Tuesday, August 17, 2010

ဘာအရေးကြီးဆုံးလဲ - လူထုစိန်ဝင်း


useinwin.jpg

လူ့ဘောင်လောကဆိုတာ ဗာဟီရကိစ္စတွေ အလွန်ရှုပ်ထွေးမြားမြောင်လွန်းတဲ့အတွက် စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိသူများအတွက် အလွန်စိတ်ညစ်စရာ ကောင်းတယ်။ လူများစုကြီးဟာ ရှင်းလေရှုပ်လေ အရှုပ်ထုပ်ကြီးနဲ့ တစ်သက်လုံး နပန်းလုံးနေရတာနဲ့ပဲ အချိန်တွေ ကုန်ဆုံးသွားကြရတယ်။ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေရတယ်လို့ မရှိရှာကြဘူး။

ရှင်းလေရှုပ်လေ
လူတွေသာ မဟုတ်ဘူး။ တိုင်းပြည်နိုင်ငံတွေ အားလုံးမှာလည်း ပြဿနာတွေ အရှုပ်အထွေးတွေနဲ့ အမြဲတမ်း ထွေးလုံးရစ်ပတ် ဖြစ်နေကြတာပဲ။ တိုင်းပြည်ဆိုတာက လူတွေအများကြီး စုစည်းနေထိုင်ကြတာဆိုတော့ ပိုလို့ ဆိုးတာပေါ့။ လူတွေမှာ အရှုပ်ထုပ်တွေ မကင်းရင် တိုင်းပြည်တွေမှာလည်း ဘယ်ကင်းနိုင်ပါ့မလဲ။ လူတွေမှာ ရှင်းလေရှုပ်လေ အရှုပ်ထုပ်တွေနဲ့ တစ်သက်လုံး နပန်းလုံးနေရတဲ့ အကြောင်းရင်းကို ကိုယ့်အမြင်လေး တစ်မိုက်တစ်ထွာနဲ့ တွေးမြင်စိုက်ကြည့်မိတာကတော့ ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲမှာ ဘာအရေးကြီးဆုံးလဲ ဆိုတဲ့အချက်ကို ဖမ်းဆုပ်ကိုင်တွယ် ဖြေရှင်းခြင်း မပြုနိုင်တာလို့ပဲ ယူဆမိတယ်။ ထွက်လာတဲ့ အစတိုင်းကို လိုက်ဆွဲရင်း ဆွဲရင်းနဲ့ အစတွေ သိပ်များလာတော့ ထွေးလုံးရစ်ပတ် ဖြစ်ကုန်ကြတော့တာပေါ့။

လူချင်းမတူနိုင်ကြ
ကိစ္စမြားမြောင် လူတို့ဘောင်လို့ ဆိုထားတဲ့အတိုင်း ကိစ္စ၀ိစ္စတွေများပေမယ့် ကိစ္စတိုင်းဟာ တစ်ချိန်တည်းမှာ အရေးကြီးဆုံး အခြေအနေကို ပြိုင်ပြီး ရောက်လာကြတာ မဟုတ်ဘူး။ အဲဒီထိက တစ်ခုကသာ ချက်ချင်းကိုင်တွင်ဖြေရှင်းဖို့ လိုအပ်တဲ့ အရေးကြီးဆုံး အဆင့်ကို ရောက်ရှိနေတာ ဖြစ်နိုင်ပြီး ကျန်တာတွေ နောက်မှရှင်းလို့ ရနိုင်တဲ့ အဆင့်မှာ ရှိနေကြလိမ့်မယ်။ ဘယ်ဟာက ချက်ချင်းဖြေရှင်းမှ ဖြစ်မယ့် အရေးကြီးဆုံး ကိစ္စဖြစ်တယ်ဆိုတာကို ရွေးချယ်နိုင်ဖို့သာ လိုတယ်။ လူတစ်ဦးနဲ့တစ်ဦး အနေအထားချင်း မတူနိုင်ကြသလို ကြုံတွေ့ရတဲ့ ပြဿနာချင်းလည်း ထပ်တူထပ်မျှ မတူနိုင်ဘူး။ အဲဒီတော့ ပြဿနာဖြေရှင်းနည်း ဖော်မြူလာတစ်ခုကိုင်ပြီး ဖြေရှင်းလို့ မရနိုင်ဘူး။

