Friday, August 13, 2010

အသုံးများသော မြန်မာဗန်းစကားများ (ဗ)


myanmarwords.png
ဗာရာဏသီချဲ့သည်
ချဲ့ထွင်ကား၍ အကြောင်းရှာသည်။
ဤစကားမှာ ရှောမွေးတစ်ကောင်နှင့် ဗာရာဏသီချဲ့သည်ဆိုသော စကားပုံမှ စွဲယူခြင်းဖြစ်သည်။ ရှေးက ကျေးစွန်တမံလက်နေသော မိန်းမတစ်ယောက်သည် မအောင်မမြင်သော မိန်းမတစ်ယောက်ကို ဖွားမြင်ရာ၊ ဖွဲ့၍ ငိုကြွေးရာတွင် ဗာရာဏသီပြည်ကြီး၌သာ မိမိတို့နေထိုင်ရပါမူကား စည်းစိမ်ချမ်းသာ ရှိသည်ဖြစ်၍ ဤကဲ့သို့ မဖြစ်တန်ရာ၊ စသည်ဖြင့် ဗာရာဏသီ ပြည်ကြီးအထိ စကားချဲ့ကာ ငိုကြွေးသည်ကို စွဲ၍ ဘာမျှ မဖြစ်လောက်သော ရှောသားတစ်ယောက် ဖွားသည်နှင့် ဗာရာဏသီအထိ ချဲ့၍ ငိုကြွေးသည်ဟု ကဲ့ရဲ့ပြောဆိုသည့် ဥပမာကို တင်စား၍ဆိုသည်။

ဗုံမြှောက်သည်
မိုက်မဲမှုကို အခွင့်ကောင်းယူ၍ မြှောက်ပေးသည်။
ထိုစကားမှာ နတ်ရူးကို ဘုံမြှောက်သည်ဆိုသော စကားမှလာသည်။ အရူးနှင့် နတ်ရူးများသည်  အလွန် ကချင် ခုန်ချင် တတ်သည်ဖြစ်ရာ၊ ထိုသို့ ကချင်ခုန်ချင်သူကို ဗုံတီး၍ မြှောက်ပင့်ပေးသောအခါ ပို၍ ကခုန်မည် ဖြစ်လေသည်။ ထိုသဘောကို တင်စား၍ အလိုလိုက စိတ်ပါလှုပ်ရှားသူကို ပို၍ စိတ်ပါလှုပ်ရှားအောင် မြှောက်ပင့်သွေးဆောင်ခြင်းကို ဗုံမြှောက်သည်ဟု ဆိုသည်။ ဘုံမြှောက်သည် ဆိုသည်မှာကား ဘုံတစ်ဆင့်သို့ တင်ပြီး မြှောက်စားအားပေးခြင်းကို ဆိုလိုသည်။

ဗူးသွင်းသည်
မကောင်းသော ပညာပေးသည်၊ ဆွဲဆောင်သည်။
စုန်းတို့သည် မိမိချစ်မြတ်နိုးသောသူအား ပညာတစ်ဆင့် ပေးလိုသောအခါ ဗူးဟုခေါ်သည့် တန်ခိုးပညာ ကိန်းအောင်းသော သတ္တိဓာတ်ကို ထိုသူမသိစေဘဲ အစားအစာတွင် ပယောဂပညာဖြင့် မြှုပ်သွင်းပြီး တိုက်ကျွေးကာ ၀မ်းထဲသို့ ပို့ဆောင်ပေးတတ်ကြသည်ဟု ဆိုသည်။ ထိုဗူးဝင်သွားသောအခါ ထိုသူသည် စုန်းပယောဂပညာကို အလိုအလျောက် တတ်ကျွမ်းပြီး သူတစ်ပါးကို ပြုစားနိုင်သည်ဟု ဆိုသည်။ စုန်း၏အတတ်ကို လိုသူက စုန်းပညာသည်တို့ထံမှ အလိုအလျောက် ဗူးသွင်းယူသည်လည်း ရှိသည်။ ထိုသို့ သွင်း၍ ၀င်သောအခါ ဗူးဝင်သည်ဟု ဆိုသည်။ အကယ်၍ ဗူးသည် ချောမောစွာ မ၀င်ပါက ရောဂါဝေဒနာကြီး ခံစားရတတ်သည်ဟု ဆိုသည်။ ထိုသို့မ၀င်သော ဗူးကိုဖြစ်စေ၊ ၀င်ပြီးသော ဗူးကိုဖြစ်စေ မလို၍ ပယောဂပညာဖြင့် ထုတ်ပယ်ပစ်သောအခါ ဗူးချသည်ဟု ဆိုသည်။
ထိုသဘောကို တင်စား၍ လူတစ်ဦးတစ်ယောက်က အခြားသူ တစ်ဦးတစ်ယောက်အပေါ်တွင် မိမိအယူဝါဒ သြဇာ ကိန်းဝင်အောင် လွှမ်းမိုးသွတ်သွင်းခြင်းကို တင်စား၍ ဗူးသွင်းသည် ဟုလည်းကောင်း၊ ထိုသို့ဝင်သည်ကို ဗူးဝင်သည် ဟုလည်းကောင်း၊ ထိုသို့ သူတစ်ပါး၏ ပယောဂ၊ ၀ါဒ၊ သြဇာတို့ ပယ်ထုတ်သည်ကို ဗူးချသည်ဟုလည်းကောင်း သုံးနှုန်းကြသည်။

