Wednesday, August 25, 2010

အချိန်စုဖို့ စာဖတ်ပါ၊ စာဖတ်ဖို့ အချိန်စုပါ - မြင့်စိုးလှိုင်


စာဖတ်ရှိန်ကောင်းအောင် လုပ်နည်း
ကျွန်တော်တို့အားလုံး ဖတ်စရာတွေနဲ့ နစ်မွန်းနေကြတာပါ။ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ စီးပွားရေးဂျာနယ်တွေ၊ ကုမ္ပဏီအစီရင်ခံစာတွေနဲ့ တခြားသတင်းအချက်အလက်တွေ ဆိုတာများ တစ်နေ့တစ်နေ့ ကျွန်တော်တို့စားပွဲပေါ် တောင်ပုံရာပုံ၊ ဒါတွေကို ကုန်စင်အောင် မဖတ်နိုင်ရင် ကိုယ့်စိတ်ထဲမှာ အပြစ်မကင်းသလို ခံစားရတယ်။ ကိုယ်က သတင်းလည်းရချင်း၊ မတော်လို့ ကိုယ်မဖတ်လိုက်မိတဲ့အထဲ အရေးကြီးတာ တစ်ခုခုပါနေရင် လွတ်သွားတတ်တယ် မဟုတ်လား။ ဒါပေမယ့် တစ်ခုချင်းကို ဖတ်ဖို့အချိန် ယူရမယ်ဆိုရင်လည်း အလုပ်လုပ်ချိန် ရှိတော့မှာမဟုတ်ဘူး။ ဒီတော့ စာဖတ်ပုံနည်းလမ်း ပြောင်းလိုက်ပါ။ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်တွေ အကုန်ရမယ့်အပြင် အချိန်လည်း စုမိပါလိမ့်မယ်။ အကြံပြုချင်တာတွေကတော့-

သတင်းစာတွေ
သတင်းစာတစ်စောင်ကို ဘယ်လိုဖတ်သလဲ။ ရှေ့ဖုံးကနောက်ဖုံး အစအဆုံး ဖတ်သလား။ တစ်မျက်နှာချင်း ဖတ်သလား။ အားကစားသတင်းလို၊ စီးပွားရေးလုပ်ငန်းလို၊ အထူးကဏ္ဍလိုဟာတွေကို အရင်ဖတ်ပြီးတော့မှ ကျန်တာတွေ ဖတ်သလား။ ခုပြောတာ စမ်းလုပ်ကြည့်စမ်းပါ။

  • သတင်းစာတစ်စောင်လုံးကို တစ်ရွက်ပြီးတစ်ရွက် လက်နဲ့အသာညှပ်ပြီး ခပ်သွက်သွက် လှန်ပါ။ သတင်းတိုင်းကို ဖျတ်ခနဲကြည့်၊ ခေါင်းစီးကြည့်၊ ပြီးတော့ ပထမ၀ါကျတစ်ကြောင်းဖြစ်ဖြစ်၊ နောက်တစ်ကြောင်းဖြစ်ဖြစ် ဖတ်ပါ။
  • ငါ ဖတ်ချင်တာ ဒါလား လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဟုတ်တယ်ဆိုရင် ကိုယ့်မင်တံ (အနီရောင်မင်လုံး ကြီးကြီးဆိုရင် အဲဒီသတင်း ကိုယ့်ဆီ ခုန်ထွက်လာတော့မလောက် ပေါ်လွင်တယ်) ကို ထုတ်ပြီး၊ ခေါင်းစီးကို စက်ဝိုင်းကြီးကြီး ဆွဲလိုက်ပါ။
  • သတင်းဆောင်းပါးပါတဲ့ စာမျက်နှာကို သတင်းစာရှေ့ဖုံးပေါ် သွားမမှတ်ပါနဲ့။ တော်ကြာ အဲဒီသတင်းစာ တစ်စောင်လုံးတောင် ဘယ်သွားရှာရမှန်း သိမှာမဟုတ်ဘူး။

