Thursday, August 26, 2010

အခြေခံမူနှင့် လက်တွေ့ကျင့်စဉ်


sage.jpg

ဘယ်ကိစ္စမဆို တရားသေစွဲမထားနှင့်။ အချိန်အခါ အခြေအနေနှင့် လိုက်လျောညီထွေ လုပ်ပါဟု အကြံပေးလေ့ ရှိကြသည်။

သင့်မြတ်သောစကား ဖြစ်ပါသည်။

သို့သော် ယေဘုယျ ကျလွန်းသည်။

အဲသည်အတိုင်းချည်း လိုက်လုပ်လျှင်လည်း တရားသေသဘော သက်ရောက်သွားမည်ဟု စဉ်းစားနိုင်သည်။

တစ်ဖန် တရားသေစွဲကိုင်သည်ဆိုတာ ဘာလဲ။

မှန်သည်ဟု ထင်သော၊ ယူဆသော၊ ယုံမှတ်သောအရာကို မလွှတ်တမ်း ဆုပ်ကိုင်ထားသည်ကို ဆိုလိုခြင်း ဖြစ်သည်။

သို့သော် မှန်သည်ထင်တာတွေ စွတ်လုပ်နေခြင်းမျိုးကို ငြင်းပယ်သင့်သော်လည်း အမှန်တရားကို လက်ကိုင်ထားခြင်းကိုမူ လက်ခံရပေလိမ့်မည်။ အကြောင်းက လူသည် အမှန်တရားကို ယုံကြည်မြတ်နိုးခြင်း၊ ကိုင်စွဲကျင့်သုံးခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းတို့ဖြင့်သာ ဂုဏ်ကျက်သရေ ပြည့်ဝလာနိုင်သောကြောင့် ဖြစ်သည်။

ဂုဏ်သိက္ခာ ပြည့်ဝသောသူများမှာ၊

သူ ယုံကြည်ကိုင်စွဲသော အယူအဆများ၊ သို့မဟုတ် ယုံကြည်ချက်များ ရှိသည်။

ထို့နောက် သည်အယူအဆများနှင့်အညီ လက်ခံကျင့်သုံးသော မူဝါဒလမ်းစဉ်များ ရှိသည်။

ဥပမာ-
ဘာသာရေး ယုံကြည်ချက်နှင့် ဘာသာကိုးကွယ်မှု၊
နိုင်ငံရေးယုံကြည်ချက်နှင့် နိုင်ငံရေးလမ်းစဉ်၊
စီးပွားရေးယုံကြည်ချက်နှင့် စီးပွားရေးမူဝါဒ၊ စသဖြင့်။

လူသည် သူ စွဲမြဲယုံကြည်သော အရာတစ်ခု ဖြစ်မြောက်အောင်မြင်စေလိုသော ဆန္ဒပြင်းပြလေ့ရှိသည်။ တစ်နည်းပြောသော်၊ စွဲမြဲသော ယုံကြည်ချက် တစ်ခုသည် လူတစ်ယောက်၏ ဘ၀အတွက် ရည်မှန်းချက်ပန်းတိုင် ဖြစ်တတ်သည်။

သည်အတွက် လုပ်ငန်းလမ်းစဉ်တွေချကာ အကောင်အထည်ဖော်လေ့ ရှိကြသည်။

အဲသည်အခါ အကြောင်းကြောင်းကြောင့် ယုံကြည်ချက်နှင့် လုပ်ငန်းစဉ်ကြားမှာ ကွာဟမှုတွေ ရှိလာတတ်သည်။ ညှိရ၊ နှိုင်းရ အငြင်းပွားရတာတွေ ရှိလာတတ်သည်။

သည်အခါမျိုးတွင် လက်တွေ့ပဓာန၀ါဒီတို့က တရားသေမစဉ်းစားနဲ့ ပကတိအနေအထားကိုလည်း ကြည့်ဟု ဆိုတတ်သည်။ သို့သော် ယုံကြည်ချက်သမားများကလည်း လက်တွေ့ကိုလိုက်ရင်း ယုံကြည်ချက်နှင့် သွေဖည်သွားလိမ့်ဟု ထောက်ပြတတ်သည်။

သည်လိုဖြင့် အငြင်းအခုံတွေ ဖြတ်ရသည်။

နိုင်ငံရေးကဝေဟု ဆိုကြသည့် မက္ခီယာဗယ်လီ (Machiavelli ၁၄၆၉-၁၅၇၂) ကတော့ အချိန်အခါနှင့်လျော်ညီစွာ လုပ်ငန်းလမ်းစဉ် (ပေါ်လစီ) ပြောင်းလဲကျင့်သုံးတတ်သူသာ အောင်မြင်သည်ဟူ၍ ဆိုသည်။

