Thursday, August 12, 2010

လူနှင့် ဂဏန်းသင်္ချာ - မောင်မိုးဦး


လူတိုင်းသည် သင်္ချာဘာသာရပ်ကို စိတ်မ၀င်စားသော်လည်း သင်္ချာတွက်ခြင်းကိုတော့ မည်သူမျှ ဥပေက္ခာပြုလို့မရပေ။ ကျောင်းသားက သင်္ချာပုစ္ဆာတွက်သလို အိမ်ရှင်မကလည်း ဈေးဖိုးတွက်သည်။ အလုပ်သမားက ၀င်ငွေတွက်သကဲ့သို့ လုပ်ငန်းရှင်ကလည်း အမြတ်အစွန်း တွက်သည်။ လောင်းကစားသမားများက အနိုင်အရှုံးတွက်သလို အိမ်ထောင်ဦးစီးကလည်း သူ့မိသားစု ရပ်တည်မှုအတွက် သင်္ချာတွက်ကြသည်။ သို့သော် မိမိတွက်သည့် သင်္ချာသည် မျှတဖို့နှင့် စာနာစိတ်ပါလျှင် ပိုကောင်းမည်ထင်သည်။

ကျွန်တော်သည် သင်္ချာဘာသာရပ်ကို ၀ါသနာမပါသော်လည်း သင်္ချာတွက်သူတစ်ယောက်သာ ဖြစ်သည်။ ကျွန်တော့်သင်္ချာက မိမိဝင်ငွေနှင့် လောက်ငအောင် မည်သို့သုံးစွဲရမည်ဆိုသော သင်္ချာပင်ဖြစ်သည်။

ဆရာဆိုသည်မှာ အနန္တောအနန္တငါးပါးတွင် တစ်ပါးအဖြစ် ပါဝင်သော ပုဂ္ဂိုလ်များ ဖြစ်၏။ ထို့ကြောင့် ဆရာဆိုသည်နှင့် ကျွန်တော်တို့က လေးစားပြီးသား ဖြစ်သည်။ ယခုလို အစစအရာရာ ပညာက ရှေ့ဆောင်နေသော ရာစုသစ်တွင် လူတစ်ယောက်၏ ဘ၀နှင့် အောင်မြင်တိုးတက်မှုအတွက် ပညာရေး၏ အခန်းကဏ္ဍက အဓိကကျလျက်ရှိ၏။ ပညာရေးဟု ဆိုလိုက်သည်နှင့် ဆရာ၊ ဆရာမများနှင့် တပည့်များ မည်သို့မျှ ခွဲခြားလို့မရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် မျိုးဆက်သစ်လူငယ်များအတွက် ဆရာ၊ ဆရာမများ၊ အမြဲလိုအပ်နေသောကြောင့် ဖြစ်သည်။

ကျွန်တော်တို့ လူသားများ၏ ဘ၀မှာ ဆရာသုံးမျိုးရှိသည်။ သင်ဆရာ (မုတာစရိယ)၊ မြင်ဆရာ (ဒိဋ္ဌာစရိယ)၊ ကြားဆရာ (သုတာစရိယ) တို့ ဖြစ်သည်။ သင်ဆရာတို့သည် "အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ" ဟူသော ဆရာ့ဝတ္တရား ငါးပါးနှင့်အညီ တပည့်များကို စေတနာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ထားကာ သင်ကြားခဲ့သူများသာ ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ဆရာများသည် တပည့်များအတွက် ချစ်ကြောက်ရိုသေစွာ ဆည်းကပ်ကိုးကွယ် အားထားရမည့် ကျေးဇူးရှင်များ ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ် "အောက်တိုဘာ ၅ ရက်" ကို ကမ္ဘာ့ဆရာများနေ့ (World Teachers' Day)အဖြစ် သတ်မှတ်၍ ယူနက်စ်ကို၊ အိုင်အယ်လ်အို၊ ယူအင်ဒီပီနှင့် ယူနီဆက်တို့က စုပေါင်းသ၀ဏ်လွှာများ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ကလေးတစ်ယောက် ကျောင်းစတက်သည်နှင့် ကျူရှင်နှင့် ပတ်သက်ရသည်။ အစာအိမ်များအတွက် အိမ်ရှိလူကုန် အလုပ်ထွက်လုပ်ရသော အနေအထားတွင် ကျွန်တော်တို့ မိဘများကလည်း မိသားစု စားဝတ်နေရေးအပြင် သားသမီးများ၏ ပညာရေးအတွက်ပါ အလုပ်ပိုလုပ်ရသည်။ စနစ်တကျ တွက်ချက်ပြီး သုံးစွဲရသည်။ အရေအတွက်ကို လျှော့ရသည်။ အရည်အသွေးကို လျှော့ရသည်။ ထိုပုံသေနည်းအတိုင်း ကျွန်တော်တို့ သရုပ်ဆောင်ခဲ့သည်မှာ သင်္ကြန်စာများစွာ ပြောင်းလဲခဲ့ရပြီ ဖြစ်၏။

