စကြ၀ဠာအနန္တ၊ သတ္တ၀ါအနန္တ၊ သုံးဆယ့်တစ်ဘုံ ကျင်လည်ကုန်သော ဝေနေယျသတ္တ၀ါအပေါင်းတို့တွင် အဘယ်မည်သော သတ္တ၀ါသည် မျက်ရည်ကျပါစ။ ကျွန်ုပ်အထင် လူမှတစ်ပါး အပြားပြားသော သတ္တ၀ါတို့သည် မျက်ရည်ကျကြပုံ မရချေ။
ဆင်ကြီးတွေ ငိုသည်ဟု ဆိုပါ၏။ ကျွဲကြီးတွေလည်း ငိုသည်ဟု ဆိုပါ၏။ အနို့အပြင် နွားကြီးတွေလည်း ငိုကြောင်း ဆိုကြပါ၏။ ထိုမျှသာမက ကရိုကိုဒိုင်းတီးယား (Crocodile Tear) ခေါ် မိကျောင်းမျက်ရည်ဟူ၍လည်း ရှိကြောင်းဆိုရာ ဘာခံစားချက်မှ မရှိဘဲ ကျသောမျက်ရည်ပင်။ ထားတော့။
ဘုတ်အုပ်တစ်ခုထဲ၌မူ မျက်ရည်ကို ခွဲခြမ်းစိတ်ဖြာ၍ ပြထားရာ မျက်ရည်၌ ရေပါသည်ဆို၏။ မြူစင် (Mucin) ခေါ် အချွဲဓာတ်ပါသည် ဆို၏။ အဆီ (Lipid) ပါသည်ဆို၏။ လိုင်ဆိုဇိုင်း (Lysozyme)၊ ဂလူးကို့စ်၊ ယူရီးယား၊ ဆိုဒီယမ်၊ ပိုတက်ယမ် စသည်စသည်တို့လည်း ပေါင်းစပ်၍ ပါဝင်နေကြောင်း ဆိုချေရာ ကျွန်ုပ်၏မိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးသည် အနှီဘုတ်အုပ်ကိုဖတ်ကာ ငေါက်ခနဲ ထထိုင်၏။ သူက မျက်ရည်လွယ်သူတို့ကို လစာပေး၍ ခေါ်ယူကာ ငိုခိုင်းပြီး ၎င်းအနှီတို့၏ မျက်ရည်များကို ဓာတ်ခွဲကာ ဆိုဒီယမ်သပ်သပ်၊ ပိုတက်ဆီယမ်သပ်သပ်၊ ဂလူးကို့စ်သပ်သပ်၊ ယူရီးယားသပ်သပ် ထုတ်လုပ်ပြီး ရောင်းရသော် တွက်ခြေကိုက်ပါစဟု စဉ်းစားပုံရပါ၏။ ငိုတော့ မေရယ်။
ဟုတ်ကဲ့။ လူတွေ ဘယ်အချိန်မှာ ငိုကြပါစ။ တစ်နည်း ဘယ်နံရောအခါမှာ မျက်ရည်ကျကြပါစ။ စေ့ငုဖို့ကောင်းပါ၏ြ။
မျက်ကြည်လွှာ တောက်ပစေဖို့ရာ မျက်ရည်ကျသည် ဟူသတတ်။ Basal Tears ဆိုလား။ ကြက်သွန်နီကဲ့သို့နှယ် ပစ္စည်းများကြောင့်လည်း မျက်ရည်ကျသည် ဟူသတတ်။ Reflex Tears ဆိုလား။ အနို့နောက် အရေးအကြီးဆုံးမှာ ခံစားမှုမျက်ရည်။ Crying Tears သို့မဟုတ် Weeping Tears ဟူသတည်း။
ဤ၌ ခံစားမှုဟူသည် နှစ်မျိုးနှစ်မည် ရှိနေနိုင်ပေလိမ့်မည်။ မြူးတူး၍လည်း မျက်ရည်ကျနိုင်သလို ကြေကွဲ၍လည်း မျက်ရည်ကျနိုင်ချေသည် မဟုတ်သလော။
စိန့်သြဂတ်စတင်းက မျက်ရည်ကို ဗျူပ္ပတ်ဖွင့်ပုံမှာ Symbols Of Pleasure ဟူသတည်း။ ပီတိ၏ သင်္ကေတဟူသတတ်။ ဘွဲ့နှင်းသဘင်၌ မျက်ရည်ကျသည်မှာ၊ အလှူပွဲကြီး ၀ှဲချီးအောင်မြင်၍ ရေစက်ချစဉ်၌ မျက်ရည်ကျသည်မှာ သို့ကလို မျက်ရည်မျိုး ဖြစ်ပုံရပါ၏။
စိတ်ပညာရှင်အချို့ကမူ မျက်ရည်ကို Emotional Catharsis အီမိုရှင်နယ် ကသားဆစ်တဲ့။ ခံစားမှု ၀မ်းနှုတ်ဆေးဆိုလား။ ထိပါ့မိပါ့။ ငိုပစ်လိုက်တော့ ခံစားရတာတွေ ပေါ့ပါး၍ မသွားပါလား သပ္ပူရိသအနွယ်ဝင် သူတော်စင် စာရှုသူ။
