Wednesday, July 28, 2010

အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)


myanmarwords.png

ဇယားကိုက်သည်
မျှတညီညွတ်သည်၊ တွက်ခြေမိသည်။
ဂဏန်းတွက်ချက်ရာ၌လည်းကောင်း၊ စာရင်းရေးမှတ်ရာ၌လည်းကောင်း၊ အ၀င်အထွက် စာရင်းနှစ်ဖက်ဖြစ်စေ၊ စာရင်းတစ်ခုတည်းကို တွက်နည်း တွက်ပုံ နှစ်မျိုးခွဲ၌ဖြစ်စေ တွက်ချက်ရာ၌ တစ်ဖက်အဖြေ ဇယားကွက်နှင့် ကျန်တစ်ဖက် အဖြေဇယားကွက်တို့ ညီညွတ်သည်ကို ဇယားလိုက်သည်ဟု ဆိုသည်။ တင်းတောင်း၊ ဇလားအခြင်အတွယ်ချင်း ကိုက်ညီသည်ကို ဇလား ကိုက်သည်ဟုလည်း ဆိုသည်။ ထိုသဘောကို တင်စား၍ အ၀င်နှင့်အထွက်၊ အရှုံးနှင့်အမြတ်၊ အကျိုးနှင့်အပြစ်၊ အပေးအယူ စသည် တစ်ဖက်နှင့်တစ်ဖက် မပိုလွန်း-မလိုလွန်း ထေမိခြင်း ကိုက်ညီခြင်း စသည်တို့သည် တင်စား၍ သုံးသည်။

ဇာတ်ခေါင်းကွဲသည်
အပေါင်းအဖွဲ့ ကွဲပြားပြတ်တောက်သည်။
ဇာတ်သဘင်အဖွဲ့များသည် ယခင်က လေလုံမိုးလုံရုံကြီးများ မရှိသဖြင့် နွေကာလ၌သာ အရပ်ရပ်သို့ လှည့်လည်ကပြရလေသည်။ မိုးရာသီရောက်လျှင် စုပေါင်းဖွဲ့စည်းထားသော သဘင်သည် အသီးသီးတို့သည် ဇာတ်ကရန် မရှိတော့သဖြင့် မိမိတို့ရပ်ထံသို့ တကွဲတပြားစီ ပြန်ကြရလေသည်။ နောက်နှစ် ဇာတ်တိုက်ချိန်ကျမှ ဇာတ်ဆရာ သို့မဟုတ် ဇာတ်ခေါင်းအိမ်သို့ ပေါင်းဆုံလာရောက် ကြရပြန်သည်။ ဤကဲ့သို့ သဘင်သည်များ တကွဲတပြား ဇာတ်အဖွဲ့အစည်းများ တကွဲတပြား ဇာတိရပ်ထံ ပြန်ကြသည်တွင် ဇာတ်အဖွဲ့အစည်း ပြေကွဲသွားသည်ကို အကြောင်းပြု၍ ဇာတ်ခေါင်းကွဲသည်ဟု ခေါ်ဆိုကြလေသည်။ ထိုသဘောကို တင်စား၍ တစ်ကြိမ်က စုပေါင်းဖွဲ့စပ်ပြီးမှ နောက်တစ်ကြိမ်တွင် ကွဲပြားပြေလွင့်သွားသောအခါ ဇာတ်ခေါင်းကွဲသည် ဆိုကြသည်။

ဇာတ်မျောသည်
မပြီးမပြတ် ရှည်လျားဖင့်ကြာသည်။
ဇာတ်ပွဲကပြရာတွင် နှစ်ပါးသွားပြီး၍ နိပါတ်တော် စသည့်ဇာတ်လမ်းများ ဆက်လက်ကပြရာ၌ နံနက်မိုးလင်းသည်နှင့် တစ်ပါတည်း ဇာတ်လမ်းပြီးဆုံး၍ ဇာတ်ပေါင်းလျှင် သဘင်ဂုဏ်မြောက်သည်ဟု အမှတ်ထားကြသည်။ ဇာတ်လမ်းသည် ဇာတ်ပေါင်းသင့်ချိန်တွင် မပေါင်းနိုင်ဘဲ မဆုံးမပြတ် ကျန်နေလျှင် ကမ်းမတင် သောင်မတင်ဘဲ ရေမျောနေဘိသကဲ့သို့ ဇာတ်မျောသည်ဟု ဆိုသည်။ ဤသဘောကိုစွဲ၍ ပြီးပြတ်ခြင်းမရှိဘဲ ရှည်လျားဖင့်ကြာနေသော အကြောင်းကိစ္စကို တင်စား၍ သုံးသည်။ (ရှည်မျောသည် ဟူသော အနက်ဖြင့် ဇာတ်မျောသည်ဟုလည်း ရေးကြသည်။)

