လူအများက ဒီမိုကရေစီ ဆိုသောစကားကို တဖွဖွ ပြောသောအခါ တချို့လူတွေ နားကြားပြင်း ကတ်ကြသည်။ ကိုယ်မကြိုက်သောသူ အကြောင်းကို တမ်းတမ်းတတ ပြောနေတာ သည်းမခံတတ်သော သဘာဝကြောင့် ဖြစ်ပါသည်။
အဲသည်လို နားကြားပြင်းကတ်သူတွေက "ဒီမိုကရေစီဆိုတာ မင်း ဘယ်လောက်နားလည်လို့ ပြောနေသလဲ။ သူများပြောသံကြားတိုင်း လိုက်ယောင်မနေနဲ့" စသဖြင့် တစ်ဖက်လူ ပါးစပ်ပိတ်သွားအောင် ဖိပြောတတ်ကြသည်။
တကယ်လည်း သည်ပုဂ္ဂိုလ်တွေပြောသလို "မင်းဘယ်လောက် နားလည်သလဲ" မေးလျှင် "ကျွန်တော် သိပ်တော့ နားမလည်ပါဘူး" ဟု ၀န်ခံရသူတွေ များလိမ့်မည်။ သို့သော် "ခင်ဗျားကော" လို့ ပြန်မေးလျှင် သူကော ဘယ်လောက်ကျကျနန ဖြေနိုင်မည်လဲ။
အကြောင်းအရာတစ်ရပ်ကို ခံစားနားလည် ယုံကြည်တာနှင့် အမေးမြန်း အစစ်ကြောခံနိုင်တာ မတူပါ။ အများပြည်သူတွေသည် နိုင်ငံရေးသဘောတရားတွေ၊ ကျမ်းဂန် အဆိုအမိန့်တွေကို ရွတ်ဖတ်သရဇ္ဈာယ် မနေသော်လည်း သူတို့ရင်ထဲမှာ ဒီမိုကရေစီ၏ အနှစ်သာရတွေ အခိုင်အမာ အမြစ်တွယ်နေသည်။
တခြားဟာတွေ မသိသော်လည်း ဒီမိုကရေစီဆိုလျှင် လွတ်လပ်မှုရှိမည်၊ တရားမျှတမှုရှိမည်ဟူ၍ လူတွေ သိကြသည်။
လွတ်လပ်မှုကို လိုချင်တာ လူ့ပင်ကိုသဘာဝ ဖြစ်သည်။ လွတ်လပ်မှုရှိမှလည်း သူ့အသက်ရှင် ရပ်တည်မှုအတွက် သူ အားထုတ်နိုင်မည်။ ကျွန်ဘ၀ရောက်နေသော တိုင်းပြည်သည် နာလန်မထူနိုင်သကဲ့သို့ လွတ်လပ်မှုကင်းမဲ့သော သူသည်လည်း လူလုံးလှနိုင်မည် မဟုတ်။ ထို့ကြောင့်လည်း လူတိုင်း လူတိုင်း လွတ်လပ်စွာ မွေးဖွားလာခဲ့သည်ဟူသော စကားတစ်ခုကို လူမျိုး တစ်ရာ့တစ်ပါးတို့ အထူးတလည် အရေးတယူပြုပြီး ရေးခဲ့၊ မှတ်ခဲ့၊ အတည်ပြုခဲ့ကြတာ ဖြစ်သည်။ လွတ်လပ်မှုသည် လူ၏ မွေးရာပါပစ္စည်း။ သူ့ပစ္စည်း သူပိုင်ရမည်။ သူ မပိုင်လျှင် အခြားသူတစ်ဦးတစ်ယောက်က ရယူသိမ်းဆည်းထား၍ ဖြစ်မည်။ အဲဒါဆိုလျှင် ဘယ်မှာ တရားမျှတပါမည်လဲ။
လွတ်လပ်မှုဟု ဆိုလိုက်သည့်အခါ ဘာတွေ လွတ်လပ်ချင်တာလဲ။
