Thursday, August 12, 2010

အောက်သက်ကျေ နိုင်ငံရေးသမား အလိုရှိသည် - မောင်ဝံသ


mgwuntha.png
ဒီမိုကရေစီနိုင်ငံ တည်ဆောက်ပြီဆိုရင် ပါလီမန် (လွှတ်တော်) ရှိလာမယ်။ အဲသည်လွှတ်တော်သို့ ပြည်သူများက ရွေးကောက်တင်မြှောက်တဲ့ "အမတ်" ခေါ် လွှတ်တော်ကိုယ်စားလှယ်များ ရှိလာမယ်။ (အမတ်ဆိုတာ တည်ကြည်ဖြောင့်မတ်စွာ ဆောင်ရွက်သူလို့ ဆိုလိုပါတယ်)

၎င်းအမတ်များကို ရွေးကောက်တင်မြှောက်တဲ့ ရွေးကောက်ပွဲတွေ ရှိလာမယ်။ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် အမတ်လောင်းများ ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီများ ရှိလာမယ်။ သို့အားဖြင့် နိုင်ငံရေးသမားများလည်း ရှိလာမယ်။ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံကြမှာပါ။

နိုင်ငံရေးသမား အရည်အချင်း
ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးကောက်တင်မြှောက်ရမယ့် နိုင်ငံရေးသမားတွေဟာ ဘယ်လိုအရည်အချင်းတွေ ရှိသင့်သလဲ။ ပြည်သူတွေက ဘာကိုကြည့်ပြီး မဲပေးကြမှာလဲ။ သည်အချက်တွေဟာ ဒီမိုကရေစီ တည်ဆောက်ရေးမှာ အလွန်အရေးပါပါတယ်။

နိုင်ငံရေးသမားဆိုတာ အထက်တန်းလွှာ၊ လူလတ်တန်းစား၊ ပညာတတ်၊ နိုင်ငံ့ဝန်ထမ်းဟောင်း၊ သူဌေးသူကြွယ်၊ ဆင်းရဲသူဆင်းရဲသား ဘယ်သူဖြစ်ရမယ်၊ ဘယ်သူတော့ မဖြစ်ရဘူးဆိုတာ အကန့်အသတ် မရှိပါဘူး။

ဆရာဝန်တစ်ယောက်ဖြစ်ဖို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဆေးတက္ကသိုလ် စသည်ဖြင့် အနည်းဆုံး ၁၇ နှစ်လောက် ပညာသင်ကြားရမယ်။ အနည်းဆုံး တစ်နှစ်အလုပ်သင်အဖြစ် အတွေ့အကြုံ ယူရမယ်။ ဘာကြောင့် သည်လောက်နှစ်တွေများများ သင်ကြားလေ့ကျင့်ရသလဲဆိုတော့ ဆရာဝန်ဆိုတာ လူ့အသက်နဲ့စက်ပြီး အလုပ်လုပ်ကြရတာကိုး။ တတ်ယောင်ကား ဆရာဝန်လက်ထဲ ရောက်သွားလို့ကတော့ အသက်ပါ ဆုံးရှုံးရနိုင်တယ်။

ဒါဆိုရင် ဆရာဝန်တစ်ယောက်ရဲ့ အရည်အချင်း မပြည့်စုံမှုဟာ တစ်ကြိမ်မှာ လူတစ်ယောက်အသက်လောက်ပဲ ဆုံးရှုံးနိုင်တယ်။ တိုင်းပြည်ကံကြမ္မာကို ၀ကွက်အပ်ရမယ့် နိုင်ငံရေးသမားတွေ အရည်အချင်း မပြည့်စုံရင်၊ အမြော်အမြင် မရှိရင် (ဥပမာ - မဖြစ်သင့်ဘဲ စစ်ဖြစ်သွားခဲ့ရင်) လူ့အသက်ပေါင်း ရာထောင်ချီ ဆုံးရှုံးရနိုင်တယ်။ ဥပမာ - စီးပွားရေးမူဝါဒ တစ်ချက်မှားလိုက်ရင် တိုင်းပြည်မွဲသွားနိုင်တယ်လို့ မပြောနိုင်ဘူးလား။

ဒါကြောင့် နိုင်ငံရေးသမားဟာ တခြားအသက်မွေးဝမ်းကျောင်းသမားတွေထက် အရေးကြီးတယ်။ အမြော်အမြင်ရှိဖို့ လိုတယ်။ အရည်အချင်း ပြည့်ဝဖို့ လိုတယ်။ သည်တော့ နိုင်ငံရေးသမားဖြစ်ဖို့ ဘာအရည်အချင်း လိုအပ်သလဲ။

