Thursday, August 26, 2010

နိုင်ငံရေးဗဟုသုတမေးခွန်းများ (၃)


မေးခွန်း (၁၁)
သခင်အောင်ဆန်း ဦးဆောင်၍ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံ၌ ပထမဆုံး စစ်ပညာသင်ယူခဲ့ကြသော ရဲဘော်သုံးဆယ်ကို ရဲဘော်သုံးကျိပ်ဟု ခေါ်ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ် ဖြစ်လာသောအခါ "အင်္ဂလိပ်အခက် ဗမာ့အချက်" ဟူသော ကြွေးကြော်သံနှင့်အတူ သခင်အောင်ဆန်းတို့သည် နိုင်ငံခြားအကူအညီရှာရန် ကြိုးစားရာမှ ဂျပန်တို့နှင့် အဆက်အသွယ်ရခဲ့သည်။ ဂျပန်တို့က စစ်လက်နက် အကူအညီနှင့် စစ်ပညာသင်ပေးမည်ဆို၍ သခင်အောင်ဆန်း အပါအ၀င် သခင်လူငယ်နှင့် ကျောင်းသားလူငယ် သုံးဆယ်တို့သည် ၁၉၄၁ ခုနှစ်အတွင်း အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ကာ လျှို့ဝှက်၍ လေးသုတ်ခွဲပြီး ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ ထိုလူငယ် ၃၀ တို့သည် ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းများတွင် စစ်ပညာများ သင်ယူပြီး ထိုင်းနိုင်ငံ၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့စည်းခဲ့ကြသည်။ အမည်များကို ဗိုလ်နာမည်တပ်ကာ အမည်သစ်များ ပေးခဲ့ကြသည်။ ထိုအထဲတွင် စစ်ပညာသင်ရာ၌လည်း မပါဝင်ဘဲ အုပ်ချုပ်ရေးပညာကိုသာ သင်ယူခဲ့သူတစ်ဦး ပါဝင်ပြီး ဗိုလ်အမည်လည်း မခံယူသူ တစ်ဦး ပါဝင်လေသည်။ ထိုသူ၏ အမည်ကို ဖော်ပြပါ။

မေးခွန်း (၁၂)
မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်တို့အကြား ဆက်စပ်ကုန်းမြေကလေးကို ဖြတ်၍ အတ္တလန်တိတ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးသော တူးမြောင်းကြီးတစ်ခုကို အမေရိကန်က ဖောက်လုပ်ပြီး ၁၅ သြဂုတ် ၁၉၁၄ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ တူးမြောင်းအမည်ကို တည်ရှိရာ နိုင်ငံအမည်ဖြင့် ခေါ်ဝေါ်သည်။ ထိုတူးမြောင်းအမည်ကို ဖော်ပြပါ။

မေးခွန်း (၁၃)
၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမားတို့၏ လက်နက်ကိုင် တော်လှန်ရေးကြီးသည် သာယာဝတီခရိုင်မှ စတင်၍ ပေါက်ဖွားခဲ့လေသည်။ ထိုတောင်သူလယ်သမား အရေးတော်ပုံကြီးမှာ တမုဟုတ်ချင်း အင်းစိန်၊ ဟင်္သာတ၊ ပြည်၊ ဖျာပုံ၊ သရက်စီရင်စုများသို့ ကူးစက်ပြန့်ပွား သွားခဲ့လေသည်။ ၁၉၃၁ ခုနှစ်တွင် ရှမ်းပြည်နယ်အထိ ကူးစက်သွားခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့တို့သည် တော်လှန်ရေးသမားများကို နှိမ်နင်းရာ၌ ရက်စက်တကာ့ အရက်စက်ဆုံး နည်းများ သုံးခဲ့သည်။ မြန်မာပြည်စစ်တပ်နှင့် မလုံလောက်သောကြောင့် အိန္ဒိယပြည်မှ တပ်မကြီးနှစ်တပ်ကို ခေါ်ယူနှိမ်နင်းရလေသည်။ ဆရာစံကား ၁၉၃၁ ခုနှစ် သြဂုတ် ၂ ရက်နေ့တွင် ရှမ်းအမျိုးသား တောင်သူလယ်သမားများကို တော်လှန်ရေးအတွက် စည်းရုံးဆောင်ရွက်နေစဉ် ဖမ်းဆီးခံရသည်။ ဆရာစံအား အမြန်ဆုံး ရုံးတင်စစ်ဆေးပြီး ၁၉၃၁ ခုနှစ် နိုဝင်ဘာလတွင် သာယာဝတီထောင်၌ ကြိုးပေးသတ်လိုက်လေသည်။ ထိုအမှုတွင် သာယာဝတီနယ်မှ ရှေ့နေများက ဆရာစံဘက်မှ လိုက်ပါအကျိုးဆောင် ရှေ့နေလိုက်ခဲ့သည်။ ထိုရှေ့နေများအမည်ကို ဖော်ပြပါ။