သူ့အဆိုက အဲသည်လောက်ပဲဆိုလျှင် လက်မခံနိုင်စရာမရှိ၊ ဟုတ်သားပဲဟုပင် ဆိုရလိမ့်မည်။ သို့သော် သူက အဲသည်မှာ မရပ်။

နိဂုံးကောင်းလျှင် နည်းလမ်းကောင်းသည် (The end justifies the means.) (ရလဒ်ကောင်းထွက်လျှင် နည်းလမ်းကောင်းဖြစ်သည်) ဟု ဆိုသည်။ အဓိပ္ပါယ်က ဘယ်နည်းလမ်းနှင့် အောင်မြင်အောင်မြင်၊ အောင်မြင်လျှင် ပြီးတာပဲဟု ဆိုလိုခြင်းဖြစ်သည်။

အောင်မြင်ဖို့အတွက်ဆိုလျှင် ခြင်္သေ့၏နည်းလမ်း (အင်အားသုံးသောနည်း) ကိုလည်း ကျင့်သုံးရမည်၊ မြေခွေး၏ နည်းလမ်း (ကောက်ကျစ်စဉ်းလဲသောနည်း) ကိုလည်း ကျင့်သုံးရမည်ဟုလည်း ထပ်၍ ဆိုပြန်သည်။

အဲသည်အခါ ပြဿနာရှိလာသည်။
အကြမ်းပတမ်းနည်း၊ လိမ်ညာကောက်ကျစ်သော နည်းများဖြင့် ရလာမည့် အောင်မြင်မှုသည် ဘာအဓိပ္ပါယ် ရှိမည်လဲ။ အဲသည်နည်းဖြင့် ရောက်ရှိသော ရည်မှန်းချက်ပန်းတိုင်သည်လည်း မြင့်မြတ်ဂုဏ်ယူဖွယ် ဖြစ်နိုင်မည်လော။

ဥပမာ - လူ့အသိုင်းအ၀ိုင်းအတွင်း ဆင်းရဲချမ်းသာ ကွာဟနေခြင်းသည် မကောင်း၊ အဲသည်လို ကွာဟနေသော လူ့အသိုင်းအ၀ိုင်းသည် မတရား မမျှတသော လူ့အသိုင်းအ၀ိုင်း ဖြစ်သည်။ အဲဒါကို ပြင်ရမည်ဟူသော မြင့်မြတ်သော ရည်မှန်းချက်၊ သို့မဟုတ် စိတ်ကောင်း စေတနာပြည့်ဝသော ယုံကြည်ချက်ကို မည်သည့်နည်းလမ်းဖြင့် အကောင်အထည် ဖော်မည်နည်း။ ချမ်းသာသူတွေဆီက လုယက်ပြီး ဆင်းရဲသူတွေ ဝေငှပေးမည်ဆိုလျှင် ရည်မှန်းချက် မြင့်မားသော်လည်း လမ်းစဉ်က နိမ့်ကျလိမ့်မည်။ ထိုနိမ့်ကျသော လမ်းစဉ်မျိုးဖြင့်လည်း မြင့်မားသော ရည်မှန်းချက်များ အောင်မြင်လေ့မရှိ။

သို့သော် မက္ခယာဗယ်လီလို ဘယ်နည်းလမ်းနှင့်ဖြစ်ဖြစ် အောင်မြင်ဖို့ အဓိကဟု ရမ်းရမ်းကားကား မကြွေးကြော်သော်လည်း လက်တွေ့လောကတွင် လုပ်ကိုင်ဆောင်ရွက်ရာ၌ မိမိတို့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် မူဝါဒကို အလိုက်သင့် အလျားသင့် အလျော့အတင်း ပြုတန်ပြုရမည်ဟု သဘောထားကြသူတွေ ရှိသည်။

အမေရိကန် သံတမန်ထိပ်သီး ဟင်နရီကစ်ဆင်းဂျား (Henry Kissinger ၁၉၂၃ - )က နိုင်ငံရေး အနေအထား တစ်ရပ်ကို လွှမ်းမိုးထားနိုင်ဖို့ နည်းဗျူဟာပိုင်းမှာ အလျှော့အတင်း အပြောင်းအလဲ လုပ်နိုင်ရသည်။ သို့သော် ရည်မှန်းချက် (သို့မဟုတ်) အခြေခံမူကိုကား ထိန်းထားရမည်ဟု ဆိုသည်။

