Thursday, August 12, 2010

နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးလား


စအိပ်တုန်းက အိပ်ပျော်တယ်။ သန်းခေါင်ကျမှ နိုးနိုးနေတယ်။ ဘာလုပ်ရမလဲ။

sleepingq.jpg

အဖြစ်များတဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ များနေတဲ့အချိန်မျိုးမှာ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျတဲ့ အခါမှာလည်း ဖြစ်နိုင်ပါတယ်။ အိပ်နေချိန်မှာ မကြာခဏ အသက်ရှူရပ်သွားတတ်တဲ့ ရောဂါကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ညလုံးပေါက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေ စမ်းလုပ်ကြည့်လိုက်ပါ။

ရေနွေးနဲ့ ရေချိုးခြင်း၊ သာယာငြိမ့်ညောင်းတဲ့ တေးဂီတ တစ်မျိုးမျိုး နားထောင်ခြင်း စတဲ့ အိပ်ရာဝင်ချိန် ဓလေ့တစ်ခု အကျင့်လုပ်ထားပါ။
တောင့်တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားအောင် အသာအယာ အကြောလျှော့ပါ။

ညသန်းခေါင် နိုးလာတဲ့အခါ မီးမဖွင့်ပါနဲ့။ အိပ်ရာထဲမှာ ဆက်လှဲနေပြီး ငြိမ့်ညောင်းတဲ့ ဂီတသံ သို့မဟုတ် အသံသွင်းစာအုပ် နားထောင်ပါ။ တဖြည်းဖြည်း ပြန်အိပ်ပျော်သွား စေနိုင်ပါတယ်။

အိပ်ခန်းထဲက နာရီအားလုံးကို အိပ်ရာပေါ်က လှမ်းမမြင်ရအောင် ထားပါ။ နာရီတကြည့်ကြည့် လုပ်နေလျှင် ပြန်အိပ်ပျော်ဖို့ ပိုခက်ပါတယ်။

နိုးပြီး မိနစ် ၂၀ လောက်ကြာလို့မှ ပြန်အိပ်မပျော်သေးဘူးဆိုရင် အိပ်ခန်းအပြင်ကို ထွက်ပါ။ အိပ်ငိုက်သည်ထိ စာထိုင်ဖတ်ပါ။

ညနေပိုင်းမှာ ကော်ဖီမသောက်ပါနဲ့။ အရက်သောက်ချင်ရင် အိပ်ရာမ၀င်မီ နာရီအတန်ကြာ အလိုမှာ တစ်ခွက်လောက် သောက်ပါ။ အဲသည်ထက် မပိုပါနဲ့။

ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် ပြုလုပ်ပါ။ အိပ်ချိန်နဲ့ မနီးပါစေနဲ့။

အိပ်ချင်ပြီဆိုမှ အိပ်ရာဝင်ပါ။

ယမန်နေ့ညက အိပ်ချိန် နည်းနည်း၊ များများ ပုံမှန်ထနေကျအချိန်မှာ နေ့စဉ်ထပါ။

နေ့ခင်းဘက်မှာ မအိပ်ပါနဲ့။

ဒီလောက်နဲ့ ပြဿနာ မပြေလည်သေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုပါမယ်။
Ref: MayoClinic.com

No comments:

Post a Comment

 
Web Statistics