Monday, August 09, 2010

နိုင်ငံရေးဗဟုသုတမေးခွန်းများ (သြဂုတ် ၉)


မေးခွန်း (၁)
ဗိုလ်ချုပ်အောင်ဆန်း၏ ပထမဆုံးကလောင်အမည်
ဗိုလ်ချုပ်အောင်ဆန်း၏ ပထမဆုံး စာပေလက်ရာမှာ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းဘ၀တွင် ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် ဂန္ထလောကမဂ္ဂဇင်းက ပြုလုပ်သည့် ဘာသာပြန်စာပေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ဘာသာပြန်ရသည့် အကြောင်းအရာမှာ နိုင်ငံရေးသိပ္ပံပညာရှင် ပါမောက္ခ ဟရိုးဂျေလက်ကီး (Harold J. Laski) ရေးသည့် Authority in Modern State စာအုပ်မှ စာပိုဒ်တစ်ပိုဒ်ကို မြန်မာဘာသာသို့ ပြန်ဆိုရခြင်း ဖြစ်သည်။ ယင်းဘာသာပြန်ပြိုင်ပွဲတွင် ကိုအောင်ဆန်းက ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ကလောင်အမည် တစ်ခုကိုသုံး၍ ယှဉ်ပြိုင်ရာ မြောင်းမြအစိုးရ အထက်တန်းကျောင်းမှ မောင်သိန်းနှင့် အမှတ်တူနေသဖြင့် ဆုငွေ တစ်ဆယ်ကျပ်ကို ၅ိ/- စီ ရရှိခဲ့လေသည်။
ထိုဘာသာပြန်ပွဲ၌ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော ကလောင်အမည်ကို ဖော်ပြပါ။

မေးခွန်း (၂)
၁၃ ရာစု အစပိုင်းကာလမှာ တရုတ်ပြည်၊ ပါရှား၊ ရုရှားတို့ကို တိုက်ခိုက်အောင်နိုင်ခဲ့တဲ့ အာရှတိုက်သား စစ်ဘုရင်။

မေးခွန်း (၃)
ဖိနပ်ပြဿနာ
ကိုလိုနီခေတ်အတွင်းက မြန်မာနိုင်ငံရှိ ဘုရားပုထိုးကျောင်းကန်များအတွင်းသို့ အင်္ဂလိပ်လူမျိုး အပါအ၀င် ဥရောပတိုက်သားတို့သည် ဖိနပ်စီး၍ ၀င်လေ့ရှိသည်။ မည်သူမျှ မပြောရဲသည့်အပြင် အချို့ဘုရားပုထိုးများ၌ "(ဗြိတိသျှ) လူမျိုးနှင့် ဥရောပလူမျိုးများမှအပ မည်သူမျှ ဖိနပ်မစီးရ" ဟု စာတန်းပင် ချိတ်ဆွဲထားကြသည်။
အင်္ဂလန်နိုင်ငံမှ ၀တ်လုံဘွဲ့ရလာသူတစ်ဦးသည် ပြည်မြို့သို့ ရောက်ရှိလာရာ ရွှေဆံတော်ဘုရားတွင် ချိတ်ဆွဲထားသည့် စာတန်းကို ဖြုတ်၍ "မည်သူမျှ ဖိနပ်မစီးရ" ဟူသော စာတန်းကို ဂေါပကအဖွဲ့ဝင်များနှင့် တိုင်ပင်ပြီး ပြောင်းချိတ်ကြသည်။
ထို့နောက် ၁၉၁၇ ခုနှစ် ပျဉ်းမနား၌ ကျင်းပသော ၀ိုင်အမ်ဘီအေ ညီလာခံတွင် ထိုဝတ်လုံတော်ရက ဘုရားကျောင်းကန်များတွင် နိုင်ငံခြားသားများ ဖိနပ်စီး၍ ၀င်ရောက်ခြင်းကို ကန့်ကွက်သည့် အဆိုတင်သွင်းရာ ညီလာခံက ဖိနပ်စီးဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။
သူရိယသတင်းစာတွင် ဦးဘကလေး ရေးဆွဲသည့် ကာတွန်းနှင့် ပတ်သက်၍ ပုလိပ်မင်းကြီးထံ ဂေါပကအဖွဲ့က တိုင်ကြားသဖြင့် သူရိယကို အရေးယူသည်။ ထိုအခါ ပြည်သူလူထုက မကျေနပ်သဖြင့် ၀ိုင်အမ်ဘီအေက ကြီးမှူး၍ ဂျူဗလီဟောတွင် ဖိနပ်စီး ကန့်ကွက်ပွဲလုပ်သည်။ ဤသို့ဖြင့် ဖိနပ်ပြဿနာသည် အမျိုးသားရေးပြဿနာ ဖြစ်လာလေသည်။
ဖိနပ်ပြဿနာကို စွပ်စွဲ၍ ဗြိတိသျှနယ်ချဲ့တိုက်ပွဲဝင်ခဲ့သော ၀တ်လုံတော်ရအမည်ကို ဖော်ပြပါ။