နိုင်ငံရေးလုပ်ချင်စိတ် ရှိရမယ်
အမေရိကန်စာရေးဆရာ ရော်ဘင်ရေဗင်က "နိုင်ငံရေးသမားမှာ ပထမဆုံး လိုအပ်တဲ့ အရည်အချင်းက နိုင်ငံရေးလုပ်ချင်စိတ်ပဲ။ နိုင်ငံရေးသမား လုပ်တော့မယ်ဆိုရင် ဦးဆုံး မိမိကိုယ်မိမိ ဆန်းစစ်ဖို့က တကယ်နိုင်ငံရေး လုပ်ချင်ရဲ့လား ဆိုတာပဲ" လို့ ရေးခဲ့ဖူးတယ်။

ရော်ဘင်ရေဗင်က "နိုင်ငံရေးသမားဟာ မွေးရာပါ ပါရမီရှင် ဖြစ်ဖို့မလိုဘူး။ တချို့ ငယ်ငယ်လေးကတည်းက နိုင်ငံရေးသမား လုပ်ချင်၊ ဖြစ်ချင်တဲ့ ရည်မှန်းချက် ထားရှိခဲ့ကြပေမယ့် ဖြစ်မလာသူတွေ အများကြီးပဲ။ တချို့ကျတော့ မတော်တဆ နိုင်ငံရေးနယ်ထဲရောက်ပြီး အောင်မြင်သွားတတ်ကြတယ်။ အမေရိကန်သမ္မတ ဖြစ်ခဲ့တဲ့ ရော်နယ်ရေဂင်ဟာ ရုပ်ရှင်မင်းသား ဘ၀ကနေ နိုင်ငံရေးနယ်ထဲရောက်ပြီး သမ္မတအထိ တက်ဖြစ်ခဲ့တယ် မဟုတ်လား" လို့ ထောက်ပြတယ်။

နိုင်ငံရေးလုပ်ချင်တဲ့ဆန္ဒ ဘယ်ကလာသလဲ
ပြီးတော့ နိုင်ငံရေးသမားဖြစ်လာဖို့ အကြောင်းတရားတွေကို ဆက်ရေးတယ်။

(၁)
နိုင်ငံရေးသမားလုပ်ဖို့ မဆုံးဖြတ်ခင် နိုင်ငံရေးသမား ဖြစ်ချင်တဲ့ဆန္ဒ ဘယ်ကလာသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ဘာကြောင့် နိုင်ငံရေး လုပ်ချင်သလဲဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြမယ်။ အကြောင်းရင်းအမှန်ကို ဘယ်သူ့ကိုမှ ပြောပြစရာမလိုဘူး။ တိုင်းရေးပြည်ရေးကို၊ ကိုယ်နယ်ပယ်ဒေသ အကျိုးကို တကယ်နှစ်နှစ်ကာကာ လုပ်ချင်လို့ ဖြစ်ချင်ဖြစ်မယ်။ ဘ၀တက်လမ်း ရှာချင်လို့ ဖြစ်ချင်ဖြစ်မယ်။ အာဏာရရင် အခွင့်ထူးတွေ ယူလိုက်မဟဲ့ဆိုတဲ့ လောဘဇောကြောင့် ဖြစ်ချင်ဖြစ်မယ်။ အာဏာရရင် ငါနှင့်မတူ ငါ့ရန်သူတွေကို မှတ်လောက်သားလောက် ဆော်လိုက် နှက်လိုက်မဟဲ့ဆိုတဲ့ ဒေါသဇောကြောင့် ဖြစ်ချင်ဖြစ်မယ်။ ကိုယ့်အကြောင်း ကိုယ်ပဲသိတယ်တော့ မထင်နဲ့။ ကြာလာတဲ့အခါကျတော့ ပြည်သူတွေကလည်း သိလာမှာပဲ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်ချင်စိတ် အလွန်အမင်း ပြင်းပြနေပြီဆိုရင် ဆုံးဖြတ်ချက်ချပါ။

(၂)
နိုင်ငံရေးပါတီရွေးပါ။ နိုင်ငံရေးသမားလုပ်ပြီဆိုရင် ခြံစည်းရိုး ခွထိုင်လို့ မရပါ။ မိမိခံယူချက်တွေနဲ့ ကိုက်ညီတဲ့ ပါတီရှိနိုင်သလို ပါတီတွေရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို လေ့လာပြီး မိမိက နှစ်သက်သဘောကျတဲ့ ပါတီကိုလည်း တွေ့နိုင်တယ်။ မိမိ နိုင်ငံရေး စိတ်ဝင်စားကြောင်းသိလို့ မိမိကို လာရောက်ချဉ်းကပ် စည်းရုံးတာတွေနဲ့လည်း ကြုံရတတ်တယ်။ ပါတီက မိမိကို မရွေးပါစေနဲ့။ မိမိက ပါတီကို ရွေးပါ။ ပါတီမူဝါဒနဲ့ လုပ်ငန်းစဉ်ပြီးရင် သေသေချာချာ ကြည့်ရမှာက (က) ပါတီခေါင်းဆောင်မှု၊ (ခ) ပါတီမှာ မိမိတွဲဖက်လုပ်ဆောင်ရမယ့် လုပ်ဖော်ကိုင်ဖက်တွေ။