မိဘဆိုသည်မှာ မိမိသားသမီးကို တော်စေချင် တတ်စေချင်သူများသာ ဖြစ်သည်။ သားသမီးများသည့် မိဘက ကလေးအားလုံးကို ထူးချွန်စေချင်သလို တစ်ဦးတည်းသော ကလေး၏ မိဘကလည်း မိမိ၏ ကလေးကို တော်စေချင်သည်မှာ သဘာဝပင် ဖြစ်သည်။ ထို့ကြောင့် လေအေးစက်နှင့်နေသော မိဘက ယပ်တောင်မလိုသည့် ကျူရှင်မှာ မိမိကလေးကို အပ်နှံသလို လိုင်းကားတိုးစီးသည့် မိဘကလည်း သူတို့၏ သားသမီးကို ပြတင်းပေါက် ဖွင့်ထားသည့်ကျူရှင်မှာ ပညာသင်စေခြင်းသည် လူတန်းစားနှစ်မျိုးအတွက် မှန်ကန်သော တွက်နည်းနှစ်မျိုးပင် ဖြစ်သည်။

မိဘတစ်ဦးဖြစ်သော ကျွန်တော်သည် တစ်ဦးတည်းသော သားလေးကို ဘာသာရပ်တိုင်းမှာ တတ်စေချင်သူ တစ်ယောက်ဖြစ်သည်။ အတန်းထဲတွင် အဆင့် ၁ မှ ၁၀ အတွင်း မ၀င်လည်း ပြဿနာမရှိပေ။ ဂုဏ်ထူးပါခြင်း၊ မပါခြင်းကိုလည်း ရင်မခုန်ပေ။ သို့သော် သူသင်ရသည့် ဘာသာရပ်တိုင်းကိုတော့ နားလည်စေချင်သည်။ (ကျွန်တော့်ကို ပညာရေးနှင့် ပတ်သက်ပြီး လောဘနည်းသူဟုလည်း ဆိုနိုင်သည်။)

သည်လိုနှင့် န၀မတန်းဖြေပြီးသောသားကို အိမ်ရှင်မက ၁၀ တန်း ကျူရှင်အပ်ဖို့ စီစဉ်၏။ သို့သော် ထိုအစီအစဉ်ကို လောလောဆယ် ကျွန်တော် ကန့်ကွက်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ကလေးတစ်ယောက်သည် မူလတန်း စတက်သည်နှင့် သင်ခန်းစာတွေ၊ ကျောင်းတွေ၊ ကျူရှင်တွေ၊ စာမေးပွဲတွေ ရင်ဆိုင်ခဲ့ရပြီးနောက် လုပ်ငန်းခွင် ရောက်သည့်အခါမှာလည်း သင်တန်းတွေ၊ လေ့ကျင့်ခန်းတွေ၊ ရာထူးခန့် စာမေးပွဲတွေ၊ ၀င်ခွင့်စာမေးပွဲတွေ ရစ်ပတ်နေရဦးမည်သာ ဖြစ်၏။ ထို့ကြောင့် စာမေးပွဲဖြေပြီးခါစလေးတွင် ကလေး၏ ဦးနှောက်ထဲသို့ မည်သည့်အကြောင်းအရာမျှ ထည့်မပေးသေးဘဲ လွတ်လွတ်လပ်လပ် နေစေချင်သည်။ ဦးနှောက်ကို အနားပေးထားစေချင်သည်။ ထို့ကြောင့် လောလောဆယ် ကန့်ကွက်ထားခြင်း ဖြစ်၏။

