တစ်ခါက နိုင်ငံခြားသူ အမျိုးသမီးမိတ်ဆွေတစ်ယောက်ကို ကိုယ်တို့ဝင်းခြံထဲ လမ်းလျှောက်လှည့်ပတ်ပြရင်း စပ်မိစပ်ရာ ပြောမိတယ်။
"ကိုယ်တို့အဖို့ ဟင်းဖြစ်ဖို့ လွယ်တယ်။ ပုစွန်ခြောက်လေး၊ ကြက်သွန်နီ၊ ဖြူနှင့် ရေရော၊ မီးဖိုပေါ်တယ်ပြီး... ခြံထဲလျှောက်၊ အရွက်နုလေးတွေခူး၊ ခပ်လိုက်ရင် ဟင်းချိုတစ်ခွက်ရတာပဲ" လို့ ပြောလိုက်တော့ သူ့ဆီက မမျှော်လင့်တဲ့ မေးခွန်းတစ်ခု ထွက်လာတယ်။
"ခြံထဲက အရွက်တွေထဲမှာ ဘယ်အရွက်က စားကောင်းတယ်ဆိုတာ ဘယ်လိုလုပ်သိသလဲ" တဲ့။
အဖြေရခက်
ကိုယ်လည်း တစ်ခဏတော့ တွေသွားတယ်။ ဘယ်အရွက် စားကောင်းတယ်ဆိုတာ ဘယ်တက္ကသိုလ်၊ ဘယ်အင်စတီကျုကမှ သင်ပေးလိုက်တာ မဟုတ်ဘူး။ ဘယ်လိုလုပ် သိသလဲဆိုတာ.... အဖြေရခက်သားပဲ... ဒါနှင့် ....
"ဟာကွာ... ဒါလောက်တော့ မိဘဘိုးဘွားလက်ထက်ကတည်းက စားကောင်းတဲ့အရွက်တွေ ချက်ပြုတ်စားတာ မြင်တွေ့နေတော့ သိတာပေါ့" လို့ပဲ ဖြေလိုက်ရတယ်။
ဒီတော့ အမျိုးသမီးက ... "အေးကွာ... ကိုယ် ဈေးထဲသွားတဲ့အခါ ဟင်းရွက်ဟင်းသီးဆိုင်မှာ အရွက်တွေမျိုးစုံပဲ။ လတ်လတ်ဆတ်ဆတ် ၀ယ်ချင့်စဖွယ်ပဲကွာ။ ခက်တာက အဲဒါတွေ ဘယ်လိုလုပ်စားရမှန်း မသိဘူး" လို့ ပြောတယ်။
ကိုယ်က အကြံပေးလိုက်တယ်။
"မင်းတို့အိမ်မှာ မြန်မာလူမျိုး အိမ်ဖော်တွေ ရှိတာပဲ။ တစ်ခါတလေ သူတို့ကို ရာသီအလိုက်ပေါ်တဲ့ အရွက်တွေ နည်းနည်းပါးပါး ၀ယ်ချက်ခိုင်းပြီး စားကြည့်ပေါ့"
ဟုတ်တယ်လေ။ ဟင်းရွက် ဟင်းသီးဆိုင်မှာ သူတို့ မမြင်ဖူးမတွေ့ဖူးတဲ့ ဂုံမင်း၊ ဖလံတောင်ဝှေး၊ ကင်းပုံသီး၊ စောင်းလျားသီး၊ ကင်းမွန်ရွက်၊ ဆူးပုပ်ရွက် အစရှိတာတွေအကြောင်း ပြောပြတယ်။
စောင်းလျားသီးမှည့်ကို သကြားနှင့် နယ်စား၊ ကင်းပွန်းရွက်နုကို ပုစွန်စိမ်းနှင့် ချက်စားကြည့်၊ ဆူးပုပ်ရွက်နုကို ကြက်ဥကြော်ထဲ ထည့်စားကြည့်၊ ဖလံတောင်ဝှေးနုကို ကြော်စားလို့ အကြံပေးလိုက်ပါတယ်။ တစ်ခါလောက် စမ်းစားပြီး ကြိုက်ရင် စိတ်ကူးနဲ့ ချဲ့ပြီး လုပ်စားပေါ့။
သဘာဝနှင့် ကင်းကွာနေ