(၃)
သင်ပါဝင်ဆောင်ရွက်မယ့် ပါတီရွေးပြီးရင် သင်ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်တစ်ဦးဦးနဲ့ ဆွေးနွေးပါ။ လူချင်းမတွေ့နိုင်ရင် စာရေးဆက်သွယ်ပြီး တိုင်ပင်ပါ။ သင်သိချင်တာတွေ မေးပါ။ သင်ဖြစ်ချင်တာတွေ တင်ပြပါ။ သင့်ကို လမ်းညွှန်ပေးဖို့ တောင်းဆိုပါ။

(၄)
အောက်သက်ကျေပါစေ။ ပါတီမှာ သင်ထမ်းဆောင်နိုင်မယ့် တာဝန်ကို စေတနာ့ဝန်ထမ်း လုပ်ပေးပါ။ အချိန်ပြည့် လုပ်နိုင်သလား၊ အချိန်ပိုင်း လုပ်နိုင်သလား၊ သင်ပေးနိုင်တဲ့အချိန်ကို မိမိနယ်မြေတာဝန်ခံထံ သတင်းပို့ပါ။

(၅)
လေ့လာဆည်းပူးမှု အဆက်မပြတ်ပါစေနှင့်။ အထူးပြုလေ့လာမှုနှင့် အထွေထွေလေ့လာမှု နှစ်မျိုးစလုံးကို ဆက်လုပ်ပါ။ ဥပမာ - သင့်ကို မော်တော်ယာဉ်လုပ်သားများ စည်းရုံးရေးအတွက် တာဝန်ပေးထားရင် မော်တော်ယာဉ် လုပ်သားများရဲ့ဘ၀၊ သူတို့ရဲ့ လိုအင်ဆန္ဒ၊ သူတို့အတွက် လိုအပ်ချက် စတာတွေကို အထူးပြုလေ့လာနေရမယ်။ တစ်ချိန်တည်းမှာ တစ်နိုင်ငံလုံးက အလုပ်သမား ရေးရာတွေကိုလည်း မျက်ခြည်မပြတ်ရဘူး။

(၆)
အချိန်တန်ပြီဆိုရင် အဆင့်ဆင့်သော ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ပါ။ သည်လိုနဲ့ပဲ သင်ဟာ နိုင်ငံရေးသမားကောင်း တစ်ယောက်အဖြစ် ဘ၀ကို နေသွားလို့ရပါတယ်။

ကျောင်းနေကတည်းက လေ့ကျင့်ပေးရမယ်
ရော်ဘင်ရေဗင်က နိုင်ငံရေးသမား ပျိုးထောင်မှုအကြောင်းကို ဆက်ရေးတယ်။ သူက နိုင်ငံတစ်နိုင်ငံဟာ အရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေးသမားကောင်းတွေ အရေအတွက်များဖို့ လိုတယ်တဲ့။ ဒါကြောင့် စာသင်ကျောင်းတွေကနေ နောက်မျိုးဆက်အတွက် နိုင်ငံရေးသမားတွေ လေ့ကျင့်ပျိုးထောင် ပေးရမယ်လို့ သူက တိုက်တွန်းတယ်။ ကျောင်းတွေမှာ အသင်းအဖွဲ့တွေကို ဦးဆောင်မယ့် ကျောင်းသားအမှုဆောင် လူကြီးရွေးပွဲတွေ လုပ်ပေးရမယ်။ လွတ်လပ်တဲ့ လျှို့ဝှက်မဲပေးစနစ်ကို လေ့ကျင့်ပေးရမယ်။ စာတော်နေရုံနဲ့မပြီး၊ ပေါင်းသင်းဆက်ဆံရေး ၀င်ဆံ့မှ လူချစ်လူခင်များမှ ထောက်ခံဆန္ဒမဲ များများရမှာ ဆိုတဲ့အသိကို သွတ်သွင်းပေးရမယ်လို့ သူရဲ့စာတမ်းမှာ ရေးသားထားပါတယ်။
Ref: How To Be a Politician, Robin Raven

No comments:

Post a Comment

 
Web Statistics