ကိုယ့်ဝမ်းစာ ကိုယ်ရှာစားသည့်အခါမှာ အနှောင့်အယှက် အဟန့်အတား မများဖို့ဖြစ်သည်။ ကိုယ့်အိမ်ကိုယ်ရာမှာ နေထိုင်သည့်အခါ လုံခြုံစိတ်ချရမှု ရှိဖို့ဖြစ်သည်။ လူအများနှင့် ပတ်သက်သည့် ကိစ္စများမှာ ကိုယ်စိတ်ဝင်စားတာတွေ ၀င်လုပ်ပြီး မ၀င်စားတာတွေ မလုပ်ဘဲ အေးအေးဆေးဆေး နေနိုင်ဖို့ ဖြစ်သည်။
ရပ်နှင့်ရွာနှင့် နေသည့်အခါ အများနှင့် ဆက်ဆံပေါင်းသင်းရလိမ့်မည်ဟု လူတိုင်း သိကြသည်။ အဲသည်လို ဆက်ဆံရသည့်အခါ အသင့်အတင့် သည်းခံရ၊ လိုက်လျောရ၊ အနစ်နာခံရတာတွေ ရှိမည်ဆိုတာလည်း လူတိုင်း နားလည်ကြသည်။ သို့သော် "အသင့်အတင့်" သာ လက်ခံနိုင်ကြလိမ့်မည်။
လူအများ ရောနှောနေသည့်အခါ တစ်ဦးကိုတစ်ဦး စည်းရုံးတာ၊ ဆွဲဆောင်တာတွေ ရှိမည်။ သဘောတူလျှင် ပါသွား၊ မတူလျှင် အသင့်အတင့် လက်ခံနားထောင်၊ သည့်ထက်မက ဆိုလျှင်တော့ တော်ပါတော့ဗျာဟု ဆိုလိမ့်မည်။
အလုပ်အကိုင် အဆင်မပြေသည့် မိတ်ဆွေအား "ခင်ဗျား မုန့်ဟင်းခါး မရောင်းနဲ့ဗျာ။ ကျုပ်ဝပ်ရှော့လာလုပ်။ ဘယ်လောက်ပေးမယ်" ဟု ဆို၍ရပါသည်။ သို့သော် လက်ခံမခံက သူ့သဘောဖြစ်သည်။ အရေးကြီး အသည်းအသန် အနေအထားမှာ ကျေးဇူးတင် လက်ခံချင် လက်ခံမည်။ သို့မဟုတ်လျှင်တော့ စဉ်းစားဖို့များသည်။ သူပြောတာ ငါ့အတွက်လား။ သူ့အတွက်လား။ စေတနာနဲ့ ပြောတာပဲဟု ယုံကြည်လျှင်ပင် သူ့စေတနာသည် ကိုယ့်အတွက် အကျိုးဖြစ်မလား၊ မဖြစ်ဘူးလား...။ မုန့်ဟင်းခါးဆိုင်က အကျိုးအမြတ် မသေချာ၊ သို့သော် ကိုယ်ပိုင်ဖြစ်သည်၊ လွတ်လွတ်လပ်လပ် လုပ်နိုင်သည်။ ၀ပ်ရှော့မှာ လုပ်လျှင် သူ့အလုပ်သမား ဖြစ်လိမ့်မည်။ လခသေချာလျှင်ပင် လွတ်လပ်မှုတော့မရှိ... စသဖြင့်။
လူသည် ကိုယ့်တစ်ဝမ်းတစ်ခါးကို ကိုယ့်ဘာသာ လွတ်လပ်စွာ ရှာစားချင်သောစိတ် ရှိသည်။ ထို့ကြောင့်လည်း လူအများကို ဇိကုပ် နတ်ပြည်တင်ပေးချင်သည့် ဗဟိုဦးစီးစနစ်များနှင့် အများပြည်သူတို့ သဟဇာတ မတည့်ကြခြင်း ဖြစ်သည်။
မလွတ်လပ်ခြင်းကို မနှစ်သက်သလို တရားမျှတမှု မရှိခြင်းကိုလည်း လူတို့ မလိုလား။
