Thursday, July 29, 2010

ထလော့မြန်မာ... အို... မြန်မာတို့ - ကိုကိုလှိုင်


kokohlaing.jpg
ဆရာဇော်ဂျီ၏ ကဗျာခေါင်းစဉ်ကို နှစ်သက်လွန်းလှသဖြင့် ထိပ်စည်းတင်၍ သုံးစွဲခွင့်ပြုစေချင်ပါသည်။ ကိုယ့်နိုင်ငံနှင့် ဆက်စပ်နေသော သတင်းများကို ကြားရသိရ စဉ်းစားမိရာမှ ဆရာကြီး၏ ကဗျာကို ပြေး၍ပြေး၍ သတိရနေမိခြင်း ဖြစ်ပါ၏။

ပထမဆုံး သတိထားမိသည့် သတင်းမှာ ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ "ဂဒီး ဂဒီး" လာနေကြခြင်း ဖြစ်ပါ၏။ ဗီယက်နမ်ကုန်စည်ပြပွဲ ပြုလုပ်ခြင်း၊ ဗီယက်နမ်လေကြောင်းက မြန်မာနိုင်ငံသို့ တိုးချဲ့ပြေးဆွဲခြင်း၊ ဗီယက်နမ်လုပ်ငန်းရှင်များက မြန်မာ့အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေခြင်း စသည့် သတင်းများကို သတင်းစာဂျာနယ်များ၌ တွေ့နေရသည်။

ဗီယက်နမ်တို့ ခြေသွက်လှချေဘိတကားဟု စကားဦးမသန်းလိုပါ။ အဘယ်ကြောင့်ဆိုသော် ဗီယက်နမ်တို့ မြန်မာနိုင်ငံသို့ ခေါင်းပြူလာသည်မှာ နောက်ပင် ကျေနေသေးတော့ဟု ဆိုနိုင်သောကြောင့် ဖြစ်ပါ၏။ စင်စစ်၌ ဗီယက်နမ်တို့သည် မြန်မာကိုကျော်၍ တောင်အာရှနယ်စပ်မှ ဘင်္ဂလာဒေ့ရှ်သို့ပင် တိုးဝင်နေသည်မှာ လွန်ခဲ့သော နှစ်များကပင် ဖြစ်ပါ၏။

၂၀၀၈ ခုနှစ်ကုန်ပိုင်းက ဒါကာကုန်သည်ကြီးများအသင်း ရွှေရတု စီးပွားရေးဖိုရမ်သို့ ဗီယက်နမ်မှ စီးပွားရေးမစ်ရှင် အဖွဲ့တစ်ဖွဲ့ အုံလိုက်ကျင်းလိုက် ချီတက်လာသည်ကို တွေ့ရပါ၏။ အစိုးရဌာနမှ အရာရှိများလည်းပါသည်။ လုပ်ငန်းရှင်အသင်းအဖွဲ့ ကိုယ်စားလှယ်များလည်း ပါသည်။ အင်္ဂလိပ်စကား လည်လည်ပတ်ပတ် ပြောတတ်သူ များများစားစားမပါ။ ဗီယက်နမ်သံရုံးမှ စကားပြန် အကူအညီဖြင့် ပြောကြရသည်။ သို့သော် မူလအစီအစဉ် မပါသည့်တိုင်အောင် ဗီယက်နမ်အဖွဲ့က ရှင်းလင်းပွဲကလေးတစ်ခု လုပ်ပါရစေဟု မေတ္တာရပ်ခံသဖြင့် အိမ်ရှင်တို့က စီစဉ်ပေးသည်။ အသင့်ပါလာသော စီဒီချပ်များနှင့် လက်ဆောင်တိုထွာများကိုပေး၍ ဗီယက်နမ်စီးပွားရေး အခွင့်အလမ်းများကို ဆလိုက်ဖြင့်ရှင်းပြသည်။ ဘင်္ဂလာဒေ့ရှ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို မေးမြန်းဆွေးနွေးသည်။ ဘင်္ဂလားဒေ့ရှ်၏ ပေါများဈေးချိုသော လုပ်အားတို့ကို သဘောကျကာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိလာသည်။ ဗီယက်နမ်ကုန်စည်ပြပွဲများ လာရောက်ပြုလုပ်လိုကြောင်း ဆွေးနွေးသည်။

ထိုကာလမှ တစ်နှစ်ကျော်ကြာမှ မြန်မာနိုင်ငံသို့ ဗီယက်နမ်တို့ ရောက်လာကြခြင်းဖြစ်ရာ စောလှသည်ဟုတော့ မဆိုနိုင်ပါ။ သို့သော် အချိန်ကောင်း မီသည်ဟုတော့ ဆိုနိုင်ပါသည်။ ယခုအချိန်တွင် မြန်မာဈေးကွက်သည် (မီခေးရှိုလိုကော့ဗ်၏ ၀တ္ထုအမည်ကိုယူ၍ ပြောရလျှင်) အပျိုစင်မြေသား (Virgin Socil) ဖြစ်သည်။ (ဆရာကျော်အောင်ကတော့ "တောရိုင်းမြေ" ဟု ဘာသာပြန်သည်။) ဆိုလိုသည်မှာ အလျင်ဦးသူက အကျိုးရှိမည့် အနေအထားဖြစ်သည်။

