Tuesday, August 24, 2010

စာဖတ်သူများက ရေးတဲ့စာတွေ - လူထုစိန်ဝင်း


useinwin.jpg

ဒီတစ်ပတ်တော့ ကိုယ်ရေးချင်တာမရေးဘဲ စာဖတ်ပရိသတ်က ရေးစေချင်တဲ့ အကြောင်းအရာ တချို့ကိုပဲ ရေးပါမယ်။ ဂျာနယ်ပေါင်းစုံမှာ လူငယ်တွေအတွက် ရည်ရွယ်တဲ့စာတွေ အရေးများတာကြောင့် လူငယ်တွေဆီက စာရေးတာ၊ ဖုန်းဆက်တာတွေ မပြတ်ရှိသလို လူကြီးမိဘတွေဆီက စာနဲ့ ဖုန်းတွေလည်း ရလေ့ရှိပါတယ်။

လိမ္မာတဲ့ ဆေးကျောင်းသား
ပထမဆုံးတော့ မန္တလေးက မိခင်တစ်ဦးရဲ့ စာအကြောင်း ရေးပါရစေ။ သားလေးတစ်ယောက်ဟာ ကလေးဘ၀ကတည်းက လိမ္မာရေးခြားရှိပြီး စာလည်းကြိုးစားတာကြောင့် ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်ခဲ့တယ်။ ထုံးစံအတိုင်း ဆေးကျောင်းတက်ခဲ့တယ်။ ငယ်စဉ်ကတည်းက အတန်းတိုင်း ထူးချွန်ဆုတွေ ရခဲ့တဲ့သားဟာ ဆေးကျောင်းပထမနှစ် စာမေးပွဲမှာ ကျခဲ့တယ်။ ကြားရသူတိုင်း တအံ့တသြ ဖြစ်ခဲ့ရတယ်။ သားလိမ္မာကို အယုံကြီးယုံခဲ့တဲ့ အမေဖြစ်သူလည်း အဲဒီကျတော့မှ စုံစမ်းမေးမြန်းတာတွေ လုပ်ရတော့တယ်။ သိလိုက်ရတာကတော့ ဆေးကျောင်းတက်ပြီး တစ်လနှစ်လလောက်ကြာတော့ သားဟာ အဖော်ကောင်းလို့ ကျောင်းပတ်ဝန်းကျင် မလှမ်းမကမ်းမှာရှိတဲ့ ဂိမ်းဆိုင်တွေကို ရောက်သွားတယ်။ တစ်ခေါက်က နှစ်ခေါက်၊ နှစ်ခေါက်က သုံးခေါက်၊ လေးခေါက်ဖြစ်တော့ ဂိမ်းကို အစွဲကြီး စွဲသွားတော့တယ်။

ဝန်ဆောင်မှုကောင်းတဲ့ ဂိမ်းဆိုင်တွေ
နောက်ပိုင်းကျတော့ သားဟာ ကျောင်းမှာထက် ဂိမ်းဆိုင်မှာပဲ အချိန်ကုန်တာများပြီး စာကို စိတ်မ၀င်စားတော့ဘူး။ အမေက သေသေချာချာ လိုက်ကြည့်တော့ ဂိမ်းဆိုင်တွေက ၀န်ဆောင်မှု သိပ်ကောင်းဆိုပဲ။ စားချိန်သောက်ချိန်အတွက် အချိန်မပုပ်ရလေအောင် ခေါက်ဆွဲပြုတ်၊ ထမင်းသုပ်၊ အကင်မျိုးစုံကို လုပ်ပေးရုံမက မျက်စိညောင်းလာရင် အနားယူ အပန်းဖြေနိုင်အောင် အိပ်စက်ဖို့နေရာပါ ပေးထားသတဲ့။ အိမ်မပြန်ဘဲ တစ်ညလုံး ကစားသူတွေလည်း မနည်းဘူးတဲ့။ အဲဒီဂိမ်းဆိုင်တွေရှေ့မှာ မော်တော်ဆိုင်ကယ် အစီးသုံးလေးဆယ်ဟာ နေ့တိုင်းရှိနေပြီး အားလုံးလိုလိုဟာ လူငယ်လူရွယ်လေးများချည်း ဖြစ်ကြတယ်။

