Thursday, August 12, 2010

ဂဠုန်ဦးစောက ဇနီးထံ နောက်ဆုံးပေးစာ


မာမီခင်
ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့ဖြင့် ဖွဲ့စည်းထားသည့် ခပ်သိမ်းကုန်သော သင်္ခါရတို့သည်ကား ပျက်စီးခြင်းသာလျှင် အဆုံးရှိ၏။ ဘုရား၊ ရဟန္တာတို့သော်မှ မလွန်ဆန်နိုင်သော အနိစ္စတရားကို မည်သည့်လူနတ်ဗြဟ္မာတို့ လွန်ဆန်နိုင်အံ့နည်း။ မည်သည့်လူနတ်ဗြဟ္မာတို့သော်မှ မလွန်ဆန်နိုင်သည့် အနိစ္စတရားကို ကျွန်ုပ်သည် မည်ကဲ့သို့ လွန်ဆန်နိုင်အံ့နည်း။ မည်သူမဆို တစ်ဘ၀တွင် တစ်ခါ မိမိခန္ဓာကိုယ် အတ္တဘောကြီးကို စွန့်ရမြဲတည်း။

လမ်းရိုးဓမ္မတာပင်
ငါ၏ ခင်ပွန်းသည်၊ ငါ၏ လင်သည်၊ငါ၏ သခင်သည် သေသွားလေပြီ။ ငါတို့နဲ့ တကွဲတပြား ဖြစ်သွားလေပြီဟူ၍ စိတ်ဆင်းရဲခြင်း၊ ပူပန်သောကများရခြင်း မဖြစ်ကြပါလေနှင့်။ မည်သည့် လင်နှင့် မယား၊ မည်သည့်သမီးနှင့် အဖေတို့မှ၊ တစ်နေ့တည်း တစ်ချိန်တည်း သေကြမည်ဟူ၍ စာချုပ်ထားကြသည် မဟုတ်၊ သဘောတူထားကြသည် မဟုတ်။

စာချုပ်ထားကြလျှင်လည်း တည်နိုင်သော စာချုပ် မဟုတ်နိုင်။ သဘောတူထားကြလျှင်လည်း ဖြစ်နိုင်သော သဘောတူချက်မျိုး မဟုတ်နိုင်။ တစ်နေ့တွင် မိမိကံအလျောက်မိမိ အချိန်အတိုင်း မည်သူကမှ တောင်းပန်၍မရ၊ တား၍လည်းမရဘဲ သေရမည်မှာ ဓမ္မတာတရားအတိုင်းပင် ဖြစ်တော့သည်။

အလွန်ချစ်ခင်ကြသည့် လင်နှင့် မယား၊ သမီးနှင့် သား၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးညာတိ၊ သူငယ်ချင်းမိတ်ဆွေ၊ ပေါင်းဖော်သင်းဖက်တို့သည် တစ်နေ့နေ့တွင် တကွဲတပြားစီ ဖြစ်ကြရမည်မှာ မလွဲသောလမ်းတည်း။ တစ်ယောက်က အရင်သေ၍ တစ်ယောက်က နောက်မှသေသည်။ ဤမျှသာ ခြားနားခြင်းရှိသည်။ အားလုံး သေကြရမည်ကား သေချာသော ကိစ္စပင် ဖြစ်သည်။

အကုသိုလ် မဖြစ်ကြပါစေနဲ့
မိမိ၏ဇနီး၊ မိမိ၏ ချစ်သမီး၊ မိမိမိတ်ဆွေ၊ မိမိ၏ သူငယ်ချင်း၊ ဆွေမျိုးညာတိ အပေါင်းအဖော်၊ မိမိအား လိုလားသူအပေါင်းတို့အား တစ်ခု မှာထားခဲ့ပါရစေ။ ငါ၏ လင်၊ ငါ၏ ဖခင်၊ ငါ၏ မိတ်ဆွေ၊ ငါ၏ သူငယ်ချင်း၊ ငါ၏ အမျိုး၊ ငါ၏ ညီအစ်ကို၊ ငါ၏ အပေါင်းအဖော်၊ ငါ၏ ခေါင်းဆောင်အား ဘယ်သူတွေက သတ်ပစ်လိုက်ကြပြီဟူ၍ ဒေါသဖြစ်ခြင်း၊ စိတ်ဆိုးခြင်း မဖြစ်ကြပါနှင့်။ စိတ်ဆိုးဒေါသဖြစ်လျှင် အကုသိုလ်ဖြစ်မည်။ ကျွန်ုပ်သည် မည်သူသတ်၍မျှ သေသည်မဟုတ်။ ကျွန်ုပ်အား သတ်သူမှာ အတိတ်ဘ၀က အကြောင်းရင်းခံသော ကံသာလျှင်ဖြစ်၏။ ဤသို့ ထင်၏။ ဤသို့ ယုံကြည်၏။ ဤအချိန် ဤအခါတွင် ဤသို့ ဖြစ်လာရမည်မှာ ရှောင်၍မရ၊ လွှဲ၍မရ ကံကပင် စီမံဖန်တီးလာဟန်တူသည်။

