဆိုတာ အထောက်အထား မတွေ့ရဘူး။ ရှိပါစေတော့။ အဲဒီတုန်းကမသိတဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကို အခုသိနေတာပဲ အမြတ်မဟုတ်လား။ အပေါ်ကစကားလေးကို ဆက်ရအောင်ပါ။ အသက်ရှင်နေတယ်ဆိုတာ ဘ၀ရဲ့အဓိပ္ပါယ်ပါလို့ အတိအလင်း ဆိုထားတာကို တွေ့ရပါလိမ့်မယ်။ လူတစ်ယောက်ဟာ အသက်ရှင်နေသရွေ့ သူလုပ်ချင်တာမှန်သမျှကို ကြိုးစားခွင့်၊ လုပ်ခွင့်ရှိနေပါတယ်။ ဖြစ်တာ၊ မဖြစ်တာဟာ အခြေအနေ၊ အချိန်အခါပေါ်မှာ မူတည်နေတယ်ဆိုပေမယ့် အသက်ရှင်နေသရွေ့ ဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့တော့ ကြိုးစားခွင့် ရှိနေသေးတာပါပဲ။ အဲဒါကိုကလည်း ဘ၀ဖြစ်မယ်ထင်ပါတယ်။ အဲဒီလိုတွေးမိတဲ့အခါ အသက်ရှင်နေပေမယ့်လည်း ဘ၀သေနေသူတွေ ဘာကြောင့်ရှိနေသလဲလို့ စဉ်းစားရပြန်ပါရော။ သူတစ်ပါးကြောင့် ဘ၀သေနေရသူတွေ ရှိတယ်၊ ကိုယ့်ဘာသာကိုယ် ဘ၀ကို သတ်ထားတဲ့လူတွေ ရှိတယ်။ မျိုးစုံပါပဲ။ အသက်ရှုတဲ့အလုပ်တစ်ခုကလွဲရင် အဲဒီလိုလူတွေမှာ ရှင်သန်ခြင်းဆိုတဲ့အရာ ဘာများရှိပါလိမ့်လို့ တွေးနေမိဖူးတယ်။ အသက်ရှင်လျက်နဲ့ အရာရာပြီးဆုံးနေတဲ့ သူတို့ကိုတွေ့တိုင်း ကျွန်တော်အရမ်းမုန်းတယ်။ အသက်ရှူနေတဲ့ လူသေကောင်တွေလို့ ကျွန်တော်က နာမည်ပေးထားတယ်။]
မှတ်စု (၂၈)
ကျူးဘားသမ္မတဟောင်း ဖီဒယ်ကက်(စ)ထရို မီခဲ့တဲ့ အမေရိကန်သမ္မတများဆိုတဲ့ မှတ်စုလေးကိုဖတ်မိတဲ့အခါ ကျွန်တော်ကိုဉာဏ် တွေးနေမိပြန်ပါတယ်။ ကျန်းမာရေးအခြေအနေအရသာ သူ့ညီကို အာဏာလွှဲပေးလိုက်ရပေမယ့် အခုအချိန်အထိ စိတ်ဓာတ်မာနေဆဲ ကက်(စ)ထရိုဟာ ကမ္ဘာ့နိုင်ငံအသီးသီးက လူတွေအတွက် ထူးခြားတဲ့ ပြောစရာဇာတ်ကောင်တစ်ခု ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ကို အမြဲတစေ ဆန့်ကျင်အာခံခဲ့တဲ့ သူ့လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ စာအုပ်စာပေတွေမှာ ဖတ်ရတာတွေအရတော့ အမေရိကန်တွေကလည်း ကက်(စ)ထရိုကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ ကဲ.. ကျူးဘားခေါင်းဆောင်ဟောင်း ကက်(စ)ထရို မီခဲ့တဲ့ အမေရိကန်သမ္မတတွေကို ကြည့်ရအောင်ပါ။
- အိုက်ဆင်ဟောင်ဝါ
- ကနေဒီ
- ဂျွန်ဆင်
- နစ်ဆင်
- ဂျရယ်ဖို့(ဒ်)
- ဂျင်မီကာတာ
- ရော်နယ်(လ်)ရီဂင်
- ဂျော့(ခ်ျ)ဘု(ရှ်)
- ဘီ(လ်)ကလင်တန်
- ဂျော့(ခ်ျ)ဒဗလျူဘု(ရှ်)
မှတ်စု (၂၉)
တောပင်ကို တော်တော်ခုတ်ကြပါ့
တောပြုတ်လိမ့် နောက်နောင်၊
တောပြုတ်လို့ တောပြောင်ရင်၊
မိုးခေါင်တော့မှာပဲ၊
မိုးခေါင်လို့ ရေမကြွယ်ရင်၊
သဲပင်လယ် ဖြစ်လိမ့်မလွဲ....။