စက္ကန့်ခြောက်ဆယ်အတွင်းလောက်မှာ သတင်းစာတစ်စောင်လုံး အကုန်ကြည့်ပြီးသား ဖြစ်နိုင်တယ်။ တစ်မျက်နှာချင်း၊ တစ်ပုဒ်ချင်း အကုန်ကြည့်ပြီးသွားပြီ။ ကိုယ်ကြည့်ချင်၊ ဖတ်ချင်တာကိုလည်း စက်ဝိုင်းဝိုင်း မှတ်ပြီးသွားပြီ။ ခုဆို သတင်းဆောင်းပါးတစ်ပုဒ်ချင်း ဘယ်ဟာဘယ်လို အရေးပါတယ်ဆိုတာ အဆုံးအဖြတ် ပေးနိုင်ပြီ။
  • အရေးအကြီးဆုံး သတင်းတွေကို အရင်ဖတ်၊ ကျန်တာကို နောက် အချိန်ရတဲ့အခါ ဖတ်ပါ။
  • လောလောဆယ် မဖတ်နိုင်ရင် စာမျက်နှာတွေကို ဖြဲယူချင်ယူ၊ သတင်းဆောင်းပါးတွေကို ညှပ်ထုတ်ချင်ထုတ်။ ပြီးရင် သတင်းစာကို ပစ်လိုက်ရုံပဲ။ ကိုယ့်ဖြတ်ညှပ်တွဲထားတဲ့ သတင်းဆောင်းပါးတွေကို ဖတ်စရာများဆိုတဲ့ ဖိုင်ထဲထည့်ပါ။ နောက်အချိန်ရတဲ့အခါ ဖတ်ပါ။ ဒါမှမဟုတ် ဖိုင်ကို အိမ်ယူသွားပြီး ဆောင်းပါးတွေကို ညကျမှ ဖတ်ပါ။

မဂ္ဂဇင်းတွေ
အစုလိုက်အပုံလိုက်အဖြစ် မြန်တဲ့အထဲမှာ မဖတ်ဖြစ်တဲ့ မဂ္ဂဇင်းတွေကို ဘယ်ဟာမှ လိုက်မမီဘူး။ ပြီးတော့လည်း သတင်းစာကလွဲရင် ရက်လွန်မခံတဲ့ နေရာမှာ မဂ္ဂဇင်းလောက်မြန်တာ မဂ္ဂဇင်းပဲရှိတယ်။ ကိုယ်ဖတ်ချင်တဲ့ ဆောင်းပါးတွေကို ဖြတ်ညှပ်တွဲထားရင် နေရာလွတ်တွေ အမျာကြီး ရလာနိုင်သလို အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုချည်း စုသိမ်းပြီးသားလည်း ဖြစ်တယ်။ မဂ္ဂဇင်းတစ်အုပ် လက်ထဲရောက်လာရင် မာတိကာကို အရင်ကြည့်ပါ။ စိတ်ဝင်စားစရာကောင်းတဲ့ တစ်ပုဒ်တွေ့သလား။ တွေ့ရင် မင်တံထုတ်ပြီး အဲဒီစာပါတဲ့ စာမျက်နှာနံပါတ်ကို စက်ဝိုင်းဝိုင်းလိုက်ပါ။ ဒါမှမဟုတ် အဲဒီစာရှိရာလှန်ပြီး မဂ္ဂဇင်းထဲကနေ ဖြဲလိုက်ပါ။ စာပါစာရွက်တွေကို စုပြီး ချုပ်စက်နဲ့ချုပ်။ ပြီးရင် မဂ္ဂဇင်းကို ဝေးဝေးသာပစ်လိုက်၊ မလိုတော့ဘူး။ စာတမ်းကိုတော့ ဖတ်စရာဖိုင်ထဲထည့်ပြီး အခွင့်သာတဲ့အခါ ဖတ်ပေါ့။