သို့သော် နောက်တစ်နေရာကျတော့ သူက တစ်မျိုးပြောပြန်သည်။
အခြေခံမူ (principle)တွေကို ဘယ်တော့မှ အလျှော့မပေးရဘူးဆိုပေမယ့် ကိုယ်မှ မရှင်သန် မကျန်ရစ်တော့ဘူးဆိုရင် ကိုယ့်အခြေခံမူတွေ ဘယ်လို ထိန်းသိမ်းနိုင်မလဲ ဆိုတာလည်း  ကျွန်တော်တို့ သဘောပေါက်ဖို့ လိုတယ်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

မလျှော့နဲ့ဆိုပေမယ့် မူသေ မှတ်မထားနဲ့၊ အခြေအနေတော့ ကြည့်ရဦးမည်ဟူသော သဘော။

သို့ပေမယ့် ဘယ်လောက်ဆိုးသည့် အခြေအနေမှာ အလျှော့အတင်းပြုမည်လဲ။ တော်ရုံအခက်အခဲကြုံတိုင်း လျှော့ပေါ့ပြောင်းလဲနေလျှင် နောက်ဆုံးတော့ ကိုယ့်မူဝါဒလမ်းစဉ်ဆိုတာ ဘယ်ရောက်သွားမှန်းမသိ ဖြစ်သွားတတ်သည်။

ပုဂ္ဂိုလ်တစ်ယောက်ကတော့ အတော် ထိထိခိုက်ခိုက် စကားတစ်ခွန်း ပြောသည်။

"ယုံကြည်ချက်ဆိုတာ သိပ်တန်ဖိုးရှိတယ်ဗျ၊ အရေးကြုံလာတဲ့အခါ ထုတ်ရောင်းလို့ရတယ်" ဟူ၍။

သူက ယုံကြည်ချက်စကား တွင်တွင်ပြောပြီး ယိမ်းယိုင်သွေဖည်သွားတတ်သူတွေကို လှောင်ပြောင်ပြောဆိုခြင်း ဖြစ်သည်။

ခရစ်ယာန်မှာတော့ သည်လိုလူမျိုးတွေအတွက် ပိုပြင်းထန်သော အသုံးအနှုန်းတစ်ခု ရှိသည်။ ဆာတန်နတ်ဆိုးထံမှာ မိမိဝိညာဉ်ကို ရောင်းစားထားသူ (the man who sold his soul to the devil) ဟူသော အသုံးအနှုန်း။

နတ်ဆိုးက သူ၏တန်ခိုးသတ္တိဖြင့် မိမိကို ချမ်းသာအောင်၊ ကျော်ကြားအောင်၊ သြဇာအာဏာကြီးမားအောင်၊ လူတကာကို အနိုင်ယူနိုင်အောင် လုပ်ပေးပါ။ မိမိက မိမိ၏၀ိညာဉ် သို့မဟုတ် နှလုံးသည်းပွတ် သို့မဟုတ် ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကို နတ်ဆိုးအား ပေးပါမည်။ မိမိအား မ,စသဖြင့် မိမိကလည်း နတ်ဆိုးခိုင်းစေသည့် လောကပျက်စီးရာ ပျက်စီးကြောင်း၊ ဘာသာပျက်စီးရာပျက်စီးကြောင်း၊ အလုပ်များကို ပြန်လုပ်ပေးပါမည်ဟု ကတိက၀တ်ပြုထားသော သဘောဖြစ်ပါသည်။

တစ်နည်းပြောရသော် ကိုယ်ကျိုးစီးပွားအတွက် ယုံကြည်ချက်ကို အပေးအယူပြုလုပ်သူ။

သည်ပုဂ္ဂိုလ်မျိုးသည် အခိုက်အတန့်အဖို့မှာ လိုရာကိုရမည်။ သို့သော် နှလုံးသည်းပွတ်မပါ။ အခွံအကာသတ်သက်ဖြင့် အသက်ရှင်သန်ရသော သူ၏ဘ၀သည် အချည်းနှီးအလဟဿ ဘ၀၊ ကျက်သရေ မင်္ဂလာကင်းမဲ့သော ဘ၀သာ ဖြစ်နေပေမည်။
ပြည်သူ့ခေတ်အယ်ဒီတာ
(၁၈-၈-၂၀၁၀)

1 comment:

  1. Share ခွင့်ပြုပါဆရာ...

    ReplyDelete

 
Web Statistics