ဉာဏ်မျက်စိနဲ့ရှာ
လူတိုင်းဟာ ကိုယ်ကြုံတွေ့ရတဲ့ ပြဿနာရဲ့ ဇာစ်မြစ် အကြောင်းရင်း (root cause) ကို မတွေ့တွေ့အောင်ရှာပြီး အဲဒီအကြောင်းရင်းကို ရှင်းလိုက်ရင် ပြဿနာလည်း ရှင်းသွားမှာ ဖြစ်တယ်။ အကြောင်းရင်းကို ရအောင် ရှာနိုင်ဖို့သာ အဓိကဖြစ်တယ်။ ရှင်းလေရှုပ်လေ ဖြစ်တယ်ဆိုတာက အကြောင်းရင်းမှန်ကို ရအောင် ပိုင်းခြားဝေဖန် ဆန်းစစ်ခြင်း ပြုနိုင်စွမ်း မရှိလို့ ဖြစ်တယ်။ လောကမှာ အကြောင်းမဲ့ ဖြစ်လာတဲ့အရာ မရှိဘူး။ အကြောင်းတစ်ခုကြောင့် အကျိုးတစ်ခု ပေါ်ပေါက်လာရတာ ဖြစ်တယ်။ ဒါကို ဉာဏ်မျက်စိနဲ့ တွေ့အောင်ရှာ မြင်အောင်ကြည့်နိုင်ဖို့သာ လိုတယ်။

ကုလအဖွဲ့ကြီးနမူနာ
လူတွေ ရှင်းလေ ရှုပ်လေဖြစ်တော့ လူ့လောကကြီး တစ်ခုလုံးလည်း ရှင်းလေ ရှုပ်လေ ဖြစ်တာပေါ့။ လူ့လောကဆိုတော့ အရှုပ်တွေပိုများပြီး ပိုလုံးချာလိုက်နေတယ်။ နိုင်ငံတွေအများကြီး စုဖွဲ့ထားတဲ့ ကုလသမဂ္ဂလို အဖွဲ့ကြီးကို ကြည့်ပါလား။ စစ်ပွဲကြီးတွေ နောက်ထပ် ဖြစ်မလာဖို့နဲ့ ကမ္ဘာကြီး ငြိမ်းချမ်းသာယာဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ ဒုတိယကမ္ဘာစစ်ကြီး အပြီးမှာ ဖွဲ့စည်းတည်ထောင်ခဲ့တာပဲ။ အဖွဲ့ကြီးနဲ့ ဖွားဖက်တော်သဖွယ် ပေါ်ပေါက်လာခဲ့တဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ပြဿနာဟာ အခုထိ ဖြေရှင်းလို့ မရသေးဘူး။ တိုက်ခိုက်မှုတွေ ရှိနေဆဲ။ ကိုယ့်အိမ်ကိုယ်ယာက မောင်းထုတ်ခံလိုက် ရသူများလည်း နှစ်ပေါင်းခြောက်ဆယ်ကျော် သူများနိုင်ငံတွေက ယာယီစခန်းတွေမှာ ဒုက္ခသည်များအဖြစ် နေရဆဲဖြစ်တယ်။