ရင်ကျိုးရတဲ့ အမေ
သားအတွက် ရင်ကျိုးခဲ့ရတဲ့ အမေဖြစ်သူက သူ့သားလို တခြားကလေးတွေဖြစ်မှာကို တားဆီးနိုင်စေဖို့အတွက် စာရေးလိုက်တာပါ။ ကျောင်းများအနီး ပတ်ဝန်းကျင်မှာ ဘီယာဆိုင်၊ အရက်ဆိုင်တွေ ဖွင့်ခွင့်မပေးသလို၊ လောင်းကစားနွယ်တဲ့ ဂိမ်းဆိုင်မျိုးတွေလည်း မဖွင့်သင့်တဲ့အကြောင်း ရေးသားနှိုးဆော် ပေးစေချင်ပါတယ်လို့လည်း မေတ္တာရပ်ခံထားပါတယ်။ မှန်ပါတယ်ခင်ဗျာ။ ဂိမ်းဆိုတာကလည်း မမှန်မကန် အသုံးပြုရင် လောင်းကစား ဖြစ်သွားနိုင်တာမျိုးဆိုတော့ စာသင်ကျောင်းများ ပတ်ဝန်းကျင်မှာ လုံးဝမရှိစေသင့်ပါဘူး။ ဆေးကျောင်းသားလေးလို အင်မတန် လိမ္မာရေးခြားရှိပြီး စာကြိုးစားတဲ့ ကလေးတစ်ယောက်တောင်မှ ဂိမ်းစွဲသွားတဲ့အခါမှာ ကျောင်းပစ်စာပစ် ဖြစ်သွားစေတာဆိုတော့ တော်ရုံကလေးများဆိုရင် ပိုပြီးဆိုးသွားဖို့ပဲ ရှိပါတော့တယ်။

ကျောင်းထဲက ဘိလိယက်ခုံ
ဒီအကြောင်းစဉ်းစားရင်း မန္တလေးတက္ကသိုလ် ရောက်စက ကျောင်းဝင်းအတွင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဘိလိယက်ခုံတစ်ခုရှိတာကို သတိရမိတယ်။ ကိုအောင်ကျော်ရဲ့ဆိုင်ပါ။ ဘိလိယက်ခုံမှာ နေ့ရောညပါ ကျောင်းသားတွေ တရုန်းရုန်းနဲ့ စည်ကားနေတဲ့အတွက် ဆရာကြီးဦးကိုလေးက ကျောင်းဝင်းထဲ ဘိလိယက်ခုံ မထားရလို့ အမိန့်ထုတ်ခဲ့ရပါတယ်။ ကိုအောင်ကျော်ရဲ့ဆိုင် ဗောဓိကုန်းဘက် ပြောင်းသွားရပါတယ်။ အဲဒီလိုပြောင်းသွားတာ ကိုအောင်ကျော်အတွက် ကောင်းသွားတယ်။ တည်မြဲသန့်ရှင်း ကွဲပြီးစ ပထမဆုံးကျင်းပတဲ့ မန္တလေးမြူနီစပါယ် ရွေးကောက်ပွဲတွေမှာ ကိုအောင်ကျော်က ဗောဓိကုန်းအပါအ၀င် မဟာနွယ်စဉ်ရပ်ရဲ့ သန့်ရှင်းမြူနီစပါယ် လူကြီးအဖြစ် ၀င်အရွေးခံရာမှာ မဲအပြတ်အသတ်နဲ့နိုင်ပြီး မြူနီစပါယ်လူကြီးဖြစ်သွားတယ်။

ဘောလုံးလောင်းကစား
မြစ်သားက စာဖတ်ပရိသတ် တစ်ယောက်ကတော့ ဖုန်းဆက်ပြီး ပြောတာပါ။ လောင်းကစားကိစ္စပါပဲ။ ကျေးလက်တောရွာတွေအထိ ပရီးမီးယားရှစ်ဘောလုံးပွဲ လောင်းကစားမှုတွေ ပျံ့နှံ့နေတာကို တားဆီးဖို့နည်းလမ်းများ ရှာကြံဖို့လိုကြောင်း သတိပေးစေချင်လို့ပါတဲ့။ နယ်တွေမှာ တောသူတောင်သားတွေကအစ ကျောင်းသားလေးတွေအထိ လောင်းကစားနေကြတယ်၊ သတင်းဂျာနယ်တွေနဲ့ တခြားဂျာနယ်တွေ ကောက်တောင်ကိုင်ရမှန်း မသိကြပေမယ့် ဘောလုံးဂျာနယ်ဆိုရင်တော့ သွားလေရာ တကိုင်ကိုင်နဲ့ ဖြစ်နေကြောင်းပြောပါတယ်။ လောင်းကစား ဆိုတာမျိုးက ပျံ့နှံ့မှုမြန်သလို အစွဲလည်းမြန်တော့ တော်တော်အန္တရာယ်ကြီးပါတယ်။ တားဆီးဖို့လည်း ခက်ပါတယ်။ ခက်ပေမယ့် နည်းလမ်းရှာပြီး တားဆီးရမှာပဲ။ အထူးသဖြင့် ကျောင်းသားအရွယ် ကလေးငယ်တွေ ဘောလုံးလောင်းကစား မလုပ်မိအောင်တော့ မဖြစ်မနေ လုပ်ကိုလုပ်ရမှာဖြစ်တယ်။

