Wednesday, August 25, 2010

ကျွန်တော်ကြိုက်သော ပုံပြင်များ (၁၉)


တစ်ခါတုန်းက ရွာတစ်ရွာမှာ လူတစ်ယောက်ရှိသတဲ့။ သူက အမြဲတမ်း ရွာသူကြီးကို ဝေဖန်ပုတ်ခတ်ပြီး ပြောဆိုလေ့ရှိသတဲ့။ တစ်နေ့မှာတော့ သူကြီးက သူ့ကို ခေါ်ပြီး ကြိမ်းမောင်းတယ်။

အဲဒီအခါမှာ အဲဒီလူက
"စိတ်မဆိုးပါနဲ့ သူကြီးမင်းရယ်၊ သူကြီးမင်းကို ကျွန်တော် ဘယ်လိုပဲ ဝေဖန်ဝေဖန် ဘာအရာမှ မရောက်ပါဘူး။ သူကြီးမင်းမှာ အလုံးလည်း လျော့မသွားပါဘူး။ အရပ်လည်း လျော့မသွားပါဘူး။ ကျွန်တော်မျိုးကြီး သူကြီးမင်းကို ဝေဖန်တယ်ဆိုတာ အမူးသမား သူ့မိန်းမကို ကြိမ်းမောင်းသလောက်ပဲ ရှိပါတယ်" လို့ ပြောတဲ့အခါ သူကြီးက နားမလည်နိုင်စွာနဲ့

"ဘာဆိုင်လို့တုန်းကွ" လို့ ပြန်မေးသတဲ့။

အဲဒီအခါမှာ အဲဒီရွာသားက -
"ကျွန်တော်မျိုးကြီးရဲ့ အိမ်ဘေးမှာ ငထွားဆိုတဲ့ အမူးသမားရှိပါတယ်။ မနက်အလုပ်သွားခါနီးရင် သူ့မိန်းမက ရှင် အရေတွေ သောက်မလာခဲ့နဲ့၊ သောက်လာလို့ကတော့ ကျုပ်နဲ့ အတွေ့ပဲလို့ ကြိမ်းမောင်းလွှတ်လေ့ ရှိပါတယ်။ ဒါပေမယ့် ငထွားကတော့ ညနေဆိုရင် မူးပြီး ပြန်လာတာပါပဲ။ မိန်းမက တံခါးဖွင့်မပေးဘူး။ အဲဒီအခါမှာ ငထွားဟာ လှေကားကို လေးဘက်ထောက်ပြီးတက်ရင်း မိန်းမကို တံခါးဖွင့်ခိုင်းတယ်။ မိန်းမက ဖွင့်မပေးဘဲ အထဲကနေ လှမ်းပြီး ဆဲဆိုတယ်။ အဲဒီအခါမှာ အမူးသမား ငထွားက "အံမာ" ဆိုပြီး ပြန်ကြိမ်းတယ်။ တအားမူးနေတော့ နောက်ထပ်စကားလည်း မပြောနိုင်ဘူး။ သူ့ကိုယ် သူတောင် လှေကားပေါ်က ပြုတ်မကျအောင် လှေကားထစ်ကို မနည်းဖက်ထားရတာဆိုတော့ မိန်းမက "ဟဲ့ သေနာ၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်" လို့ ကြိမ်းလိုက်၊ ငထွားက အာလေးလျှာလေးကြီးနဲ့ "အံမာ" လို့ ပြန်ပြောလိုက်၊ သူ့မိန်းမက လှမ်းပြီး ဆဲလိုက်၊ ငထွားက "အံမာ" လို့ ပြန်အော်လိုက်၊ နောက်ဆုံးတော့ မနေနိုင်တဲ့ မိန်းမဖြစ်သူက တံခါးဖွင့်ပြီး ငထွားကို ဒရွတ်တိုက် ဆွဲခေါ်သွားရတော့တာပါပဲ။

အခုလည်း သူကြီးမင်းက ငါတို့ရွာမှာ စပါးဆန်ရေတွေ ဘယ်လိုပေါတော့မှာကွလို့ ပြောလိုက်၊ ကျွန်တော်မျိုးကြီးက "အံမာ" လို့ ပြောလိုက်၊ သူကြီးမင်းက ငါတို့ရွာကို ဘယ်လိုတိုးတက်အောင် လုပ်မယ်ကွလို့ ပြောလိုက်၊ ကျွန်တော်က "အံမာ" လို့ ပြောလိုက် သဘောမျိုးပါပဲဗျာ။ ကျွန်တော့်မှာ "အံမာ" လေး တစ်ခွန်းပဲ ပြောနိုင်တာပါ သူကြီးမင်းရယ်၊ သူကြီးမင်းမှာ ဘာဖြစ်သွားမှာလိုက်လို့" လို့ ရှင်းပြတဲ့အခါ သူကြီးမင်းလည်း စိတ်ဆိုးရမလို၊ ပြုံးရမလို ဖြစ်သွားရတော့သတဲ့။

No comments:

Post a Comment

 
Web Statistics