ဗီယက်နမ်တို့က ဤအနေအထားကို သိသည်။ သူတို့မှာ ကမ္ဘာ့ဈေးကွက် အဆက်အသွယ်တွေ အများကြီးရှိသည်။ မြန်မာနိုင်ငံက အဖိုးတန်ကုန်ကြမ်းများကို သူတို့ဆီမှာ ပြုပြင်၍ ကမ္ဘာ့ဈေးကွက်သို့ ဗီယက်နမ်တံဆိပ်တပ်ကာ အလွယ်တကူ တင်ပို့နိုင်သည်။ သူတို့ဆီကိုလာသည့် ကမ္ဘာလှည့်ခရီးသွား (အထူးသဖြင့် တရုတ်၊ ဂျပန်၊ ကိုရီးယား) များကို ဘန်ကောက်ကိုကျော်၍ မြန်မာနိုင်ငံသို့ တိုက်ရိုက်ပို့ပေးနိုင်သည်။ ဤသို့ဖြင့် နိုင်ငံရေးမတည်ငြိမ်၍ ဘန်ကောက်လေဆိပ်၌ ပိတ်မိမည်မစိုးရဘဲ ဗီယက်နမ်မှ ရန်ကုန်သို့ ရောက်လာနိုင်သည်။ ဗီယက်နမ်လေကြောင်းလည်း အလုပ်ဖြစ်မည်။ မြန်မာ့အိမ်ရာဈေးကွက်တွင် စောစောစီးစီး ရင်းနှီးမြှုပ်နှံထားခြင်းဖြင့် မြန်မာ့စီးပွားရေးတွင် ပြည်ပမှ ရင်းနှီးသူများ အုပ်လိုက်ဝင်လာသည့်အခါ ရုံးခန်းနေရာ၊ စက်ရုံနေရာ၊ အိမ်ခြံမြေနေရာတို့ကို ဈေးတင်ပြန်ရောင်းကာ အမြတ်ကြီးကြီး ရနိုင်မည်။

သေချာသည်ကတော့ သူတို့ စီးပွားရေးလုပ်တတ်သွားပြီဟူသော အချက်ပင်ဖြစ်၏။ ၁၉၉၀ ပြည့်လွန်နှစ်များအထိ စီမံကိန်းစီးပွားရေးစနစ်နှင့် လုံးချာလိုက်နေခဲ့သော ကွန်မြူနစ်ဝါဒီများ ကုန်သည်စိတ် အပြည့်ဝင်သွားကြသည်မှာ လျင်မြန်လှသည်။ မကြာမီက ဗီယက်နမ်သို့ သွားရောက်လည်ပတ်၍ ပြန်လာသော ဆရာတစ်ဦးက ဗီယက်နမ်တို့ စီးပွားရေးလုပ်တတ်ပုံ၊ ငွေရှာတတ်ပုံနှင့် လျင်မြန်စွာ စီးပွားရေးဖွံ့ဖြိုးလာပုံကို ချီးမွမ်းခန်းထုတ်သည်။ တစ်ချိန်က မြန်မာနိုင်ငံသို့လာ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို လေ့လာသွားခဲ့ရသည့် ဗီယက်နမ်သည် မြန်မာနိုင်ငံ၌ပင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေပါပြီကော။

"ကျွန်တော်တို့က အချင်းချင်း ရန်ဖြစ်ဖို့ စဉ်းစားနေကြတဲ့အချိန်မှာ သူတို့က ပိုက်ဆံရှာဖို့ စဉ်းစားနေကြတာကိုးဗျာ" ဟု ကျွန်တော် ပြန်ပြောမိသည်။ လူဆိုသ်ညမှာ ကိုယ်ရှာသည်ကို ကိုယ်ရသည်ချည်းသာ ဖြစ်၏။ ပိုက်ဆံရှာလျှင် ပိုက်ဆံရ၏။ ပညာရှာလျှင် ပညာရ၏။ အလုပ်ရှာလျှင် အလုပ်ရ၏။ သက်သာရာရှာ၍ ဖြစ်သလိုနေလျှင် (မကြီးပွားချင်နေ) လူသက်သာ၏။ ရန်ရှာလျှင် ရန်ဖြစ်စရာရ၏။ ပြဿနာရှာလျှင် ပြဿနာရ၏။