ဒီလိုတွေ့ရကြုံရတော့ ကိုယ်လည်း မီးခိုးကြွက်လျှောက် တွေးမိတယ်။ စက်မှုသိပ္ပံထွန်းကားတဲ့ နိုင်ငံကြီးတွေမှာ လူတွေဟာ သဘာဝနှင့် ကင်းကွာနေကြတယ်။ သစ်ပင်၊ ၀ါးပင်တွေနှင့် အကျွမ်းတ၀င် မရှိကြဘူး။
အဲဒီကိစ္စမှာ .... ဘယ်အရွက်၊ ဘယ်အသီးကို ဟင်းချက်စားဖို့ နားမလည်တာလောက်က ဘာမှ မရေးမကြီးပါဘူး။ လူတွေဟာ သဘာဝနှင့် ကင်းကွာတော့ နူးညံ့ပျော့ပျောင်းတဲ့ စိတ်တွေ ခြောက်ခန်းသွားမလားလို့ စိုးရိမ်မိတယ်။
ကြံကြံဖန်ဖန် ရောက်တတ်လေးဆယ် အတွေးပဲလို့ ဆိုချင်ဆိုကြပေါ့။ ကိုယ်သတိပြုမိတာ တစ်ခုရှိတယ်။ သစ်တောဘက်မှာ အမှုထမ်းတဲ့ လူတွေဟာ သူတို့ကို ကြည့်ရတာ သစ်ပင်ကြီးတွေလိုပဲ စိုပြည်တယ်၊ သန့်ပြန့်တယ်၊ ပွင့်လင်းတယ်။ သဘာဝအတိုင်း ရိုးသားဖြောင့်စင်းတဲ့ ပုံပန်းမျိုး ပေါ်နေတယ်။ သူတို့ နေ့စဉ် ထိတွေ့နေရတဲ့ သဘာဝရဲ့ သြဇာက သူတို့ကို လွှမ်းမိုးနေတယ်လို့ ထင်မိတယ်။ ပြီးတော့ သူတို့နှင့် စကားပြောရင် တောတောင်၊ ရေမြေ၊ သစ်ပင်၊ ၀ါးပင်၊ ကျေးငှက်၊ သတ္တ၀ါတွေအကြောင်း ပါလာတော့တာပဲ။ တစ်ခါက အငြိမ်းစား သစ်တောဘက် အရာရှိကြီးတစ်ဦးက ပြောဖူးတယ်။
လူ့လောက သာယာရေး
"သစ်ပင်တွေဟာ လူ့လောကအဖို့ သိပ်ပြီး အရေးကြီးတယ်။ လူ့လောက သာယာရေးအတွက် အရိပ်အာဝါသ၊ စားစရာအသီး ပေးရုံသာမဟုတ်ဘူး။ ကြည့်လေ...။ လူတွေကို ယဉ်ကျေးလိမ္မာအောင် ဆုံးမတဲ့ တရားတွေ ဘယ်က အစပြုလာသလဲ။ လုဗ္ဗနီဥယျာဉ်ထဲမှာ ဖွားမြင်တဲ့ သိဒ္ဓတ္ထမင်းသားက စတာ မဟုတ်လား။
ပြီးတော့ လောကကြီးရဲ့ ဆင်းရဲမှုတွေ လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေတဲ့အခါမှာ ဘယ်နေရာ သွားသလဲ။ ရှာလို့တွေ့ပြီး ရှေးဦးစွာ ဟောကြားတော့ကော ဘယ်မှာ ဟောသလဲ။ လူ့လောကကြီးမှာ ချမ်းသာငြိမ်းချမ်းမှုတွေ ရနိုင်ဖို့ ရှာတော်ပုံကြီးကို ကြည့်လိုက်ရင် ရေခံမြေခံဟာ ဥရုဝေဠတော မိဂဒါဝုန်ဆိုတဲ့ နေရာတွေပဲ မဟုတ်လား။ သဘာဝနှင့် နီးစပ်ပြီး သာယာစိုပြည်တဲ့ နေရာအရပ်တွေပဲ မဟုတ်လား..."
