သူ ဝေဖန်တာကို မငြင်းနိုင်။ အဲဒါကြောင့် ဟာသလုပ်ပြီး ပြန်ဖြေရသည်။ "သတင်းစာများသည် သမိုင်းကို ပြောနေကြသည်" လို့ ဆရာကြီး လူထုဦးလှ ရေးတယ် မဟုတ်လားဗျာ။ အခုလည်း ဒီကနေ့ ဂျာနယ်ခေတ်မှာ "ဂျာနယ်များသည် သမိုင်းကို ပြောနေကြသည်" ပေါ့ဗျာ ဟူ၍။
မိတ်ဆွေက ဘာမှဆက်မပြော။
ပြောစရာလည်း မလိုတော့။ သူ့စကားတစ်ခွန်းနှင့်ပင် ကျွန်တော် အတော်ကြီး အခက်တွေ့သွားသောကြောင့် ဖြစ်သည်။
လူထုဦးလှကို ရမ်းသန်းကိုးကားကာ ရုတ်တရက် ထွက်ပေါက်ရှာလိုက်သော်လည်း ကျွန်တော့်မိတ်ဆွေ ပြောတာနှင့် ဦးလှပြောတာ အဓိပ္ပါယ်ချင်း မတူကြောင်း အားလုံး သိပါသည်။
ဆရာကြီးဦးလှက ရှေးသတင်းစာဟောင်းများကို လှန်လှောတူးဆွကာ သမိုင်းဝင်ဖြစ်ရပ်တွေကို ဖြစ်ဆဲကာလမှာပင် သတင်းစာတို့ ရေးသားတင်ပြခဲ့ကြပုံကို ထုတ်ပြပြီး အဲသည် သတင်းစာတွေသည် သူ့ခေတ်ကာလ အခြေအနေအကြောင်းခြင်းရာများကို ဖော်ပြနေသည့် နေ့စဉ်သမိုင်းများ ဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
ကျွန်တော့်မိတ်ဆွေကတော့ ကျွန်တော်တို့သည် နေ့စဉ် အပတ်စဉ် သမိုင်းသစ်တွေကို မရေး၊ သမိုင်းဟောင်းတွေကိုသာ ပြန်လှန်တင်ပြနေကြသည်ဟု ဆိုလိုက်တာ ဖြစ်ပါသည်။
ဘာကြောင့် သည်လို ဖြစ်ရသလဲ။
သမိုင်းဆရာကြီး ဒေါက်တာ သန်းထွန်း၏ "မအအောင်လို့" ၀ါဒကို အကောင်အထည်ဖော်သော သဘောဖြင့် သမိုင်းသင်ခန်းစာတွေ ရှာဖွေတင်ပြနေကြတာလား။ ဒါသည်လည်းပဲ အပြစ်တင်စရာတော့ မဟုတ်။
သို့သော် ကျွန်တော်တို့ ဂျာနယ်တွေမှာ နိုင်ငံရေးလောကက ကောင်းသော (အထူးသဖြင့်) မကောင်းသော သမိုင်းကြောင်းများကို ဖော်ပြရေးသားကြတာတွေ၊ အတိတ်ကာလ နောက်ကြောင်းပြန်တွေ၊ ငယ်စဉ်ကာလ ကိုယ်တွေ့ဖြစ်ရပ်တွေ စသဖြင့် ပုံသဏ္ဌာန်မျိုးစုံနှင့် ဖော်ပြသည့် သမိုင်းအရေးအသားတွေ များလွန်းနေတာ မငြင်းနိုင်။ ပိုဆိုးသည်က သည်ကနေ့ရေးသည့် အတိတ်သမိုင်းကြောင်း တွေသာမက သမိုင်းဟောင်းကိုပြသည့် စာဟောင်းပေဟောင်းတွေကိုပါ အများအပြား ဖော်ပြလာကြခြင်း ဖြစ်သည်။
အချိန်အခါနှင့် တိုက်ဆိုင်ညီညွတ်စွာ ဖော်ထုတ်တင်ပြလိုက်သည့် ပြန်လည်ဆန်းစစ်စာတို့သည် တန်ဖိုးရှိပါ၏။ သို့သော် များလွန်းသည့်အခါ၌မူ စာအုပ်ဟောင်းများထဲမှ အယ်ဒီတာအကြိုက်တွေရွေးကာ စုစည်းထုတ်ဝေလိုက်တာနှင့် သွားတူသည်။
