ဒီမိုကရေစီ၌ ဗားရှင်းအမျိုးမျိုး ရှိနိုင်သည်ဟုဆိုလျှင် ဖြစ်ထွန်းတော့မည့် မြန်မာ့ဒီမိုကရေစီကို ဒေသပုံပြင် Local Narrative ပုံသဏ္ဌာန်ဖြင့် နားလည်ကြရမည် ဖြစ်သည်။ ဒီမိုကရေစီသဘောတရားနှင့် ပတ်သက်၍ လောကအလုံးစုံ အကျုံးဝင်သော ယူနီဗာဆယ် စံတို့ဖြင့်သာ အကဲဖြတ်ရမည်ဟူသော အမြင်ရှိသလို အခြားတစ်ဖက်၌လည်း ဒေသထူးခြားချက်တို့ဖြင့် ဒီမိုကရေစီကို ဒီဇိုင်းဆွဲရမည်ဟူသော အမြင်ရှိသည်။ ယခု ခေတ်စားလာသော တတိယအမြင်မှာ ဒီမိုကရေစီကို ယူနီဗာဆယ်စံတို့နှင့် ဒေသပုံပြင်တို့ကို သမူဟပြု ရောစပ်ပေးသည့် အမြင်ဖြစ်သည်။
ယူနီဗာဆယ်နှင့် ဒေသထူးခြားချက်တို့ကို သမူဟပြုရမည်ဟု ဆိုသောအခါ မဟာဗျူဟာ အခြေခံအရ အရေးကြီးသော မေးခွန်းတစ်ပုဒ် မေးစရာပေါ်လာသည်။ ယင်းမှာ တိမ်းညွတ်ချက်နှင့် ဖြစ်ရပ်ကြီးတို့ကို ယူနီဗာဆယ်စံတို့က ပုံလောင်းသလော သို့တည်းမဟုတ် ဒေသပုံပြင်တို့က ပုံလောင်းသလောဟူ၍ ဖြစ်သည်။ အနောက်တိုင်း ဒီမိုကရေစီ ပညာရှင်တို့က မြန်မာ့ဒီမိုကရေစီကို အနောက်တိုင်းစံတို့ဖြင့် အကဲဖြတ်ချင်ကြသည်။ အနောက်တိုင်းစံတို့က မြန်မာ့နိုင်ငံရေးကို ပုံလောင်းစေချင်သည်။ မဖြစ်နိုင်သောအရာတို့ကို တမ်းတခြင်း ဖြစ်သည်။ တစ်နည်းပြောလျှင် နိုင်ငံရေးပါး မ၀ဟု ဆိုနိုင်သည်။
အခြေခံဝါဒီ
လူ့အဖွဲ့အစည်းကိုလည်းကောင်း၊ လူ့ယဉ်ကျေးမှုကိုလည်းကောင်း ယူနီဗာဆယ်စံ တစ်မျိုးတည်းဖြင့် အကဲဖြတ်ကြည့်သည်မှာ အခြေခံဝါဒီ ဆန်လွန်းသည်။ မျက်မှောက်ခေတ်၌ အခြေခံဝါဒီတို့ ကျဆုံးနေသည်ကို သတိချပ်ရာသည်။ အခြေခံဝါဒီဆိုသည်မှာ ဘာသာရေးအခြေခံဝါဒီသာ ရှိသည်မဟုတ်။ နိုင်ငံရေး၊ စီးပွားရေး အခြေခံဝါဒီတို့လည်း ရှိသည်။ နိုင်ငံရေးအခြေခံဝါဒီ၌ ဒီမိုကရေစီကို နိုင်ငံတိုင်းအတွက် ပုံစံတူထုလုပ်ချင်သော အယူအဆလည်းပါသည်။ ဒီမိုကရေစီသည် ဗားရှင်းတစ်ခုတည်းသာ ရှိရမည်ဟု မြင်သည်။ ဒီမိုကရေစီ၌ ဗားရှင်းမျိုးစုံ ရှိနိုင်သည်ကို သူတို့က လက်မခံနိုင်ပေ။
ဒီမိုကရေစီတွင် ရွေးကောက်ပွဲတို့သည် ကျောရိုးဖြစ်သည်။ ဒီမိုကရေစီမှန်လျှင် ရွေးကောက်ပွဲတွေ ကျင်းပပေးရမည်။ သို့သော် ဒီမိုကရေစီ ဗားရှင်းလိုက်ပြီး ရွေးကောက်ပွဲပုံသဏ္ဌာန်တို့လည်း ခြားနားမည်ဖြစ်သည်။ ဤနေရာ၌ အမြင်အမျိုးမျိုး ခြားနားကြသည်။ အချို့က ရွေးကောက်ပွဲ တရားမျှတမှုကို ကြိုတင်စည်းကမ်းချက်အဖြစ် သတ်မှတ်သည်။ တရားမျှတမှုရှိမှ ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်ချက်ချခြင်းမျိုး ဖြစ်သည်။
ငါစွဲ
အချို့က ရွေးကောက်ပွဲသည် ပြောင်းလဲရန် အခွင့်အလမ်းအဖြစ် မြင်သည်။ ဤအခွင့်အလမ်းကို ဆုပ်ကိုင်၍ ခေါ်မည့် လွှတ်တော်နိုင်ငံရေးတွင် မိမိဖြစ်လိုသော လုပ်ငန်းစဉ်တို့ကို အကောင်အထည်ဖော်ရန် ကြိုးစားကြည့်ချင်သည်။ ဤအမြင်မှာ ရလဒ်အခြေပြုအမြင် ဖြစ်သည်။ ဤနေရာ၌ Capacity စွမ်းရည်က စကားပြောသည်။ ရွေးကောက်ပွဲ တရားမျှတရေးသည် အုပ်စိုးသူစပွန်ဆာ၏ စေတနာပေါ်လည်း မူတည်သည်။ အအုပ်စိုးခံတို့၏ စွမ်းရည်ပေါ်၌လည်း မူတည်သည်။ အခြားနည်းလမ်း မရှိပြီ။
နောက်ထူးခြားချက်မှာ ယနေ့၌ "ငါ" ရှိမှ "ငါ" ပါမှ ဖြစ်မည်ဆိုသော အခြေအနေမျိုးလည်း မရှိတော့ခြင်းဖြစ်သည်။ မျိုးဆက်သစ်တွေ အားပေးရမည်ဟု ပြောပြီး "ငါရှိမှဖြစ်မည်" ဟု တစ်ဖက်ကမြင်နေလျှင် ယင်းမှာ နိုင်ငံရေး၏ သဘာဝကို နားမလည်ခြင်းသာ ဖြစ်သည်။ "ငါရှိမှ ဖြစ်မည်၊ ငါမရှိရင် ဘာမျှမလုပ်တတ်ကြ" ဟူသော အမြင်သည် ဒီမိုကရေစီနှင့် လားလားမျှ မအပ်စပ်ပေ။ ငါမရှိလည်း ငါ့ထက်တော်သူတွေ ပေါ်နေသည့်ခေတ် ဖြစ်သည်။ ငကန်းသေ၍ ငစွေတက်လာသူတွေ ပေါ်သောခေတ် ဖြစ်သည်။ ငါစွဲထက် အင်စတီကျူးရှင်းက အရေးကြီးသည်။
စာညွှန်း - Harvard Series
No comments:
Post a Comment