အဲသလို ပြောပါတယ်။ ဟုတ်သားပဲ။ ဥတုသုံးလီမှာ အပူအအေးမျှတအောင် နည်းအမျိုးမျိုးတွေ ဇိမ်ခံပစ္စည်း.... သက်မဲ့သက်ရှိ အမျိုးမျိုးနှင့် ဖြေဖျော်မှုတွေနှင့် ၀န်းရံထားတဲ့ ရမ္မ-သုရမ္မ အစရှိတဲ့ နန်းတော်ကြီးထဲကနေပြီး လူ့လောကကို ငြိမ်းချမ်းမှုပေးနိုင်တဲ့ တရားတွေ ထွက်လာတာ မဟုတ်ပါဘူး။
ခုမျက်မှောက်ခေတ် စကားနဲ့ ပြောရရင် (Sky Scraper)ခေါ်တဲ့ မိုးပေါ်ထိခန်း ဆောက်လုပ်ထားတဲ့ တိုက်တာကြီးတွေထဲက "အဲယားကွန်ဒီးရှင်း" တွေ၊ ဆန်းကြယ်တဲ့ ကော်ဇောတွေ၊ အိစက်ညက်ညောတဲ့ ဆိုဖာကြီးတွေနှင့် ဆင်ယင်ထားတဲ့ အခန်းတွေထဲက လူ့လောက ငြိမ်းချမ်းရေး၊ ဒုက္ခအပေါင်းမှ လွတ်မြောက်ရေးတရားတွေ ထွက်မလာပါဘူး။
သဘာဝနှင့် ရင်ဆိုင်ရင်းနှီးဖို့
ဒီတော့ လူသားတွေအဖို့ သဘာဝနှင့် ရင်းနှီးဖို့ သိပ်လိုအပ်တာပေါ့။ ဒါကြောင့်မို့ ထင်ပါရဲ့။ စက်မှုသိပ္ပံတွေ၊ အလွန်အမင်းထွန်းကားတဲ့ နိုင်ငံကြီးတွေက ... စာသင်ကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းတွေမှာ အတန်းငယ်လေးတွေက စပြီး Nature Study ဆိုတဲ့ "သဘာဝလေ့လာမှု" ဘာသာရပ်တစ်ခု ထည့်ထားတာ တွေ့ရပါတယ်။ သစ်ပင်ဝါးပင်တွေအကြောင်း လွယ်ကူတဲ့ စကားပြေနှင့် ရေးထားတဲ့ ဖတ်စာအုပ်တွေ ကိုင်ရတယ်။ ပြီးတော့ ကွင်းဆင်းတဲ့သဘောနဲ့ မြေခင်းပြင်ကျယ်တွေဆီကို သွားပြီး မြက်ပင်၊ တောရိုင်းပန်းပင်တွေ ရနိုင်သရွေ့ စုဆောင်းကြရတယ်။ ပြီးတော့ အမျိုးအမည်ကို ရှာဖွေရတယ်။
အဲသလို လေ့လာတဲ့နည်းတွေနှင့် ကလေးတွေကို သဘာဝနှင့် ထိတွေ့စေပါတယ်။ မြေပေါ်ပေါက်တဲ့ မြက်ပင်လေးတွေကစပြီး စိတ်ဝင်စားတတ်လာကြတယ်။ မြက်ပင်ဆိုလို့ စပ်မိလို့ ပြောရဦးမယ်။ မြေစာမြက်ပင်ဟာ မြန်မာလူမျိုးများရဲ့ ရိုးရာ ရတနာသုံးပါး မိဘဆရာတွေ ကန်တော့တဲ့ပွဲတွေမှာ အမြဲပါ,ပါတယ်။ သင်္ကြန်ချိန်ခါ နှစ်သစ်ကြိုတဲ့အခါမှာ မြေစာမြက် အမြဲပါတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာဟောင်းပျက်ပြီး ကမ္ဘာသစ် ဖြစ်ပေါ်တဲ့အခါမှာ ပထမဦးဆုံး ပေါက်တဲ့အပင်က မြေစာမြက်ပင်တဲ့။ အဲဒါ မြေစာပင် ဖြစ်တယ်လို့ လူကြီးသူမတွေ ပြောဖူးတာပဲ။