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည့် ကိစ္စ သည်မှာရပ်လျှင် နည်းသေးသည်ဟု ဆိုကြလိမ့်မည် ထင်သည်။ ဒါဖြင့် ဘာတွေ ကျန်သေးသလဲ။ တခြား ဘယ်ပေါင်တွေ ရှိသေးသလဲ။
ကျွန်တော်တို့မှာ အတိတ်ကာလတွေ မရေး၊ မျက်မှောက်ခေတ်ကိုပဲ ရေးမည့် စာနယ်ဇင်းသမား ရှားပါးနေသည်လား။
ရေးတတ်သူ နည်းပါးသဖြင့် အယ်ဒီတာတွေက အဟောင်းများနှင့် ဖြည့်နေထေနေရသည်လား။
ဒါမှမဟုတ် မြင်တတ်ရေးတတ်ပါလျက် မရေးဘဲ လက်ရှောင်သူတွေ များနေသည်လား။
သို့မဟုတ် ရှေးဆရာများ ပြောခဲ့သလို အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် မရေးနိုင်ကြတာလား။
အဲသည်အထဲမှာ ဘယ်အရာက အချိုးအစား များသနည်း။ ဘာက အဓိကကျသနည်း။ စဉ်းစားကြည့်ဖို့ လိုလိမ့်မည်။
သို့သော် စဉ်းစားနေတုန်းမှာတော့ ကျွန်တော်တို့ ဂျာနယ်တွေမှာ ခေတ်ကာလ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကို ထင်ရှားပီပြင်စွာ ဖော်ပြသည့် စာတို့ အားနည်းနေလိမ့်ဦးမည်။ အများပြည်သူ့ ခံစားချက်နှင့် မျှော်လင့်ချက်များ၊ သဘောထား အမြင်များကို ဖော်ထုတ်ပြနိုင်သည့် စူးရှထက်မြက်သော သုံးသပ်ဝေဖန်စာတို့ နည်းပါးနေပေလိမ့်ဦးမည်။
သို့သော် မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ သည်ကနေ့ ဂျာနယ်တွေသည် နောင်တစ်နေ့တွင် သမိုင်းထဲ ရောက်သွားကြလိမ့်မည်။ အဲသည်အခါ သမိုင်းကြောင်းကို ခြေရာကောက်သူ၊ ခေတ်ကာလများကို ဝေဖန်စစ်ကြောသူတို့က အကဲဖြတ် မှတ်ချက်ချကြလိမ့်မည်။
အဲသည်ခေတ်သည် ဘယ်သို့သောခေတ်၊ အဲသည်ခေတ်က ဂျာနယ်တွေသ် ဘယ်သို့သော ဂျာနယ်တွေ၊ သမိုင်းစဉ်ရှိ သူ့ရှေ့က ပေါ်ခဲ့သော သူ့နောက်တွင် ပေါ်လာသော ဂျာနယ်များနှင့် နှိုင်းယှဉ်ကာ သည်ဂျာနယ်တွေ၏ အဆင့်အတန်းသည် ဘယ်နေရာလောက်မှာ ရှိသည် စသဖြင့် တိုင်းတာ သတ်မှတ်ကြလိမ့်မည်။
အဲသည်အခါ ရက်စက်သော ဝေဖန်သူက ကျွန်တော်တို့ခေတ် ဂျာနယ်တွေသည် အဟောင်းကိုပြန်ရေးသော ဂျာနယ်ဟောင်းများ ဖြစ်သည်။ သမိုင်းမှာ မ,အသော်လည်း မျက်မှောက်ရေးရာမှာတော့ နုံချာလှသည်ဟု မှတ်ချက်ချမှာ ကျွန်တော်စိုးရိမ်သည်။ အဲဒါဆိုလျှင်လည်း သူ့ကို အပြစ်တင်စရာ မရှိ။ ကျွန်တော်တို့ တာဝန်သာ ဖြစ်လိမ့်မည်။
သို့သော် ဝေဖန်တာတွေကို သည်းခံရင်း ကျွန်တော်တို့တွေ သမိုင်းတွေပဲ ဆက်ရေးနေကြဦးမည်လား။
No comments:
Post a Comment