လယ်သမားတို့သည် လမိုင်းဟူသော လယ်နတ်သို့ ကိုးကွယ်တတ်ကြသည်။ သဘင်ပညာသည်တို့သည်လည်း မိမိတို့ ပညာဆိုင်ရာ လမိုင်းနတ်ကို ပူဇော်ပသကြသည်။ လမိုင်းနတ် ချီးမြှောက် မစ,ခြင်း ခံရသူသည် သဘင်ပညာရည် ပြောင်မြောက်၍ သဘင်သက်ဝင်သည်ဟု ရှေးကာလက ယုံကြည်ကြသည်။ ထို့ကြောင့် ကခုန်တတ်သော်လည်း သဘင်ဟန် သဘင်ရည် မ၀သေးသူ၊ ဇာတ်ဟန် မကျသေးသူကို လမိုင်းမကပ်သေး ဟူ၍လည်းကောင်း၊ သဘင်ဟန်-သဘင်ရုပ် ၀င်စားကျနသူကို လမိုင်းကပ်ပြီ ဟူ၍လည်းကောင်း တင်းစား၍ ဆိုကြသည်။ ထိုနည်းဖြင့် သဘာဝသရုပ် ဟပ်စပ်သည်ကို လမိုင်းကပ်သည်ဟူ၍ သုံးစွဲကြရာ၊ အသားကျပြီးသော အနုပညာသည်တို့အတွက် သရုပ်ဆောင်မှု ပီပြင်ပြောင်မြောက် ပြည့်ဝခြင်း ဟူသမျှကို ဆိုသည်။ ထိုမှတဆင့် အဆင်ပြေသည်၊ ပနံရသည် ဟပ်သည်ဟူသော အဓိပ္ပါယ်ဖြင့်လည်း လမိုင်းကပ်သည်ဟူ၍ပင် သုံးနှုန်းကြပြန်သည်။
တစ်ယောက်ဆိုလိုသော အာဘော်သဘောထားနှင့် အခြားသူတစ်ယောက် ဆိုလိုသော အာဘော်သဘောထားတို့ ညီညွတ်တိုက်ဆိုင်၍ လေသံတပြေးတည်း ဖြောင့်စင်းပြေပြစ်ခြင်းကို ဆိုသည်။ တဆင့်အားဖြင့် တစ်ဦးနှင့်တစ်ဦး သင့်မြတ်ခြင်းကို တင်စား၍ ဆိုသည်။ နှဲ၊ ပြွေ စသည်တို့ကို အမှုတ်သင်သောအခါ သင်စ၌ လေသံ အလျှော့အပြင်း မညီ၍ အသံမမှန်ကန်ဘဲ မှုတ်အားကောင်း၍ အကျင့်ရလာမှ လေပေးဖြောင့်ကာ အသံမှန်လာတတ်လေသည်။ ဤသို့ လေပေးဖြောင့်ခြင်းကို သဘောယူ၍လည်း တိုက်ဆိုင်ပြေလျောသွားခြင်းကို တင်စားဆိုနိုင်သည်။
လူများသည် အိုမင်းမစွမ်းသောအခါ လမ်းလျှောက်ရာ၌ လက်ကိုင်ဒုတ်သည် သူတစ်ပါးအား ထောက်ကန်ပေးနေရသူလည်း ဖြစ်သည်။ တစ်ဖန် ရိုက်နှက်ခုခံစရာ ရှိလျှင်လည်း ထိုလက်ကိုင်ဒုတ်ကိုပင် အသုံးပြုကြသည်။ ထို့ကြောင့် ဒုတ်ကို ကိုင်သူက စေခိုင်းရာတွင် လက်ကိုင်ဒုတ်က ပြုလုပ်သမျှမှာ သူ့အကျိုးအတွက် သူ့အား ကိုင်ဆောင်နေသူ၏ အကျိုးအတွက်သာ ဖြစ်သည်။ ဒုတ်ကိုင်သူသည် သူ့လက် သူ့ခြေဖြင့် မပြုလို၊ မပြုစွမ်းသော အခါမျိုး၌ လက်ကိုင်ဒုတ်ကို စေစားလေ့ရှိသည်။ ထိုသဘောကို တင်စား၍ ကိုယ်စွမ်းကိုယ်စကို ကိုယ့်အတွက် အသုံးမပြုရဘဲ သူတစ်ပါး၏ ခြယ်လှယ်စေစားမှုအလျှောက် သူတစ်ပါး အကျိုးကိုသာ ခိုင်းသမျှ မငြင်းမဖယ် လုပ်ဆောင်ပေးနေရသူကို လက်ကိုင်ဒုတ်ဟုပင် ခေါ်သည်။
လက်ဝှေ့ထိုးသတ်ရာတွင် မြင်သာသော နေရာမှ ချိန်ရွယ်ခြိမ်းခြောက်ဟန်ပြုသော လက်သီးဖြင့် မထိုးသတ်ဘဲ တစ်ဖက်မမြင်သာသော ကွယ်ရာလက်သီးဖြင့် အမှတ်မထင် ထိုးသတ်တိုက်ခိုက်ခြင်းကို လက်သီးပုန်းထိုးသည်ဟု ဆိုသည်။ ထိုနည်းအတူ ဒူးပုန်းတိုက်သည်လည်း ရှိသည်။ ထိုသို့ ထိုးသတ်ခြင်းသည် အမှတ်မဲ့ မမျှော်လင့်ရာက ထိုးသတ်ခြင်းဖြစ်၍ ကာကွယ်နိုင်ခဲပြီး အထိလည်း နာတတ်၏။ ထိုသဘောကို တင်စား၍ အပေါ်ယံ မိတ်ဆွေဟန်ဆောင်လျက် မသိစေသော အခြားနည်းဖြင့် တိတ်တဆိတ် အန္တရာယ်ပြုခြင်း၊ ထိပါးခြင်းကို ဆိုသည်။
ရက်ကန်းရက်ရာတွင် ရက်ကန်းစင်၌ ရက်ပြီး အထည်ကို ပတ်သော ဒလိမ့်တုံး ရှိသည်။ ထိုဒလိမ့်တုံးကို လိပ်ပတ်ဟု ခေါ်ရာ ရက်လုပ်သော အထည် အဆင် အကွက် အစင်းတို့သည် ရက်စ တစ်လက်မ၊ နှစ်လက်မခန့်တွင် မူလဆင်ထားသော အကွက်အဆင် မသိမသာ မပေါ်ထင်သေးဘဲ၊ ၆ လက်မ မှ ၁၀ လက်မခန့်အထိ လိပ်ပတ် တစ်ပတ်နီးပါးလည်အောင် ရက်မိသောအခါမှ မူလပြင်ဆင် အကွက်ဖော်ပုံကို ထင်ထင်လင်းလင်း အပြည့်အ၀ မြင်သာသည်ကို တင်စား၍ သုံးသည်။
RELATED:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)
အသုံးများသော မြန်မာဗန်းစကားများ (တ)
အသုံးများသော မြန်မာဗန်းစကားများ (ထ၊ ဒ)
အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)
အသုံးများသော မြန်မာဗန်းစကားများ (ပ)
အသုံးများသော မြန်မာဗန်းစကားများ (ဖ)
အသုံးများသော မြန်မာဗန်းစကားများ (ဗ)
အသုံးများသော မြန်မာဗန်းစကားများ (ဘ)
အသုံးများသော မြန်မာဗန်းစကားများ (မ)
အသုံးများသော မြန်မာဗန်းစကားများ (ယ၊ ရ)
No comments:
Post a Comment