မြေစာပင်ဖြစ်တယ်လို့
စကားပြောတဲ့အခါမှာလည်း "တောင်လဲပြိုရာ မြေစာပင်လေးတွေ ပြတ်သတ်ကုန်ကြရတယ်" လို့ ဥပမာတင်ပြီး ပြောကြတယ်။ စစ်ကြီးဖြစ်တဲ့အခါမှာ ဘာမှမဆိုင်တဲ့လူတွေ၊ ကလေးတွေ သေကြေပျက်စီးရတာကို "မြေစာပင် ဖြစ်တယ်" လို့ ဆိုကြပါတယ်။
လွန်ခဲ့တဲ့ မနေ့တစ်နေ့ဆီက ထင်ရှားခဲ့တဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းဇာတ်ဆောင်တစ်ဦးဆိုရင် [မောင်မြေဇာ] လို့ နာမည်ပေးထားတယ်။ ဘယ်အခါမျိုးမှာပဲဖြစ်ဖြစ် ... ထစ်ခနဲရှိရင် [မောင်မြေဇာ] ပဲ ခံရရှာတာပေါ့။ တစ်ခါတုန်းက "ရှုမ၀" မဂ္ဂဇင်းမှာ ဆရာမင်းသုဝဏ်ရေးတဲ့ ဆောင်းပါးတစ်ခု ရှိခဲ့ပါတယ်။ ခေါင်းစဉ်က "အောက်ငုံ့တောလား" တဲ့။ မြက်တွေအကြောင်း ဖြစ်ပါတယ်။ အသေးစိတ်တော့ မမှတ်မိတော့ဘူး။ ........ ခက်တာပဲ။ ဥပမာ... လူတစ်ယောက်ကို "မင်း ချောင်းဆိုးတာ ဘာနဲ့ပျောက်လဲ" လို့ မေးတော့....
"ဘာဆေးလဲတော့ မမှတ်မိဘူး။ သောက်တဲ့ခွက်ပဲ မှတ်မိတော့တယ်။ ခွက်အနီလေး" တဲ့ .... ဆိုတာမျိုး ဖြစ်နေပြီ။ အခုလည်း ခေါင်းစဉ်ပဲ မှတ်မိတော့တယ်လေ။ အဲဒီသဲလွန်စနှင့်ပဲ ဆက်သုတေသန လုပ်ကြပေါ့။
မြန်မာပြည်မြေပေါ်မှာပေါက်တဲ့ မြက်ပင်တွေအကြောင်း သစ်တောမင်းကြီးတစ်ဦးဖြစ်ခဲ့တဲ့ ဦးသိန်းလွင်က သုတေသနပြုလို့ စာအုပ်ငယ်လေးတစ်အုပ် ထွက်လာတာ တွေ့ဖူးပါတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့် အစက ဘယ်သူမှ မသိသေး၊ မတွေ့ဖူးသေးတဲ့ မြက်တစ်မျိုးကို အဲဒီပုဂ္ဂိုလ်ကြီးရှာဖွေမှ တွေ့ရတယ်လို့ ကြားဖူးပါတယ်။ ဒါလည်း အသေအချာ မမှတ်မိလို့ ကျကျနန မပြောတတ်ပါဘူး။ "ခွက်ပဲမှတ်မိ" ဆိုတာမျိုးပါပဲ။
အသက်ရှင်နေကြရတယ်
မြက်ဆိုလို့ အထင်မသေးနှင့်။ လူတွေဟာ မြက်အမျိုးအနွယ်ရဲ့ အသီးကိုစားပြီး အသက်ရှင်နေကြရတယ်။ စပါး၊ ဂျုံ၊ မုယောဆိုတဲ့ သီးနှံတွေဟာ "မြက်" ဆိုတဲ့ အမျိုးအနွယ်ထဲမှာ ပါတယ်။ ဒီတော့ လူတွေဟာ "မြက်" သီးကိုစားပြီး ကြီးပြင်းခဲ့ကြရတာပဲ။ အခြေအမြစ် အရင်းစစ်တော့ ဒီလို တွေ့ရတာပဲလေ။