ကလေးတွေအားလုံး မုန့်တစ်ယောက်တစ်ခုစီ ဝေသည့်အခါ ကိုယ့်မုန့်ကသေးနေလျှင် သဘောမကျ။ ကိုယ်တစ်ခုရပြီး သူနှစ်ခုရလျှင်လည်း လက်မခံနိုင်။ ကျောင်းသားဘ၀၌ စာမရတာချင်းအတူတူ ဆရာမက သူ့ကို ခပ်သာသာ တစ်ချက်ရိုက်ပြီး ကိုယ့်ကျတော့ ခပ်နာနာ နှစ်ချက်ရိုက်လျှင် သဘောမကျ။ စာမေးပွဲမှာ အဖြေမှန်တာချင်း တူပါလျက် သူ့ကျတော့ အမှတ်ပြည့်ပေးပြီး ကိုယ့်ကျတော့ ကတ်ကတ်သတ်သတ် အမှတ်လျှော့ထားတာ မကျေနပ်။
လူကြီး ဖြစ်လာသည့်အခါမှာလည်း ထိုနည်း၎င်း...။
တရားရုံးမှာ ငွေများ တရားနိုင်တာ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါတာ လက်မခံနိုင်။ တရားဥပဒေသည် တရားမျှတမှုရှိရမည်။ တရားရုံးသည် မျက်နှာမလိုက်ရ။ တစ်ဖက်သတ် မစီရင်ရ။ ပြန်လည်ခုခံ ချေပခွင့်ရှိရမည်။ နှစ်ဖက်ရှေ့နေတွေ ပြောကြဆိုကြ၊ လျှောက်လဲကြ။ တရားသူကြီးက သမာသမတ်ကျစွာ ဆုံးဖြတ်။
သည်လိုပဲ...။
ရပ်ထဲရွာထဲမှာ ကိုယ့်အမြင်မတော်တာတွေ ရှိသည်။ အဲဒါတွေ ပြုပြင်မွမ်းမံချင်သည်။ ကောင်းအောင် လုပ်ပေးချင်သည်။ အဲဒါတွေ လုပ်နိုင်ရန်အတွက် ရပ်ကွက်လူကြီးရွေးပွဲ၊ ရွာသူကြီးရွေးပွဲတွေ ၀င်ဖို့လိုသည်ဆိုလျှင် သူဝင်ခွင့်ရှိသလို ကိုယ်လည်း ၀င်ခွင့်ရှိရမည်။ သူပြောဆိုစည်းရုံး ကိုယ်ပြောဆိုစည်းရုံး။ သူ့ကို လူအများထောက်ခံလျှင် သူလုပ်၊ ကိုယ့်ကို လူအများထောက်ခံလျှင် ကိုယ်လုပ်။
အဲဒါဆိုလျှင် တရားမျှတသည်။ တန်းတူအခွင့်အရေးရှိသည်ဟု မြင်သည်။ ဒါကို လူအများ သဘောကျသည်။ အများပြည်သူက ဒီမိုကရေစီ လိုချင်သည်ဟု ပြောသောအခါ သည်လို အနေအထားတွေကို ရည်မျှော်ပြီး ပြောခြင်းဖြစ်သည်။
သို့သော်...။
ကိုယ်လိုချင်တာတွေချည်းပဲလားလို့ မေးလျှင် သည်လိုချည်း မဟုတ်ဘူးဆိုတာ ပြတ်ပြတ်သားသား ဖြေကြလိမ့်မည်။
လူတွေသည် "ဆန်ပေးမှ ဆေးရ" သဘောကို နားလည်ကြသည်။ လုပ်ပိုင်ခွင့်ရှိသလို လုပ်ပေးရမည့် တာဝန်တွေရှိတာလည်း သိကြသည်။ လုပ်ပေးခဲ့တာတွေ များပါပကောလားဟုပင် စောဒကတက်နိုင်သည်။
သို့သော် ဘာမှ အထူးတလည် မတောင်းဆို၊ လုပ်ပိုင်ခွင့်နှင့် တာဝန်မျှတဖို့၊ ပေးရသောဆန်နှင့် ပြန်ရသောဆေး တန်ဖိုးချင်း ညီမျှဖို့ကိုသာ လူအများ အလေးထားကြပါသည်။
ပြည်သူ့ခေတ်အယ်ဒီတာ
၂-၈-၂၀၁၀
No comments:
Post a Comment