စလေဆရာကြီး ဦးပုည
လောကီ၊ လောကုတ္တရာပညာတို့တွင် အလွန်နှံ့စပ်လိမ္မာသော စလေဆရာကြီး ဦးပုညမှာ မြင်ကွန်းမြင်းခုန်တိုင်တို့ အရေးတော်ပုံနှင့် စပ်လျဉ်း၍ အရှင်လတ်လတ် အသတ်ခံရ၏။

"လုပ်ပစေ နှုတ်ချွေဟချင်ဘု၊ ပုဗ္ဗေစထင်ရဲ့လေ၊ ကောသလရယ်လို့ လောကတွင် သရေလန်းပေတဲ့၊ ရွှေနန်းရှင် ရာနရိန်မှ ခါကြိမ်လျှင် ပျက်စမြဲပေမို့ စွဲတဲ့သံဝေ။
အကုသိုလ် ဃာဋကတ်ရယ်က ယခုလို လာ၍ဖြတ်တာမို့ ဇရပ်သို့ပြေးရချေ၊ ခွေးသေသို့ သေရငြား..."
အစရှိသော စာတစ်ပုဒ်ကို စလေးဦးပုည သေခါနီး ရေးသွားခဲ့သည်။ ထိုစာကို သေချာစွာ ဖတ်ရှုစဉ်းစားကြည့်လျှင် အလွန်ပင် အဓိပ္ပါယ်နက်၏။ ဖြစ်ပျက်သည့် ကိစ္စနှင့် ဆီလျော်၏။

ကောသလမင်းကြီးကဲ့သို့ ရွှေနန်းရှင် ဘုရင်တစ်ပါးသော်မှ ရှေးကံနှိပ်စက်သောအခါ၌ ဇရပ်တစ်ခုတွင် သွား၍သေရသည်။ ဦးပုညကဲ့သို့ များစွာသော ပုဂ္ဂိုလ်တို့လည်း အသတ်ခံကြရ၏။ အတိတ်ဘ၀က ကံသည်ပင် အကြောင်းရင်း ဖြစ်တော့၏။

မာမီခင်တို့ တရားနှင့်ဖြေပါ
အထက်ပါ စကားကို မာမီခင်တို့သားအမိ နှလုံးသွင်း၍ တရားနှင့်ဖြေပါ။ ရတနာသုံးပါးကို ပိုမိုအားထားပါ။ ကုသိုလ်ကောင်းမှုများကို ပိုမိုလုပ်ပါ။ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်များကို ဘောဂသမ္ပတ္တိ၊ ဘ၀သမ္ပတ္တိ မဟုတ်မူ၍ နိဗ္ဗာန်မဂ်ဖိုကိုသာ အာရုံထား၍ ပိုမိုအားထုတ်ပါ။

သမီးကို ဂရုစိုက်ပါ
မာမီခင်ကို တစ်ခုမှာခဲ့ပါရစေ။ သမီးကို ဗုဒ္ဓဘာသာစာတွေ များများဖတ်ပါစေ။ ဖတ်အောင် မာမီက ကြိုးစားပါ။ မာမီကိုယ်တိုင် အနေအထား၊ အသွားအလာ အရာရာ သတိပြုပါ။ သမီးကို အထူးဂရုစိုက်ပါ။