အစီရင်ခံစာတွေ
အစီရင်ခံစာ တစ်စောင်ပဲဖြစ်ဖြစ်၊ တခြားအရေးကြီးတဲ့ ရုံးတွင်းအဆက်အသွယ် တစ်ခုပဲဖြစ်ဖြစ် လက်ခံရရှိတဲ့အခါ နောက်မှကြည့်မယ်ဆိုပြီး ဘေးချမထားပါနဲ့။ ရတာနဲ့ ချက်ချင်း ကိုယ်လုပ်နေတဲ့ဟာ ချပြီး အစအဆုံးလည်း ကောက်မဖတ်ပါနဲ့။ ခုလို လုပ်ကြည့်ပါ။
  • အစီရင်ခံစာကို ခပ်မြန်မြန် စေ့စေ့ကြည့်၊ ဘာအကြောင်းတွေပါတယ်၊ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အပေါ်ယံရှပ်ပြီး သိအောင်လုပ်ပါ။
  • ဒါကို ချက်ချင်းဆောင်ရွက်ဖို့ လိုသလား၊ ခဏဆိုင်းထားလို့ ရမလား။
  • အရေးကြီးရင် ဖတ်ဖို့ဟာဆိုပြီး မာစတာလစ်တ်ထဲ ရေးထည့်လိုက်ပါ။ နောက်ပြီးတော့ ဖတ်ဖို့ဖယ်ထားတဲ့ အလားတူ အစီရင်ခံစာမျိုးတွေနဲ့အတူ တစ်ချိန်ချိန်မှာ ဖတ်ပါ။
  • အရေးကြီးတာ မဟုတ်ရင် ဖတ်စရာဖိုင်ထဲ ထည့်ထားပြီး နောက်မှ ဖတ်ပါ။
စေ့စပ်အောင်ကြည့်ပြီး၊ ဖတ်စရာရှိတာကို ရွေးတတ်ရင် အချိန်တိုတိုနဲ့ တိုးတက်မှု အများကြီးရနိုင်တယ်။ အချိန်စုဆောင်းပေးတဲ့ဟာ တချို့ ရှိသေးတယ်။
  • ကိုယ် မှာဖတ်တဲ့ စာအုပ်ဖိုးတွေကို ကိုယ့်ကုမ္ပဏီက အကုန်အကျခံတာမို့ စာအုပ်လပေးမှာရတာကို အရူးအမူး စွဲလမ်းနေသလား။ ဒါဆို ကိုယ့်အချိန်ကိုရော၊ ကိုယ့်ကုမ္ပဏီရဲ့ငွေကိုပါ ဖြုန်းတီးနေတာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ငါ့ငွေငါနဲ့သာ ပေးရမယ်ဆိုရင် ဒီမဂ္ဂဇင်းကို ငါမှာမလား။ မမှားဘူးလို့ အဖြေထွက်ရင် အဲဒီကိစ္စကို အဆက်ဖြတ်လိုက်ပါ။
  • ကိုယ့်ဆီရောက်လာတဲ့ အချိန်မှန်ထုတ် စာစောင်တွေနဲ့ မဂ္ဂဇင်းတွေအားလုံးကို တန်ဖိုးဆန်းစစ်ဖို့ အချိန်နည်းနည်း ယူလိုက်ပါ။ ဆိုလိုရင်းက ဒါတွေကို ကြိုက်လို့ဖတ်တာနဲ့ မဆိုင်ဘူး။ ကိုယ့်အလုပ်အတွက် အရေးပါ၊ မပါ ပေါ်မှာ မူတည်တယ်။ အရေးပါဆုံးဟာတွေကို ဖတ်ပြီးကျန်တာတွေကို ဖယ်ပစ်လိုက်ပါ။
  • ကိုယ်နေ့စဉ်၊ အပတ်စဉ်လုပ်နေကျ ၀တ္တရားထဲမှာ ပုံမှန်စာကြည့်ချိန်ကို တစ်ကဏ္ဍထားပြီး ဇယားဆွဲပါ။ မနက်ခင်း ကော်ဖီသောက်ချိန်ဖြစ်ဖြစ်၊ အလုပ်လုပ်ချိန် တာရှည်လာတဲ့အခါ ကြားဖြတ်ခဏနားတုန်း ဖြစ်ဖြစ်ပေါ့။ တစ်နေ့လုံး ကြုံသမျှ ကပေါက်ကရောက် လျှောက်ဖတ်နေမယ်ဆိုရင် အဲဒါ စာဖတ်တာ မဟုတ်ဘူး။ ပိုအရေးကြီးတဲ့အလုပ်တွေကို မလုပ်ချင်လို့ ဖုံးဖုံးဖိဖိနဲ့ အချိန်ရွှေ့နေတာ။
  • စာဖတ်ရင် အိမ်မှာ ဖတ်ပါ။ ဒါမှမဟုတ် တခြားအလုပ်တစ်ခုခု လုပ်ဖို့ အဆင်မပြေတဲ့ အချိန်မျိုးတွေမှာ ဖတ်ပါ။ ဥပမာ - ခရီးသွားရင်း မြို့ပြင်ရောက်နေတုန်း၊ မြို့တွင်းယာဉ်စီးနေတုန်း၊ ချိန်းထားတာ စောင့်နေတုန်းလို အခါမျိုးတွေပေါ့။ နည်းနည်းသတိထားပြီး စနစ်တကျ စုစည်းလိုက်ရင် ကိုယ့်လက်ဆွဲအိတ်ဟာ အင်မတန် အဖိုးတန်တဲ့ ရွှေ့ပြောင်းစာကြည့်တိုက်ကလေး ဖြစ်လာနိုင်ပါတယ်။