သည်လိုနှင့် သီတင်းပတ်နှစ်ပတ်လောက် လွတ်လွတ်လပ်လပ် နေစေပြီးနောက် သားကို ၁၀ တန်း ကျူရှင်အပ်ဖို့ ကျွန်တော်စုံစမ်းရသည်။ အတန်းကျောင်းနှင့် လွတ်သည့်အချိန်၊ အိမ်နှင့် မဝေးသည့်နေရာ၊ သင့်တင့်သည့် ကျူရှင်လခ စသည့်အချက်များနှင့် တိုင်းတာပြီး လက်လှမ်းမီသလောက် အခြားမိဘများထံ စုံစမ်းရသည်။ မကြာခင် မိဘတစ်ဦး၏ လမ်းညွှန်မှုဖြင့် အောင်ချက်ကောင်းသည်ဆိုသော  ကျူရှင်တစ်ခုကို သိလိုက်ရလေသည်။ ထို့ကြောင့် တစ်ရက်မှာ ထိုကျောင်းသို့သွားပြီး ပိုင်ရှင်တာဝန်ခံဆရာနှင့် တွေ့သည်။ ထိုဆရာ၏ စကားကို ကြားလိုက်ရသောအခါ ထိုဆရာဆိုသူကို မှတ်ချက်ချရန်၊ ဘာသာပြန်ရန် ခက်ခဲသွားလေတော့သည်။ တရုတ်ဇာတ်လမ်းတွဲတွေထဲကလို "ဒီကိစ္စမျိုး တကယ်ရှိသလား" ဆိုသည့် စကားတစ်ခွန်းကိုလည်း သတိရသွားမိသည်။

ထိုဆရာပြောလိုက်သည့် စကားမှာ "ကိုယ့်ကျူရှင်က ကလေးတိုင်းကို လက်ခံတာမဟုတ်ဘူး။ ကျောင်းက A ခန်းမှာ တက်နေတဲ့ကလေးတွေကိုပဲ လက်ခံတာ" ဆိုသည့် စကားပင် ဖြစ်သည်။ ထိုအခါ ဆရာဆိုသည့် ပုဂ္ဂိုလ်များကို ကျွန်တော်နားလည်ထားသည်က တစ်မျိုးဖြစ်သည်။ ဆရာဆိုသည်မှာ "နားမလည်သည့် တပည့်ကို နားလည်အောင် ရှင်းပြမည်။ မတတ်သည့်တပည့်ကို တတ်အောင် သင်ပေးမည်။ နားလည်တတ်မြောက်သွားသည့် တပည့်ကို ထူးချွန်ထက်မြက်အောင် သင်မည်" ဆိုသည့် ပုဂ္ဂိုလ်များဟု ကျွန်တော် ညီမျှခြင်း ဆွဲချင်သည်။ သို့သော် တော်ပြီး A ခန်းမှာ သင်ခွင့်ရသော ကျောင်းသားများကိုသာ နှမ်းဖြူးသင်ပေးပြီး "အောင်ချက်ကောင်းသည်" ဆိုင်းဘုတ်ထောင်ချင်သည့် သင်္ချာတွက်သော လူမျိုးကို ဆရာအဖြစ် ကျွန်တော့်အနေနှင့် နောင်ဘ၀အထိ သတ်မှတ်နိုင်မည် မဟုတ်ပေ။ (ဆရာပီသသော ဆရာအစစ်များကိုတော့ လေးစားပါသည်။)

နာရီမပြင်တတ်သော ကျွန်တော်သည် နာရီပြင်သူကို "ဆရာ" ဟု သတ်မှတ်နိုင်သလို၊ စက်ဘီးကို စီးရုံသာစီးတတ်သော ကျွန်တော်သည် စက်ဘီးပြင်သမားကို "ဆရာ" ဟု အတည်ပြုနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ကျွန်တော်လေးစား ဦးညွတ်နေမည်သာ ဖြစ်၏။ သို့သော် ဆရာစိတ်ရှိသော ဆရာအစစ်များကိုသာ ဖြစ်သည်။

No comments:

Post a Comment

 
Web Statistics