ဘာမှ အကျိုးမပြုနိုင်
လက်နက်ဖျက်သိမ်းရေး ကြွေးကြော်သံတွေနဲ့ ညီလာခံကြီးတွေ တစ်ခုပြီးတစ်ခု အချိန်ကုန်ခံ၊ ငွေကုန်ခံ လုပ်နေတဲ့ကြားက ရိုးရိုးလက်နက်တွေ မဖျက်သိမ်းနိုင်ရုံတင်မက နျူးကလီးယားလက်နက် ထုတ်လုပ်ပိုင်ဆိုင်တဲ့ နိုင်ငံတွေတောင် တစ်ခုပြီးတစ်ခု တိုးပွားလာနေတာ မြင်တွေ့နေရတယ်။ ပြောရတာ အားတော့ နာတယ်။ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ လူ့လောကအတွက် ဘာမှ ထိထိရောက်ရောက် အကျိုးမပြုနိုင်တဲ့ အဖွဲ့ကြီးပဲ ဖြစ်နေတယ်။ စစ်ပွဲတွေ အငတ်ဘေး ပြဿနာတွေ၊ ချမ်းသာနိုင်ငံကြီးတွေက ဆင်းရဲနိုင်ငံတွေဆီက သွေးစုတ် အမြတ်ထုတ်နေတာတွေ၊ လက်နက်နိုင်ငံကြီးတွေက လက်နက်မရှိတဲ့ နိုင်ငံများကို လက်နက်ပြ အနိုင်ကျင့်တာတွေ စတဲ့စတဲ့ ပြဿနာတွေကို တစ်ခုမှ ဖြေရှင်းပေးနိုင်တာ မရှိပါဘူး။

ဆိုင်းဘုတ်တွေကများ
တစ်ခုမှသာ မဖြေရှင်းနိုင်တာ၊ ၀င်မပါတဲ့နေရာတော့ တစ်ခုမှ မရှိဘူး။ ငါးပွက်ရာ ငါးစာချဆိုသလို နေရာတိုင်းပါတယ်။ ကလေးတွေ အမေနို့တိုက်ဖို့ ကိစ္စလည်း ၀င်ပါတယ်။ ကျားမျိုးမပြုန်းရေးလည်း ပါတယ်။ သစ်ပင်စိုက်တာလည်း ပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲလည်း အတွင်းရေးမှူးချုပ်ကြီးကိုယ်တိုင် ၀င်ကန်လိုက်သေးတယ်။ ကုလသမဂ္ဂက သတ်မှတ်တဲ့ နေ့တွေကလည်း များသလား မမေးနဲ့။ ပြက္ခဒိန်မှာပါတဲ့ ၃၆၅ ကွက်နဲ့တောင် မလောက်ဘူးထင်တယ်။ ဆိုင်းဘုတ်တွေကလည်း ရန်ကုန်ဆိပ်ကမ်းသာလမ်းက ကျူရှင် ဆိုင်းဘုတ်တွေ ကျနေတာပဲ။ လူ့အခွင့်အရေးဆိုင်းဘုတ်၊ အမျိုးသမီး အခွင့်အရေးဆိုင်းဘုတ်၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်းဘုတ်၊ မွေးစကလေး ဆေးထိုးရေးဆိုင်းဘုတ်၊ ကလေးစစ်သား ဆိုင်းဘုတ်၊ လူကုန်ကူးမှု ဆိုင်းဘုတ်၊ ငှက်ဖျားနှိမ်နင်းရေး ဆိုင်းဘုတ်၊ ကွန်ဒုံးပေးဝေရေး ဆိုင်းဘုတ်၊ မြေမြှုပ်ဗုံး ပပျောက်ရေးဆိုင်းဘုတ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်းဘုတ်၊ ကျွတ်ကျွတ်အိတ် ဆန့်ကျင်ရေးဆိုင်းဘုတ်၊ အာကာသထဲ အမှိုက်မပစ်ရေးဆိုင်းဘုတ် ဆိုတာတွေ နည်းနည်းနောနော မဟုတ်ပါဘူး။