မြန်မာတွေ မညံ့ပါ။ တွေ့ဖူးသမျှ နိုင်ငံခြားသားများတိုင်းလိုလိုက မြန်မာတို့၏ ဉာဏ်ရည်နှင့် ကိုယ်ရည်ကိုယ်သွေးကို ချီးမွမ်းကြသည်။ သို့သော် ဤအရည်အသွေး၊ အရည်အချင်းတို့ကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် အသုံးချရန် လိုအပ်နေသေးခြင်းသာ ဖြစ်သည်။ အသုံးပြုခွင့် မရသေး၍လည်း ဖြစ်နိုင်သည်။ တလွဲအသုံးချနေ၍လည်း ဖြစ်နိုင်သည်။ အသုံးချလိုစိတ် မရှိဘဲ အပျင်းထူနေ၍လည်း ဖြစ်နိုင်သည်။ အသုံးပြုရကောင်းမှန်း မသိသေး၍လည်း ဖြစ်နိုင်သည်။

သို့သော် သည်လိုချည်းနေ၍ကား မဖြစ်နိုင်တော့ပါ။ ကိုယ့်နိုင်ငံပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် အရှိန်အဟုန်နှင့် သိမ်းကျုံးကာ အလုပ်လုပ်ရင်း တိုးတက်နေကြသော နိုင်ငံများ ဖြစ်လာနေကြပြီ။ တရုတ်နှင့် အိန္ဒိယတို့ကား ဖွံ့ဖြိုးစ ဧရာမစီးပွားရေး နိုင်ငံကြီးများ ဖြစ်နေလေပြီ။ တရုတ်သည် အမေရိကန်ပြီးလျှင် ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ၊ အမေရိကန်၏ အကြီးဆုံးကြွေးရှင်နိုင်ငံ ဖြစ်နေသည်။ ကမ္ဘာပေါ်၌ စွမ်းအင်အများဆုံး သုံးသည့်နိုင်ငံ ဖြစ်လာသည်။ အိန္ဒိယကား တရုတ်နောက်မှ ထပ်ကြပ်မကွာ ခြေရာနင်း၍ လိုက်နေသည်။ ကွန်ပျူတာအပျော့ထည် နည်းပညာဖြင့် ဖောက်ထွက်နေသည်။ တစ်ချိန်က မြန်မာနိုင်ငံမှ ဇီးထုပ်နှင့် အညာစောင်ကို ၀ယ်သုံးနေခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ပင်လျှင် မြန်မာနိုင်ငံဘက်သို့ အိမ်သုံးဆေး၊ ဓာတ်မြေသြဇာနှင့် ပလတ်စတစ်ပစ္စည်းများ ပြန်သွင်းနေလေပြီ။

ယခုအခါ လမ်းနံဘေးမှ သွားရည်စာရောင်းသည့် မုန့်ဆိုင်တစ်ဆိုင်ကို ၀င်ကြည့်လိုက်လျှင်ပင် ကိုယ့်အနေအထား ကိုယ်သိနိုင်သည်။ ဈေးရောင်းသည့် ဗန်းတစ်ခုလုံး၌ ပြည့်နေသည်က တရုတ်နိုင်ငံမှလာသော ယိုစုံများ၊ ထိုင်းနှင့် မလေးရှားမှလာသော မုန့်ထုပ်များ၊ အပေါ်မော့ကြည့်လိုက်သောအခါ အိန္ဒိယမှလာသော အသင့်စားကွမ်းမှုန့်အထုပ်များ၊ မြန်မာဖြစ်ဟူ၍ တို့ဟူးခြောက်ကြော်နှင့် အာလူးကြော်သာ ရှိသည်။

"ထိုင်နေလို့တော ဘာမှဖြစ်မလာဘူး" ဆိုသောသီချင်းကို သတိရသည်။ ထိုင်နေ၍လည်း ဘာမျှဖြစ်လာမှာ မဟုတ်ပါ။ အိပ်နေပျင်းနေ၍လည်း ဘာမျှဖြစ်လာမည် မဟုတ်ပါ။ အချင်းချင်း နေရာလုကြ၊ အာဏာလုကြ၊ ကုလားထိုင်လုကြ၊ တံဆိပ်လုကြ၊ ရန်ဖြစ်ကြ၊ ကွဲကြပြဲကြ လုပ်နေကြ၍လည်း ဘာမျှဖြစ်လာမည် မဟုတ်ပါ။ အချိန်ဆိုင်းစရာ အချိန်မရှိတော့ပါ။ ကိုယ်ညံ့လျှင် ကိုယ်ပျင်းလျှင် ကိုယ့်နေရာပင် ကျန်မည် မဟုတ်တော့ပါ။

ညီညီညွတ်ညွတ် - တက်တက်ကြွကြွ - အလုပ်လုပ်ကြပါစို့။

"ထလော့မြန်မာ - အို... မြန်မာတို့"

No comments:

Post a Comment

 
Web Statistics