မာမီနှင့် ကျွန်တော်၊ လင်မယားအဖြစ် ရောက်သည့်နေမှစ၍ ကျွန်တော့်အပေါ်၌ တစ်စုံတစ်ရာ မကျေနပ်ဖွယ်ရာ ရှိပါလျှင် သည်းခံပါ။ မာမီ့အပေါ်၌ ရှိလျှင်လည်း ကျွန်တော် သည်းခံခွင့်ပြုပါသည်။ ကျွန်တော်၏ စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုများအတွက် မာမီခင်က ဂရုစိုက်သည်တို့ကို ကျေးဇူးတင်ပါသည်။ အားလုံးသော ဆရာတော် သံဃာတော်များကို နှုတ်ဆက်လိုက်ပါ။

မောင်စော
usaw.jpg
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၁၊ အမှတ်-၆၊ စာမျက်နှာ-၆၊ တက္ကသိုလ်စိန်တင်"ရွှေနန်းရှင် ရာနရိန်မှ ခါကြိမ်လျှင် ပျက်စမြဲဟာမို့ စွဲတဲ့သံဝေ" နိုင်ငံတော်လုပ်ကြံမှုကြီး တစ်တရားခံ ဂဠုန်ဦးစောက ဇနီးထံ နောက်ဆုံးပေးစာ မှ ထုတ်နုတ်ကူးယူ ဖော်ပြတာပါ။ စာထဲမှာ ဆရာတက္ကသိုလ်စိန်တင်က "ဦးစော၏ ပေးစာကို နောင်လာနောက်သား လူအများတို့ တွေးတောဆင်ခြင် သံဝေဂယူချင်ပါက ယူနိုင်ကြစေရန် (၇၊ ၅၊ ၁၉၄၈) နေ့ထုတ် သံတော်ဆင့် သတင်းစာမှ ကူးယူတင်ပြလိုက်ပါသည်" လို့ ရေးသားထားပါတယ်။ ထို့ပြင် စာထဲမှာဦးစောရေးထားတဲ့ မာမီခင်ဆိုတာ သူ့ဇနီး ဒေါ်သန်းခင်နဲ့ သမီးကတော့ ဘေဘီစော ဖြစ်တဲ့အကြောင်း စာရေးသူက ရှင်းပြထားပါသေးတယ်။ ဂဠုန်ဦးစောရဲ့ ပေးစာကို အဓိကထားပြီး တင်ပေးချင်တာမို့ အခြားစာတွေကို ပြန်လည်ကူးမရေးတော့ဘဲ ဂဠုန်ဦးစောရဲ့ ပေးစာကိုပဲ သီးသန့်ရွေးပြီး တင်ပေးလိုက်တာပါ။ ဒါပေမယ့် အဆုံးသတ်မှာ အပိုဒ်(၃)အနေနဲ့ ဆရာတက္ကသိုလ်စိန်တင် ရေးထားတာလေးကိုတော့ ဖတ်ကြည့်စေချင်လို့ အောက်မှာ ပြန်ကူးပေးထားပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

နိုင်ငံတော်လုပ်ကြံမှုကြီး တစ်တရားခံ နန်းရင်းဝန်ဟောင်း ဦးစောကို (၈၊ ၅၊ ၁၉၄၈) နေ့တွင် အင်းစိန်အကျဉ်းထောင်ကြီး၌ ကြိုးပေး၍ သေဒဏ်စီရင်ခဲ့သည်။ ထိုနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးစောနှင့် လူသတ်သမားတို့က လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် ၂၉၃ ရက် အကြာတွင် ဖြစ်သည်။

အထူးစဉ်းစားဖွယ်ရှိသည်မှာ ဦးစော၏ စာတွင် ရေးသားဖော်ပြခဲ့သလို ဦးစောသည် ဗုဒ္ဓမြတ်စွာ၏ တရားတော်များကို အမှန်ပင် ရင်ဝယ်ပိုက်ထွေးခဲ့သူ ဟုတ်ပါရဲ့လား၊ သို့မဟုတ် ပါးစပ်က ဘုရား... ဘုရား ဆိုပြီး လက်က တရားမဲ့ ယုတ်မာပက်စက်စွာ ကျင့်ကြံခဲ့သူ လူဆိုး၊ လူသွမ်း၊ လူရမ်းကားအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခဲ့ပြီ မဟုတ်ပါလား။

No comments:

Post a Comment

 
Web Statistics