မေးခွန်း (၁၄)
၁၉၂၄ ခုနှစ်တွင် ဆိုဗီယက်ရုရှား ခေါင်းဆောင်ကြီး လီနင် ကွယ်လွန်သွား၍ ခေါင်းဆောင်အသစ် တက်လာသည်။ ထိုခေါင်းဆောင်သည် ၁၉၅၃ ခု ကွယ်လွန်ချိန်အထိ အာဏာရှင်အဖြစ် စိုးမိုးသွားခဲ့သည်။ သူကွယ်လွန်ပြီးနောက်ပိုင်း ဆိုဗီယက်ခေါင်းဆောင် တစ်ဦးဖြစ်သော နီကီတာခရူးရှက်က သူ့အား အပုပ်ချကာ သူ၏ ရုပ်ကလာပ်ကိုပင် ရင်ပြင်နီတွင် မထားဘဲ ဖယ်ရှားခဲ့သည်။ ထိုခေါင်းဆောင် မည်သူနည်း။

မေးခွန်း (၁၅)
၁၉၄၅ ဖေဖော်ဝါရီ ၄-၁၁ တွင် ဂျာမနီကို ဒုတိယကမ္ဘာစစ် ပွဲသိမ်းအဖြစ် အနိုင်တိုက်ရန် ကြီးသုံးကြီးတို့၏ ယော်လ်တာ ကွန်ဖရင့် ကျင်းပကာ စစ်ဆင်ရေး စီမံကိန်းများ ချမှတ်ခဲ့သည်။ ယင်းကြီးသုံးကြီး နိုင်ငံနှင့် လူပုဂ္ဂိုလ် အမည်များကို ဖော်ပြပါ။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
မေးခွန်းနဲ့ အဖြေတွေအားလုံးကို ပြည်သူ့ခေတ်ဂျာနယ်တွေထဲမှာ ဖော်ပြပါရှိတဲ့ လွတ်လပ်စိုး - ကမ္ဘာ့နိုင်ငံရေး ဗဟုသုတဉာဏ်စမ်းမြင့်ဆွေဦး - မြန်မာ့နိုင်ငံရေးသမိုင်းထဲက သိကောင်းစရာများ စတာတွေထဲကနေ ရွေးချယ်ကောက်နုတ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အဖြေမှန်များကို အောက်မှာ ဖော်ပြထားပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -


အဖြေမှန် (၁၁) - သခင်ထွန်းအုပ်။
အဖြေမှန် (၁၂) - ပနားမားတူးမြောင်း။
အဖြေမှန် (၁၃) - ရှေ့နေကြီး ဦးသူငယ်၊ သခင်မြ၊ ဦးဘတင်၊ ဦးစံဝင်း၊ ဦးချစ်ညွန့်၊ ဦးဘရှိန်း၊ သခင်စိမ့်။
အဖြေမှန် (၁၄) - ဆိုဗီယက်အာဏာရှင် စတာလင်။
အဖြေမှန် (၁၅) - အမေရိကန် သမ္မတ ရုစဗဲ့လ်၊ ဗြိတိန်ဝန်ကြီးချုပ် ချာချီလ်၊ ဆိုဗီယက်ခေါင်းဆောင် စတာလင်။


RELATED:
နိုင်ငံရေးဗဟုသုတမေးခွန်းများ (၁)
နိုင်ငံရေးဗဟုသုတမေးခွန်းများ (၂)

No comments:

Post a Comment

 
Web Statistics