Thursday, August 26, 2010

ရက်ပေါင်း ၉၀ နှင့် ကိန်းသေငါးပါး - မောင်စူးစမ်း


mgsusan.jpg
[မောင်စူးစမ်း]

နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်တော့မည်။ နိုင်ငံရေးပါတီ အားလုံးကလည်း ခင်းကျင်းပြင်နေကြပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုဝင်ဘာ ၇ ရက်နေ့အပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်တို့ကို ခေါ်ယူကျင်းပ ပေးရတော့မည်။ သို့ဖြင့် နိုဝင်ဘာ ၇ ရက်မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်နိုင်ငံရေးဆိုပြီး ပေါ်ပေါက်တော့မည်။ လွှတ်တော်နိုင်ငံရေး အခင်းအကျင်းသစ်ဖြင့် နိုင်ငံရေးစနစ်သစ်ကို ဇန်န၀ါရီလထဲတွင် မြင်ရတော့မည်။

စစ်ဘက်စနစ်မှ ပါလီမန်လွှတ်တော် နိုင်ငံရေးစနစ်သို့ ကူးပြောင်းတော့မည်ဖြစ်၍ လူတိုင်း အဖွဲ့အစည်းတိုင်းသည် စနစ်သစ်နှင့် နေသားတကျဖြစ်ရန် ပြင်ဆင်ကြရတော့မည်။ တစ်ဖက်ကလည်း ကြိုတင်ပြင်တင်၊ အခြားတစ်ဖက်မှလည်း နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲရလဒ်ကို ကြိုတင်ခန့်မှန်း ကြည့်ကြသည်။ နိုင်ငံရေး အကဲခတ်သမားတို့၌မူ ကြိုတင်ခန့်မှန်းနည်း သုံးနည်းရှိသည်။

သုံးနည်း
ပထမနည်းသည် အဖြေထွက်ပြီးသား အနေဖြင့် ကြည့်သောနည်း ဖြစ်သည်။ Foregone Conclusion ဟု ခေါ်သည်။ ရွေးကောက်ပွဲမတိုင်မီကပင် မည်သည့်အဖွဲ့ နိုင်မည်ဟု ကျိန်းသေကြည့်တွက်သော နည်းဟုခေါ်သည်။ ဤနည်းအရ အာဏာရပါတီကပင် အနိုင်ရလိမ့်မည်ဟု ယေဘုယျခန့်မှန်းသည်။

ဒုတိယနည်းသည် မမျှော်လင့်သော အကျိုးဆက်တို့ကို မျှော်လင့်သော တွက်နည်းဖြစ်သည်။ ဤတွက်နည်းသည် အတိတ်အတွေ့အကြုံကိုလည်း မှီငြမ်းသည်။ မမျှော်လင့်သော အကျိုးဆက်များ Law of Unexpected Consequences ဆိုသော သီအိုရီကိုလည်း မှီငြမ်းသည်။ သီအိုရီအရ မသေချာ မရေရာမှုတွေ လွှမ်းမိုးထားသော အခြေအနေတွင် အလျဉ်းသင့်တာတွေ ဖြစ်တတ်သည်။ ဤသီအိုရီကို အခြေခံ၍လည်း မြန်မာ့နိုင်ငံရေးသည် အစီအစဉ်အတိုင်း မဖြစ်ခဲ့သည့် အတွေ့အကြုံ Non Linear ကို ကောက်နုတ်ကြည့်၍ မသေချာမရေရာမှုကို ခန့်မှန်းထားသည်။ ရလဒ်ကို တပ်အပ်မပြောခြင်းကို သတိထားသောနည်း ဖြစ်သည်။ တတိယနည်းသည် အဖြစ်အပျက်တို့ကို အကဲခတ်၍ ခန့်မှန်းကြည့်သော နည်းဖြစ်သည်ဟု ဆိုနိုင်သည်။

ပါရာဒိုင်းနှင့် ကိန်းသေ
အချို့သော နိုင်ငံရေးသုံးသပ်သူတို့က ကစားရမည့်ကွင်း သို့မဟုတ် ခွင်ကို ကြည့်သည်။ ပါရာဒိုင်းကိုကြည့်ရန် ပါရာဒိုင်းအသစ်ကို ကြည့်ရာ၌ အချို့က အကန့်အသတ်ကို အဓိကထား၍ ကြည့်သည်။ အချို့က ပါရာဒိုင်းအသစ်က ဖွင့်ပေးသော အခွင့်အလမ်းကို အဓိကထားကြည့်သည်။ လူတို့က အပြောင်းအလဲကို လိုချင်ကြသလို ဝေဖန်သုံးသပ်သူတို့က ပါရာဒိုင်းအသစ်က မွေးထုတ်မည့် အပြောင်းအလဲကို ခန့်မှန်းကြည့်ကြသည်။

ဤသို့ ခန့်မှန်းကြည့်ရာ၌ မဟာဗျူဟာမြောက် ကိန်းသေ Strategic Constants ကို ဦးစားပေးရှာဖွေသည်။ အပြောင်းအလဲတို့ကြား၌ ပြောင်းလဲလို့မဖြစ်သော အရာတို့ကို ရည်ညွှန်းသည်။ မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးပုံသဏ္ဌာန် အခြေခံကျသော မဟာဗျူဟာမြောက် ကိန်းသေငါးပါး ရှိပေသည်။ ၎င်းတို့မှာ-
(၁) ဖရီးမတ်ကက် (လွတ်လပ်သောဈေးကွက်) နှင့် ပုဂ္ဂလိကပိုင်ဆိုင်မှု
(၂) လမ်းပန်းဆက်သွယ်ရေးခေါ် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုကိုအခြေခံသော ဖွံ့ဖြိုးတိုးတက်မှု။
(၃) ပထ၀ီနိုင်ငံရေးအခွင့်သာမှု။
(၄) ပါတီစုံဒီမိုကရေစီစနစ် (၀ါ) လွှတ်တော်နိုင်ငံရေးနှင့်
(၅) အရပ်ဘက်ကိုယ်စားပြုမှုနှင့် စစ်ဘက်ကိုယ်စားပြုမှုတို့ ချိန်ခွင်လျှာမှန်ရေး တို့ဖြစ်ကြသည်။ ဤကိန်းသေငါးပါးကို ဗဟိုပြု၍ ဖရီးမတ်ကက် ထွန်းကားစေရမည်။ ထိုကိစ္စအလို့ငှာ လွှတ်တော်နိုင်ငံရေးအသစ်၌ စည်းမျဉ်းကွပ်ကဲမှု အားလုံးကို ကော်မရှင်ဖွဲ့၍ စုံစမ်းပြီး ပယ်ဖျက်သင့်သည့် စည်းမျဉ်းတို့ကို ပယ်ဖျက်ပေးသင့်သည်။ လစ်ဘရယ်ဘက် ရှေးရှုသင့်သည်။
စာညွှန်း - Harvard Series

No comments:

Post a Comment

 
Web Statistics