ဇာတ်တူသားစားသည်
အချင်းချင်း အကျိုးမဲ့ပြုသည်။
ဇာတ်တူသားစား၍ ဟင်္သာကိုးသောင်း ပျက်စီးသော ဇာတ်တော်ကို အကြောင်းပြု၍ ပြောဆိုခြင်းဖြစ်သည်။ အမျိုးတူ ဘ၀တူ လူအချင်းချင်းအားဖြင့် အပြစ်ရောက်နစ်နာအောင် အားထုတ်ပြုလုပ်မှုများကို မလိုလားသော သဘောဖြင့် ရှုတ်ချပြောခြင်း ဖြစ်သည်။

ဇူဇကာ
အစားကြီးသောသူ
ဝေသန္တရာဇာတ်တော်တွင် ဒုန္န၀ိဋ္ဌရွာမှ ဇူဇကာအမည်ရှိသော ပုဏ္ဏားအိုကြီးမှာ ဝေသန္တရာမင်းကြီးထံမှ သားတော် သမီးတော်တို့ကို အလှူခံပြီးနောက် သိဉ္စည်းမင်းကြီး ထံသို့ရောက်သော် စားကောင်းသောက်ဖွယ်တို့ကို အစားလွန်ပြီး စားပိုးနင့်ကာ သေလေသည်။ ထိုပုဏ္ဏားကို အစွဲပြု၍ အစားကြီးသောသူကို တင်စားခေါ်သည်။

ဈေးဆစ်သည်
အကဲစမ်း၍ ဆိုင်းငံ့သည်
ဈေးရောင်းဝယ်ရာတွင် ရောင်းသူက ဆိုသောဈေးသည် ၀ယ်သင့်သည်ထက် ပိုမိုများပြားသည်ဟု အထင်ရှိသောအခါ ၀ယ်သူက လျော့ပေါ့ရန် ဈေးဆစ်လေ့ရှိလေသည်။ ရုတ်တရက် ၀ယ်ယူခြင်းမပြုဘဲ အလဲအလှယ် အလျော့အတင်း ရောင်းသူဝယ်သူ အပေးအယူ ပြုကြလေသည်။ ထိုနောက်မှ တကယ်အရောင်းအ၀ယ် ဖြစ်လေသည်။ ဤကိုစွဲ၍ တစ်စုံတစ်ရာကို တစ်ကြိမ်တည်း ချောမောစွာ ပေးကမ်းခြင်း၊ လိုက်လျောခြင်း၊ ဆောင်ရွက်ခြင်းမရှိဘဲ အခွင့်တစ်စုံတစ်ရာကို ငဲ့မျှော်ဆိုင်းတွနေသောအခါ ဈေးဆစ်သည်ဟူ၍ တင်စားသုံးနှုန်းကြသည်။

ညိုမြလုပ်သည်
ဟန်လုပ်သည်၊ အမူဆောင်သည်၊ မူသည်။
တစ်စုံတစ်ရာကို နှစ်သက်သော်လည်း ရှက်ရွံ့စနိုးနှင့် အိနြေ္ဒချုပ်တည်း ဟန်ဆောင်နေပြီးမှ နှစ်သက်ဟန်ကို မသိမသာပြုခြင်း၊ မနှစ်သက်ဟန်ကဲ့သို့ ပြုပြီးမှ နှစ်သက်ကြောင်းလည်း မပြဘဲ မနေနိုင်ဘဲ အတွင်းစိတ်အမှန်ကိုသာ သိစေခြင်း စသော အပြုအမူမျိုး ပြုမူသည်ကို တင်စား၍ ဆိုသည်။ မူသည်ဟုလည်း ဆိုကြသည်။ ရှေးအခါက အငြိမ့်မင်းသမီးတစ်ဦး၏ ဟန်အမူအရာကို စွဲ၍ တင်စားခေါ်မှတ်သည် ဆို၏။
(ထိုမင်းသမီးမှာ ယူနီဗာစီတီ မြသန်းကြည် ဖြစ်သည်ဟု မှတ်ရဖူးသည်။)

ဋီကာချဲ့သည်
အကျယ်ချဲ့သည်၊ ကဲပိုဖြည့်လောင်းသည်။
ပိဋကတ်ပါဠိတော်များ၏ အနက်အဓိပ္ပါယ်ကို အကျယ်သိရှိသင့်ရာ၌ ပညာရှင် ရဟန္တာအရှင်မြတ်တို့က အဌကထာကျမ်းများဖြင့် ဖွင့်ပြကြသည်။ ထိုအဌကထာတို့ကို တစ်ဖန် ပညာရှင်တို့က ထပ်မံဖွင့်ချဲ့ကြပြန်သော ကျမ်းကို ဋီကာကျမ်း ဟူ၍ခေါ်သည်။ ထိုသို့ ဋီကာချဲ့သည်ကို အစွဲပြု၍ တစ်စုံတစ်ရာ၌ အကျယ်ချဲ့ထွင် ဖော်ပြပြောဆို ရှင်းလင်းခြင်းတို့ကို တင်စား၍ သုံးနှုန်းသည်။

Related:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)

No comments:

Post a Comment

 
Web Statistics