ဗိုင်းတာမ
ဇာတ်နိမ့်သူမ
မြန်မာမင်းများ လက်ထက်က ချည်ငင်ရန်အတွက် ဆီမီးထွန်းရန်အတွက် ဗိုင့်တောင့်များ ပြုလုပ်စေရန် တတ်ကျွမ်းသူ လူအချို့ကို ဗိုင်းတာစု၍ သီးခြားအလုပ်သမားတစ်စု ဖွဲ့ကာ တာဝန်ချထား လုပ်ကိုင်စေလေသည်။ ထိုအလုပ်ကို လုပ်ကိုင်သူများသည် ကြေးရိက္ခာနည်းပါး၍ နိမ့်ကျသော အလုပ်သမား လူတန်းစားတစ်ရပ် အပါအ၀င်အဖြစ် သဘောထားခြင်း ခံရတတ်ကြသည်။ ထို့ကြောင့် သူကြွယ်မျိုး၊ မင်းမှုထမ်းမျိုး၊ အသည်မျိုး စသည်ဖြင့် အမျိုးအလိုက် ခွဲခြားရာတွင် အနိမ့်စား မင်းမှုထမ်းစု အ၀င်အပါဖြစ်၍ လူတစ်ဦးတစ်ယောက်အား နိမ့်ကျသူ၊ အမျိုးနိမ့်သူ၊ ဇာတ်နိမ့်သူဟူ၍ နှိမ့်ချဆဲရေး လိုသောအခါ ဗိုင်းတာမဟု ဆိုတတ်ကြသည်။ စင်စစ် ဗိုင်းတာမသည် ယုတ်မာသူ မဟုတ်ချေ။

ဗွေဆော်
အဖျားအဦး ထိပ်ဆုံးအလှည့်
လက်ဖျားဗွေ ဦးထိပ်ဗွေ စသော ရစ်လည်လှည့်ပတ်သည့် အရေးအကြောင်း ဗွေမျိုးမှာ အထိပ်အဖျား အထက်၌သာ တည်တတ်သောကြောင့် ဗွေဟူသော စကားကို အဦးအဖျား ရှေ့ဦးရှေ့ထိပ် ဟူ၍လည်း မှတ်ယူသုံးနှုန်းသဖြင့် အဦးအလှည့်ကို ဗွေဆော်ဟု ဆိုသည်။ (လယ်တော်၊ ဘိတ်ဟူသော အလယ်အဆုံးသုံး စကားများလည်း ရှိသည်။) ဘွေမှာကား အလယ်ဘုံဟူသော အနက်ရရှိသည်။

RELATED:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ ဈ၊ ည၊ ဋ)
အသုံးများသော မြန်မာဗန်းစကားများ (တ)
အသုံးများသော မြန်မာဗန်းစကားများ (ထ၊ ဒ)
အသုံးများသော မြန်မာဗန်းစကားများ (ဓ၊ န)
အသုံးများသော မြန်မာဗန်းစကားများ (ပ)
အသုံးများသော မြန်မာဗန်းစကားများ (ဖ)

No comments:

Post a Comment

 
Web Statistics