ဒီတော့ မြန်မာတို့ရဲ့ မြေပြင်ပေါ်မှာ ပေါက်သမျှ အပင်တွေကို မြက်ကစပြီး စိတ်ဝင်စားဖို့ ကောင်းတာပေါ့။ ဒါကြောင့်မို့ ကလေးသူငယ်တွေကို ငယ်စဉ်ကစပြီး သဘာဝနှင့်ထိတွေ့အောင် နီးစပ်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ သဘာဝနှင့်နီးစပ်မှ စိတ်ရောကိုယ်ပါ ကြံ့ခိုင်တယ်၊ ဖြတ်လတ်ရှင်သန်တယ်။
စက်မှုသိပ္ပံတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ ဒီအချက်ကို လူငယ်များရဲ့ ပညာရေးအတွက် နေရာထားကြပါတယ်။
အခုဆိုရင် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆိုတဲ့ ကိစ္စကို နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေ လုပ်ပြီး လှုပ်ရှားနေကြတာကို သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ "သတင်းတန်ဖိုး" ထားပြီး ဖော်ပြနေကြပါတယ်။ လူ့လောကရဲ့ ယဉ်ကျေးမှု၊ သာယာဝပြောမှုအတွက် သဘာဝဖြစ်တဲ့ တော၊ တောင်၊ ရေ၊ မြေ၊ သစ်ပင်၊ ၀ါးပင်တွေဟာ အဓိကကျတဲ့ နေရာမှာ ရှိနေကြပါတယ်။ အဲဒီအချက်ကို လူတွေ သဘောပေါက်အောင် အမျိုးမျိုး ပညာပေးနေကြပါတယ်။
သဘာဝတန်ဖိုးကိုသိဖို့
နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက သစ်တောမပြုန်းတီးရေး အစရှိတဲ့ ကိစ္စတွေကို ကိုင်တွယ်လှုပ်ရှားနေကြတာလည်း တစ်ဌာနပေါ့လေ။ လူတိုင်းလူတိုင်း ဒီမြေပေါ်မှာနေတဲ့ သူတွေနဲ့ သက်ဆိုင်တဲ့အတွက် သဘာဝရဲ့ တန်ဖိုးကို လူတိုင်း သိတတ် မြင်တတ်ဖို့က အလွန်အရေးကြီးပါတယ်။
ဒီကိစ္စဟာ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေ၊ လူရဲ့ကိစ္စတွေအားလုံး အကျုံးဝင်နေပါတယ်။ လူတိုင်း လူတိုင်း သဘာဝနှင့် နီးစပ်ပြီး မြတ်နိုးတဲ့စိတ်ကို မွေးကြမှသာ အဖွဲ့အစည်းကြီးတွေရဲ့ လှုပ်ရှားမှုကို ထောက်ခံအားပေးရာ ရောက်ပါလိမ့်မယ်။