မသန်ပေမယ့် စွမ်းတဲ့သူ
ဖားကန့်က သမီးငယ်လေးတစ်ယောက်ကတော့ မသန်စွမ်းသူများအပေါ် ပတ်ဝန်းကျင်ရဲ့ သဘောထားအမြင်တွေ ပြုပြင်ဖို့ လိုတဲ့အကြောင်း စာရေးလိုက်တာပါ။ သမီးငယ်လေးက အထောက်ကူပြု ကိရိယာနဲ့ လမ်းလျှောက်နေရသူလေးပါ။ ဒါပေမယ့် အများနည်းတူ စာတွေသင်ကြား တတ်မြောက်ထားပါတယ်။ မသန်ပေမယ့် စွမ်းသူလေးပါ။ ဒါပေမယ့် သင်ထားခဲ့တဲ့စာတွေ အဟောသိကံ ဖြစ်နေရပါတယ်တဲ့။ အလုပ်လုပ်ချင်ပေမယ့် ဘယ်သူကမှ သူ့ကို အလုပ်မခန့်ပါဘူးတဲ့။ ဒါလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မသန်စွမ်းသူများကို အလုပ်ခန့်ထားပေးရမယ်ဆိုတဲ့ ဥပဒေမျိုး မရှိလေတော့ မသန်စွမ်းသူများ အလုပ်လုပ်ဖို့ ခက်ခဲပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတော့ အလုပ်လုပ်ချင်တဲ့ မသန်စွမ်းသူများကို သူတို့လုပ်နိုင်တဲ့ အလုပ်မျိုးတွေမှာ မခန့်မနေရ ခန့်ထားပေးရမယ်ဆိုတဲ့ ဥပဒေများပြဋ္ဌာန်းထားကြလို့ မခက်လှပါဘူး။ တချို့နိုင်ငံမှာဆိုရင် အလုပ်သမားအားလုံးရဲ့ ရာခိုင်နှုန်း ဘယ်ရွေ့ဘယ်မျှကို မသန်စွမ်းသူများ ခန့်ထားပေးမယ်လို့တောင် ဥပဒေမှာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။

လက်မသန်ရင် ခြေနဲ့လုပ်
ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံမျိုးမှာ အလုပ်လုပ်နိုင်သူတိုင်း အားသွန်ခွန်စိုက် အလုပ်လုပ်ကြပါမှ တိုင်းပြည်အမြန်တိုးတက်မှာပါ။ ခြေမသန်ပေမယ့် လက်နဲ့အလုပ်လုပ်နိုင်ရင်၊ လက်မသန်ပေမယ့် ခြေနဲ့လုပ်နိုင်ရင် တစ်ခုခုကို မလွှဲမသွေ လုပ်ရပါမယ်။ ရနိုင်သမျှ လုပ်အားတွေကို ဆွဲထုတ်အသုံးချရပါမယ်။ မျက်စိမမြင်သူများတောင် လက်နှိပ်အကြောပြင်ပညာနဲ့ လုပ်ကိုင်စားသောက်လို့ ဖြစ်နေသေးတာပဲ။ ခြေထောက်မသန်ရုံနဲ့တော့ လူ့ဘ၀မှာ အချည်းနှီးဖြစ်သွားတာ မဟုတ်ပါဘူး။ ဥပဒေမရှိလို့ အစိုးရရုံးတွေမှာ မခန့်နိုင်ရင်တောင် ပုဂ္ဂလိက လုပ်ငန်းခွင်တွေမှာ ခန့်ထားအသုံးပြုသင့်ပါတယ်။ ခြေမသန်ပေမယ့် ထိုင်ပြီး စာရင်းအင်းလုပ်နိုင်၊ ငွေကိုင်ပေးနိုင်ပါတယ်။ မသန်စွမ်းသူများကို မသနားပါနဲ့။ မကယ်ဆယ်ပါနဲ့။ သူတို့အစွမ်းနဲ့သူတို့ လူ့ဘ၀မှာ ရပ်တည်နိုင်အောင် ကူညီပါ။