အချို့ကမူ Sincerity ရိုးသားမှု အမှတ်အသားတဲ့။ Reminiscence ပြန်ပြောင်းသတိရခြင်းတဲ့။ ကောင်းတာပါကပဲ အရပ်ကတို့ရယ်။ ရိုးမှ မျက်ရည်ကျပေမပေါ့။ သတိရမှ မျက်ရည်ကျပေမပေါ့။ ထား။
သဟာနဲ့ ကိုရီးယားနိုင်ငံအကြောင်းကလေး တောင်ဖတ်မြောက်ဖတ် လျှောက်ဖတ်မိစဉ် (Professional Mourners) ပရော်ဖက်ရှင်နယ်မော်နာ ဆိုတာကလေး ဖတ်ရှုမိသဗျာ။ ကြေးစားငိုကြွေးပေးသူများတဲ့။ လူတစ်ယောက် ကွယ်လွန်အနိစ္စ ရောက်သည်ဆိုအံ့။ မည်သူတစ်ဦးတစ်ယောက်ကမှ ၀မ်းနည်းပန်းနည်း မဖြစ်သောကြောင့် မငိုကြွေးကြဆိုအံ့။ မျက်ရည်မပါတော့ ဘယ့်နှာ လွမ်းစရာ ကောင်းလိမ့်မတုံးလေ။ အနို့လိုအခါမျိုး၌ ကြေးစားများကို ငှားရမ်း၍ လှိုက်လှိုက်လှဲလှဲ ငိုကြွေးခိုင်းလိုက်လေသောအခါ အိုလွမ်းဖွယ်ပင်။ ကောင်းပါ့။
မဟတ္တမဂန္ဒီကြီးဆုံးတော့ ငိုလိုက်ကြတာ။ မာသာထရီဆာ ကွယ်လွန်တော့ ငိုလိုက်ကြတာ။ ဗိုလ်ချုပ်အောင်ဆန်း အနိစ္စရောက်တော့ ငိုလိုက်ကြတာ။ အနို့အတူ တွံတေးသိန်းတန်၊ ထူးအိမ်သင်၊ မြို့မငြိမ်း၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ မင်းသုဝဏ်၊ မောင်ချောနွယ်၊ ၀သုန်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ရွှေဘ၊ လူထုဒေါ်အမာ... အို ငိုလိုက်ကြတာ။ မျက်ရည်တွေများ ထွက်လိုက်ကြတာ။ ထား။
တစ်နေ့သားမှာတော့ ကျွန်ုပ်ဆီ လူသုံးလေးယောက် ပေါက်ချလာသဗျ။ ရှေ့ဆုံးက ဟစ်တလာရယ်။ သူ့နောက်တွင်မူ မူဆိုလီနီကြီးရယ်ပေါ့။ ဟုတ်ကဲ့ ဆက်ဒမ်ဟူစိန်လည်း ပါပါလေရော့။ အဲသမှာ သူရို့ အသုဘတွေကို ပြန်ချချင်ပါသတဲ့။ ကြေးစားအငိုသမားတွေကို ငှားရမ်းပေးစေလိုပါသတဲ့။ စကြ၀ဠာ တိုက်တစ်သောင်းက ကြားသည်အထိ ဟစ်ကာညှစ်ကာ အော်၍ ငိုပေးရမည် ဆိုပါကလား။ ကြိုက်ကြေးတောင်းလေတဲ့။ ကျွန်ုပ်ကို အကူအညီ တောင်းခံလာတော့မင့်ဟာ။ အသို့နှင့် ကျွန်ုပ်လည်း နီးစပ်ရာ နီးစပ်ရာလူတွေ အသာလက်တို့ကာ အသပြာငွေကြေးကိစ္စ ညှိနှိုင်းပြီးသကာလ အသုဘပြန်ချ၍ ငိုစေဟု မိန့်မြွက်ရတော့ပေတာပ။
ကိုယ့်လူတွေပြန်လာတော့ လက်ထဲမှာ အသပြာတွေ ဖွေးဖွေးလှုပ်လို့ရယ်။ ငိုရင်းငိုရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် လှမ်းလှမ်းကြည့်ပြီး ရယ်ချင်လိုက်တာ ဆရာကြီးဂျက်ရာတဲ့။ ကြည့်စမ်း သည်မောင်တွေ။ သမိုင်းမှာ မျက်နှာပိုး မသေမသပ်နဲ့။ အနှီနေ့ ညနေခင်းမှ စကာ ၎င်းတို့ တည်ခင်းဧည့်ခံသည့် ယမကာဝိုင်းကလေးမှာ စားမြုံ့ပြန်ကြရင်း တ၀ါးဝါး ရယ်ပွဲဖွဲ့ကြသည်မှာ တစ်ပတ်ဆယ်ရက်။
No comments:
Post a Comment