တကယ်တော့ သဘာဝရဲ့တန်ဖိုး၊ သဘာဝရဲ့ အလှကျက်သရေကို စာပေ၊ အနုပညာ၊ ပန်းချီ၊ ပန်းပုတွေက သရုပ်ဖော်ကြပါတယ်။ ဒီမျှသာ မကသေးပါဘူး။ သဘာဝရဲ့ အလှကျက်သရေနှင့် တန်ဖိုးကို လူတို့ရဲ့ အထွတ်အထိပ် အတွေးအခေါ်ဖြစ်တဲ့ ဘာသာတရားတွေထဲမှာ ဖော်ကျူးကြပါတယ်။ တစ်ပါးတည်းသော ဖန်ဆင်းရှင်၊ တန်ခိုးရှင်၊ ဘုရားသခင်ကို ကိုးကွယ်တဲ့ ဘာသာတရားတွေထဲမှာ ဒီလို တွေ့ရပါတယ်။
"သဘာဝနှင့် နီးစပ်မှ၊ ဘုရားသခင် ဖန်ဆင်းတဲ့ သြကာသလောကကြီးရဲ့ အလှကျက်သရေတွေ မြင်မှ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို သိတတ်မယ်" လို့ ဆိုမိန့်ကြပါတယ်။
ဆင်ခြင်ပြီး ကြည်နူးမိ
ဗုဒ္ဓဘာသာတရားမှာဆိုရင် ရတနာသုတ် ပရိတ်တော်မှာပါရှိတဲ့ စာတစ်ပိုဒ်ကို ရွတ်ဆိုတိုင်းမှာ အနက်အဓိပ္ပါယ်ကို ဆင်ခြင်ပြီး ကြည်နူးမိပါတယ်။
ဂိမှနံ၊ နွေလတို့၏ ပဌမသိံ္မဂိမှေ၊ ရှေးဦးစွာသော နွေလဖြစ်သော၊ မာသေ၊ တန်ခူးလ၌ ဖုဿိတဂ္ဂေ၊ ပွင့်သော အဖျားရှိသော၊ ၀နပ္ပဂုမ္ဗေ၊ တောအုပ်သည်၊ သီရိကောယထာ၊ အသရေရှိသကဲ့သို့၊ တထူပမံ၊ ထိုတောအုပ်လျှင် ဥပမာရှိသော၊ နိဗ္ဗာနဂါမိံ၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော၊ ဓမ္မ၀ရံ၊ တရားတော်မြတ်ကို၊ ပရမံ၊ ဟိတာယ၊ မြတ်သောနိဗ္ဗာန် အကျိုးငှာ၊ အဒေသယီ၊ ဟောတောမူပြီ။ ဗုဒ္ဓေ၊ ဗုဒ္ဓဿ မြတ်စွာဘုရား၏၊ ဣဒမ္ပိရတနံ၊ ဤရတနာ၏ အဖြစ်သည်လည်း၊ ပဏီတံ မြတ်၏။ ဧတေန သစ္စေန၊ ဤသို့မှန်သော သစ္စာစကားကြောင့်၊ ဣမေသံ၊ ဤသတ္တ၀ါတို့အား၊ သုဝတ္ထိ။ ချမ်းသာခြင်းသည်၊ ဟောတု၊ ဖြစ်စေသတည်း။
လမ်း သွားရင်း လာရင်း သစ်ပင် ပန်းပင်တွေ မြင်တိုင်းပဲ၊ စိတ်ထဲက "၀နပ္ပဂုမ္ဗေ" အစချီတဲ့ ပါဠိစာပိုဒ်ကို ရွတ်ဆိုမိပါတယ်။
"၀နပ္ပဂုမ္ဗေ၊ ယထ ဖုဿိတဂ္ဂေ၊
ဂိမှာန မာသေ ပဌမသိံ္မဂိမှေ
တထူပမံ ဓမ္မ၀ရံ အဒေသယိ
နိဗ္ဗာန-ဂါမိံ ပရမံ ဟိတာယ
ဣဒမ္ပိ ဗုဒ္ဓေရတနံ ပဏိတံ
ဧတေန သစ္စေန သုဝတ္ထိဟောတု"
သဘာဝအလှကို အရင်းတည်ပြီး မြတ်စွာဘုရားကို ကြည်ညိုရတယ်။ အဲဒီကြည်ညိုစိတ်နှင့် သစ္စာတရား အမှူးထားရတယ်။ သတ္တ၀ါအများကို မေတ္တာပွားရပါတော့တယ်။
(မိုးဂျာနယ်၊ ဇူလိုင်၊ ၁၉၉၇ မှ)
No comments:
Post a Comment