နိုင်ငံရေးကိစ္စတဲ့
နောက်စာတစ်စောင်က ပျဉ်းမနားက လူငယ်တစ်ယောက် ရေးလိုက်တာပါ။ နိုင်ငံရေးကိစ္စ ဆိုပါတော့။ ဆရာက ယိမ်းကတဲ့အထဲ မပါတော့ဘူးလို့ အတိအလင်း ရေးထားပေမယ့် ဒါလေးတစ်ခုတော့ အကြံပေးပါတဲ့။ သူက အခုမှ ပထမဆုံးအကြိမ် မဲဆန္ဒပေးခွင့်ရသူ ဖြစ်ပါတယ်။ တာဝန်သိ နိုင်ငံသားတစ်ယောက်အနေနဲ့ သူ့အသည်းကြားက မဲတစ်ပြားကို အကျိုးရှိစွာ အသုံးချချင်တယ်။ ဒါပေမယ့် အခုထိ ဘယ်သူ့ကို မဲပေးရမှန်း မသိသေးဘူး။ ကြိုက်လှချည်ရဲ့ ဆိုသူမျိုးလည်း မတွေ့သေးဘူး။ မပေးဘဲနေလို့လည်း မဖြစ်ဘူး။ ပယ်မဲ ဖြစ်အောင်လည်း မလုပ်ချင်ဘူး။ ဘယ်လိုလူမျိုး မဲပေးရမယ်ဆိုတာ အကြံပေးပါလို့ ရေးထားတယ်။

ဖြေရခက်တဲ့စာ
ဒီစာကတော့ ဖြေရခက်တယ်။ မကြာသေးမီ ကာလလေးကပဲ "ယိမ်းကတဲ့ထဲ မပါတော့ဘူး" ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ရေးပြီး ဝေလေလေ မလုပ်တော့ဘူး ဆိုတဲ့အကြောင်း လူသိရှင်ကြား ကြေညာထားခဲ့တာ မဟုတ်လား။ ပင်ကိုစရိုက်ကိုက ရာသီစာ ပေါ်ပင်လုပ်တာမျိုးတွေ မကြိုက်ဘူး။ ခုတလောမှာ မိုးပေါ်ကျ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပညာရှင်တွေရဲ့ ခါတော်မီ ဒီမိုကရေစီအကြောင်း စာတွေချည်း ဂျာနယ်တကာမှာ မြင်တွေ့နေရတာလည်း စိတ်ပျက်နေမိတယ်။ ဒါကြောင့် ဘာမှကို မရေးချင်တော့တာ။ ဒါပေမယ့် စာဖတ်ပရိသတ် လူငယ်လေးက ဘာလုပ်ရမှန်းမသိလို့ အကြံတောင်းတာဆိုတာလည်း မသိကျိုးကျွံပြုပြီး လျစ်လျူရှု မထားသင့်ဘူး။

ဘယ်လိုအကြံပေးရပါ့
သူက ဘ၀မှာ ပထမဆုံးအကြိမ် ပေးခွင့်ရတဲ့ ဆန္ဒမြဲပားလေးကို အလကား မဖြစ်စေချင်ဘူး။ ပေးချင်တဲ့သူကလည်း မတွေ့သေးဘူးဆိုတော့ အကြောင်းအပေါင်းလည်းသိပြီး ကိုယ်လေးစား ကြည်ညိုနိုင်တဲ့ ကိုယ့်ရပ် ကိုယ့်ရွာက လူရိုသေ ရှင်ရိုသေလည်းဖြစ်၊ ရပ်ရေးရွာရေး၊ လူမှုရေးမှာ စိတ်စေတနာ ထက်သန်သူလည်းဖြစ်တဲ့ မြို့မိမြို့ဖ တစ်ဦးဦးကိုပဲ တစ်သီးပုဂ္ဂလအဖြစ် ၀င်အရွေးခံဖို့ တိုက်တွန်းပါလားလို့ အကြံပေးရရင် ကောင်းမလား မသိပါဘူး။ ကိုယ်တိုင်ကတော့ ယိမ်းကတဲ့ထဲ ၀င်မပါချင်လို့ ဘာဒီမိုကရေစီ ရာသီစာမှ မရေးချင်တော့ပါဘူး။

No comments:

Post a Comment

 
Web Statistics