[၁၄-၃-၂၀၀၆ ရက်နေ့ထုတ် ဖတ်စရာဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်ပါ။ ဆရာဇော်ဂျီဟာ ကဗျာဘုရားလို့ ဆိုရလောက်အောင် ကဗျာနဲ့ပတ်သက်ရင် တစ်ဖက်ကမ်းခပ်သူပါ။ ခေတ်ရှေ့ကို ကြိုတွေးနိုင်၊ ကြိုမြင်နိုင်တဲ့ အရည်အချင်းမှာလည်း အံ့သြစရာကောင်းလောက်အောင် ထက်မြက်လှသူပါ။ သူ့ကဗျာတွေဟာ ဒီနေ့အထိ အဓိပ္ပါယ်ပြည့်ဝနေသေးတာ၊ ခံစားလို့ရနေသေးတာဟာ အထင်ရှားဆုံးဥပမာပါပဲ။ အပေါ်က ကဗျာကိုပဲ ကြည့်ပါဦး။ ဒီနေ့ခေတ် ကဗျာဆရာတွေရဲ့ ဘယ်ကဗျာကများ နောင်နှစ်ပေါင်း (၁၀၀)လောက် ကြာတဲ့အချိန်မှာ အခုလိုမျိုး မှန်လိုက်တာ၊ ဟုတ်လိုက်တာဆိုပြီး တသသဖြစ်စေမလဲဆိုတာကို စိတ်ဝင်စားစရာ ကောင်းလိုက်ပါဘိဗျာ။ ဖြစ်နိုင်ရင်လေ... နောက်ထပ် အနှစ်(၁၀၀)လောက် အသက်ရှင်လိုက်ချင်ပါသေးတယ်။ ဆရာဇော်ဂျီ ပြောခဲ့သမျှတွေကတော့ မှန်နေပါပြီ။ သဲပင်လယ်တွေ ဖြစ်တဲ့အထိတော့ မဆိုးသေးဘူးလို့ ကျွန်တော်ထင်တာပါပဲ။ ဒါဆိုရင် ဘာလုပ်ကြမလဲ။ ဆရာဇော်ဂျီရဲ့ကဗျာကို ပြောင်းပြန်ပြန်ကောက်ပြီး ကုစားကြရင်ရော???]
မှတ်စု (၃၀)
တစ်နာရီပျော်ချင်ရင် တစ်ရေးအိပ်
တစ်ရက်ပျော်ချင်ရင် ငါးဖမ်းထွက်
တစ်လပျော်ချင်ရင် အိမ်ထောင်ပြု
တစ်နှစ်ပျော်ချင်ရင် အမွေတောင်း
တစ်သက်လုံးပျော်ချင်ရင်တော့ တစ်ပါးသူကို ကူညီပါ။
[၁၄-၃-၂၀၀၆ ရက်နေ့ထုတ် ဖတ်စရာဂျာနယ်ကပါပဲ။ ဘယ်သူရေးတဲ့ဟာလဲတော့ မှတ်မထားမိဘူး။ အပေါ်ကစာလေးတွေကို ပြန်ဖတ်ကြည့်စမ်းပါဦး။ နည်းနည်းများ ဆန်းနေသလားလို့။ ကျွန်တော်တို့ ဖတ်ဖူးနေကျ၊ ကြားဖူးနေကျ စကားလုံးတွေမဟုတ်ဘဲ မူတစ်မျိုး ဖြစ်နေသလားလို့ပါ။ ကိုယ်သန်ရာသန်ရာကို ယူကြတာဖြစ်တဲ့အတွက် နားလည်ရပါတယ်။ ဒါပေမယ့် တစ်လပျော်ချင်ရင် အိမ်ထောင်ပြု ဆိုတာကတော့ ဘုံအနေနဲ့ ပါနေတာကို တွေ့ရပါတယ်။ စဉ်းစားမိတာက အိမ်ထောင်ပြုခြင်းဟာ တစ်လပဲ ပျော်စေသလားဆိုတာကိုပါ။ အဲဒီလိုဆိုတော့ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာ (၂၅)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့တို့၊ နှစ်(၄၀)ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့တို့ ကြော်ငြာတွေကို ဖတ်ရတာဟာ လိမ်နေတာတွေလား၊ တကယ်ပဲ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်တစ်ခုကို ဖြတ်သန်းနေကြတာလား ဆိုတာကို ဒွိဟပွားမိပြန်ရော။ ကျွန်တော်အကြိုက်ဆုံးကတော့ တစ်သက်လုံးပျော်ချင်ရင် တစ်ပါးသူကို ကူညီပါဆိုတဲ့ စကားလေးကိုပါပဲ။ စာဖတ်သူကိုယ်တိုင်သာ တွေးကြည့်စေချင်ပါတယ်။]
ဆက်ကြသေးတာပေါ့။ အခုတော့ နားပါဦးမည်။ ပျော်ရွှင်ကြပါစေ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်၊ အင်္ဂါနေ့။
ည ၉ နာရီ ၁၃ မိနစ်တွင်ပြီး၏။
No comments:
Post a Comment