မေးခွန်း (၄)
၁၂၇၅ မှ ၁၂၉၂ အထိ အီတလီနိုင်ငံ၊ ဗင်းနစ်မြို့သားတစ်ယောက် တရုတ်ပြည်ကို ခရီးသွားရောက်ပြီး ကူဗလိုင်ခန်ရဲ့ နန်းတော်မှာ အမှုထမ်းခဲ့တယ်။ မြန်မာနိုင်ငံ (ပုဂံ)ကို သွားရောက်တိုက်ခိုက်စဉ်က ၎င်းဗင်းနစ်မြို့သား ပါဝင်ခဲ့ပြီး မြန်မာဆင်များကို တွေ့ခဲ့ရပုံ သူ့ခရီးစဉ်မှတ်တမ်းမှာ ထည့်ရေးခဲ့တယ်။ ထိုသူ မည်သူလဲ။

********************************************************************************
ပြည်သူ့ခေတ်ဂျာနယ်တွေထဲက မေးခွန်းတွေကို ပြန်လည်ရွေးထုတ်ထားတာပါ။ အများကြီးမဟုတ်ဘဲ နည်းနည်းချင်းစီပဲ တင်ပေးသွားပါ့မယ်။ အရင်ဆုံး ကိုယ့်ဘာသာကိုယ် ကြိုးစားဖြေကြည့်ကြပေါ့ဗျာ။ မသိရင်လည်း ဘယ်တတ်နိုင်မတုန်း။ အဖြေတွေကို အောက်မှာဖော်ပြပေးထားပါတယ်။
********************************************************************************

အဖြေ (၁) - ပဲခူးကဝေ
အဖြေ (၂) - မွန်ဂိုခေါင်းဆောင် ဂျင်ဂျစ်ခန်
အဖြေ (၃) - ဦးသိမ်းမောင်
အဖြေ (၄) - ဗင်းနစ်မြို့သား မာကိုပိုလို

1 comment:

  1. Anonymous4:34 PM

    ၁- လုံးဝမသိ။
    ၂- ဇဝေဇဝါ။
    ၃- ဒါလည်းမသိ။
    ၄- သိသလိုလိုနဲ့စဉ်းစားမရ။
    ခု အသက် ၃၀ နားနီးနေပါပြီ။ရှက်ရှက်နဲ့ ဖတ်မှတ်သွားပါတယ်ခင်ဗျာ။ မသိသေးတာသိရလို့ ကျေးဇူးတင်ပါတယ်။နောက်လည်းခုလိုမေးခွန်းလေးတွေတင်ပေးပါဦး။ ကျန်းမာပျော်ရွှင်ပြီး စာတွေလည်းမပြတ်ရေးပေးနိုင်ပါစေ ကိုဉာဏ်။
    အမြဲစောင့်ဖတ်ဖြစ်နေပါတယ်။

    ReplyDelete

 
Web Statistics