နောက်ဆုံးပြောချင်တာက တစ်ခုခု ဖတ်မယ်လို့ ဆုံးဖြတ်တာနဲ့ အဲဒါဖတ်ရင် အချိန်ဘယ်လောက် ပေးရမယ်ဆိုတာပါ ထည့်ဆုံးဖြတ်ဖို့ ကြိုးစားပါ။ ကိုယ့်အတွက်ရော၊ ကိုယ့်အလုပ်အတွက်ပါ ပြောပလောက်အောင် တန်ဖိုးမရှိရင် ဘယ်ကိစ္စဖြစ်ဖြစ် အချိန်ကုန်မခံပါနဲ့။ တန်ဖိုးပိုရှိတာ ပါမပါသိရအောင် ကျော်ဖတ်ပါ။ သွက်သွက်ဖတ်ပါ။ ဒါပေမယ့် တကယ်အရေးကြီးတာလည်းပါမယ်။ အာရုံစိုက်ပြီး ဂရုတစိုက် ဖတ်ဖို့လည်းလိုမယ်ဆိုတဲ့ စာမျိုးကျတော့ အဲဒီအချိန်ကို ကိုယ့်အတွက် ပေးလိုက်ပါ။ နောက်ဆုံးမိနစ်အထိ လက်ထဲက မချနဲ့တော့။ မျဉ်းသား၊ ဘေးမျဉ်းတွေမှာ မှတ်စုလေးတွေထုတ်၊ အရေးကြီးတဲ့ အခန်းတွေကို မင်လုံးကြီးကြီးနဲ့ ထင်းခနဲပေါ်အောင် မှတ်ပါ။ စာကို ဂရုတစိုက် ဖတ်တာဟာ လုပ်ငန်းအောင်မြင်ပြီးမြောက်ရေးမှာ တခြားပြင်ဆင်မှု၊ စုစည်းမှု ပုံစံတစ်ခု အရေးပါသလို မရှိမဖြစ် အရေးပါတယ်။ လိုအပ်တဲ့အခါ စာကို ဂရုတစိုက်ဖတ်လို့ ကုန်သွားတဲ့အချိန်ဟာ တန်ဖိုးရှိရှိ ကုန်သွားတဲ့အချိန်ပါ။

No comments:

Post a Comment

 
Web Statistics