ဝရှိလို့ ၀ိလုပ်ကြတာ လုပ်ပါစေ
ရေးရတာ လက်ညောင်းလို့ ရပ်လိုက်တာ၊ ရေးမယ်ဆိုရင် ဆိုင်းဘုတ်စာရင်းတွေဟာ ဦးထွန်းငြိမ်း အဘိဓာန်စာအုပ်လောက်ကို ထူသွားနိုင်တယ်။ အဲဒီလောက် နေ့တွေ ဆိုင်းဘုတ်တွေများနေတော့ ဘယ်လိုလုပ်ပြီး ဖြေရှင်းလို့ ရနိုင်တော့မှာလဲ။ သူကလည်း သူ့ဆိုင်းဘုတ်က အရေးကြီးဆုံး၊ ငါကလည်း ငါ့ဆိုင်းဘုတ်က အကျိုးပြုဆုံးနဲ့ အချင်းချင်း ပြိုင်ဆိုင်နေကြတာနဲ့ပဲ ပြဿနာဖြေရှင်းတဲ့ဆီကို မရောက်တော့ဘူး။ အလုပ်မရှိလို့ အားယားနေကြသူတွေနဲ့ ၀ရှိလို့ ၀ိလုပ်ကြသူတွေက ဆိုင်းဘုတ်ထောင်ကြတာကို ရောယောင် နောက်လိုက်လုပ်ပြီး ဝေလေလေ အော်နေကြတာ ကြားမကောင်းပါဘူး။

မြစ်ကြီးတွေ ပျောက်မသွားဖို့
ဂျပန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေကြားမှာ ဝေလငါး ဖမ်းရေး၊ မဖမ်းရေး အငြင်းပွားနေကြတာကို ကြားတာနဲ့ ကျွန်တော်တို့ပါလိုက်ပြီး ဝေလငါး ဖမ်းခွင့်ပြုရေး ဆိုင်းဘုတ်ထောင်တာ ဒါမှမဟုတ် ဝေလငါးမဖမ်းရေး ဆိုင်းဘုတ်ထောင်တာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ကျွန်တော်တို့အတွက် အရေးကြီးနေတာက ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်စတဲ့ မြစ်ကြီးတွေ ကွယ်ပျောက်မသွားဖို့ဘဲ မဟုတ်လား။ အခုဆို မြစ်လယ်သောင်ကြီး ကျွန်းကြီးတွေ ဘယ်လောက်ကြီးမား ကျယ်ပြန့်နေကြပြီလဲ။ ဝေလငါး ကွယ်ပျောက်မှာထက် ကျွန်တော်တို့ မြစ်ချောင်းအင်းအိုင်တွေထဲက ငါးခူ၊ ငါးရံ့၊ ငါးမြင်း၊ ငါးကြင်းတွေ ပျောက်မသွားဖို့က ကျွန်တော်တို့အတွက် ပိုအရေးကြီးပါတယ်။

တစ်ခုတည်းသော ဆိုင်းဘုတ်
အမြင်ကျဉ်းတယ် ပြောပြော၊ တောကျတယ် ထင်ထင်၊ ဂလိုဘယ်မဖြစ်ဘူး ဆိုဆို၊ ဆင်းရဲတွင်းကလွတ်အောင် ရုန်းထွက်နေရဆဲ ဖွံ့ဖြိုးဆဲနိုင်ငံသား မြန်မာလူမျိုး တစ်ယောက်အနေနဲ့ ပြောရရင်တော့ သူများ ဆိုင်းဘုတ်ထောင်တိုင်း လိုက်ထောင်တာ မကောင်းဘူးလို့ပဲ မြင်တယ်။ ဆိုင်းဘုတ်တွေ များလွန်းတော့ "ငါးသိုင်းများ ဟင်းဟုံ" ဆိုတာလို ဖြစ်သွားနိုင်တယ်။ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဘာအရေးကြီးဆုံးလဲဆိုတာကို သေသေချာချာ ရွေးပြီး ဆိုင်းဘုတ်တစ်ခုတည်းကိုသာ ကိုင်ဆောင်ကြဖို့ လိုတယ်လို့ ယူဆကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

 
Web Statistics