Saturday, August 28, 2010

နိုင်ငံရေးဝတ္ထုကြီးများရဲ့ သြဇာအရှိန်အ၀ါ - လူထုစိန်ဝင်း


useinwin.jpg

"သတင်းစာဆရာဆိုတာ ကျွန်ုပ်တို့ခေတ်ရဲ့ မှတ်တမ်းတွေကို ရေးသားတဲ့ နေ့စဉ်မှတ်တမ်း ရေးသူတွေ ဖြစ်တယ်"

နာမည်ကြီး အင်္ဂလိပ်သတင်းစာဆရာတစ်ဦးဖြစ်တဲ့ "ဖရန်စစ်ဝီလျံ" ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ မြန်မာသတင်းစာဆရာကြီး လူထု ဦးလေးလှကလည်း "သတင်းစာများသည် သမိုင်းကို ပြောနေကြသည်" လို့ ဆိုခဲ့ပါတယ်။

မင်းဒဏ်သင့်တဲ့အလုပ်
သတင်းစာဆရာတို့၊ စာရေးဆရာတို့ဆိုတာ သူ့ခေတ် သူ့အခါရဲ့ သမိုင်းကြောင်းကို မတိမ်းမစောင်းရအောင် မှန်ကန်တိကျစွာ မှတ်တမ်းတင်တဲ့ တာဝန်ကို ထမ်းဆောင်ကြရသူများ ဖြစ်တယ်။ ဥရောပမှာ သတင်းစာပေါ်ဦးစ ခေတ်အခါကဆိုရင် ဒီတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်းနဲ့ သတင်းစာဆရာ၊ စာရေးဆရာကြီးတွေဖြစ်တဲ့ "ဒင်နီယယ်ဒီဖိုး" တို့၊ "အီမိုင်းလ်ဇိုလာ" တို့တစ်တွေ မင်းပြစ်မင်းဒဏ် သင့်ခဲ့ကြရတယ်။ အခုနှစ်ဆယ့်တစ်ရာစု ရောက်တဲ့အထိလည်း သတင်းစာအလုပ်ဆိုတာ သက်စွန့်ဆံဖျား လုပ်ရတဲ့အလုပ်မျိုးအဖြစ် ရှိနေသေးတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း အကြောင်းအမျိုးမျိုးပြပြီး အသတ်ခံရတဲ့ သတင်းစာဆရာဦးရေဟာ ဘယ်တော့မှ ငါးဆယ်အောက် ရောက်တယ်မရှိခဲ့ဘူး။ တချို့နှစ်များဆိုရင် ရာဂဏန်းအထိတောင် ရှိတာကို တွေ့ရတယ်။ ဒါက စစ်မြေပြင်မှာ သေရတဲ့သူတွေရဲ့ စာရင်း မပါသေးဘူး။ ဒီလို သက်စွန့်ဆံဖျား လုပ်ကြရပေမယ့်လည်း သတင်းသမားတွေက ဘယ်တော့မှ နောက်တွန့်သွားတယ် မရှိခဲ့ပါဘူး။

ရှေ့တန်းက ပါခဲ့တာချည်းပဲ
မြန်မာသတင်းစာဆရာ၊ စာရေးဆရာတွေလည်း "ဘိုးဝဇီရ" တို့ ခေတ်ကစပြီး ဒီခေတ်အထိ နောက်ကျ ကျန်မနေရစ်ပါဘူး။ တာဝန်ကျေခဲ့ကြတယ်။

"မြန်မာ့နိုင်ငံရဲ့ သမိုင်းစဉ်တစ်လျှောက်လုံးမှာ သတင်းစာဆရာ၊ သတင်းထောက်ခေါင်းဆောင်မှု မပါခဲ့တဲ့ ခေတ်ဆိုလို့ တစ်ခေတ်မှ မရှိပါဘူး။ အမြဲ ခေါင်းဆောင်မှု ပေးနေတာပဲဆိုတာ  ရဲရဲကြီး ပြောချင်ပါတယ်" လို့တောင် ဆရာကြီး ထွန်းနေ့စဉ် ဦးထွန်းဖေက ပြောခဲ့ဖူးပါတယ်။ မှန်လည်း မှန်ပါတယ်။ နှစ်ပေါင်းရာကျော် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတစ်လျှောက်မှာ ဆီးဘန်နီဆရာတော်လို၊ အချုပ်တန်းဆရာဖေလို ပုဂ္ဂိုလ်ကြီးတွေ ရှေ့တန်းက ပါခဲ့သလို၊ ဖက်ဆစ်တော်လှန်ရေးနဲ့ တိုင်းပြည်လွတ်လပ်ရေး တိုက်ပွဲစဉ်တစ်လျှောက်လုံးမှာလည်း သတင်းစာဆရာတွေ၊ စာရေးဆရာတွေ သက်စွန့်ကြိုးပမ်း ရှေ့ဆုံးတန်းက ပါခဲ့ကြတာပါပဲ။

ရန်သူတော်နံပါတ်တစ်
နယ်ချဲ့ခေတ်တစ်ခေတ်လုံး မြန်မာစာပေနယ် တစ်ခုလုံးရဲ့ "မီးရှူးတန်ဆောင်" သဖွယ် ရှေ့က မားမားမတ်မတ်ရပ်ပြီး ဦးဆောင်မှုပေးခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို နယ်ချဲ့အင်္ဂလိပ် အစိုးရက "ရန်သူတော် နံပါတ်တစ်" အဖြစ် စာရင်းသွင်း မှတ်တမ်းအတင်ခံခဲ့ရပါတယ်။ ဆရာကြီးကလည်း တိုင်းပြည်လွတ်လပ်ရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေးဆို ဘယ်တော့မှ နောက်ချန်နေခဲ့တာ မဟုတ်ဘူး။ အမြဲတမ်း ရှေ့ဆုံးက ထွက်တာ။

"ဝေးခရီးပေမယ့် အရေးကြီးလျှင်ဖြင့် သွေးနီးရာပါစမြဲပေမို့ ဆရာလဲကွာ၊ ပထမအရင် ကနဦးဆီက မြန်မာ့တစ်ခွင်မှာ သမ္မတရှင်ဘုရင် မလူးခင်ပ (ထ)ဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့ (ထီ)မထင် ကျောင်းတော်သားတွေရဲ့ အမည်အစဉ် ခေါင်းပေါ်ဖျားတွင်မှ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့....."

ယူနီဗာစီတီသပိတ် လေးချိုးကြီးမှာ စပ်ထားခဲ့တဲ့အတိုင်း ဆရာကြီး ဘ၀တစ်လျှောက်လုံး ပြည်သူတွေနဲ့ တစ်သားတည်း ရှိခဲ့တာ ဖြစ်တယ်။

မျိုးစေ့မှန်လို့ အပင်သန်
ဆရာကြီး မျိုးစေ့ချပေးခဲ့တဲ့ မြန်မာစာပေလောကဟာ လွတ်လပ်ရေး တိုက်ပွဲစဉ်တစ်လျှောက်လုံး တက်တက်ကြွကြွ ပါဝင်ခဲ့ကြသလို လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းက ဦးဆောင်ခဲ့ကြတယ်။ ကျူးဘားတော်လှန်ရေး၊ ဗီယက်နမ်လွတ်မြောက်ရေးတိုက်ပွဲ၊ လက်တင်အမေရိကနဲ့ အာဖရိက ကိုလိုနီထမ်းပိုးအောက်က ရုန်းထွက်ရေး တိုက်ပွဲမှန်သမျှ ထောက်ခံအားပေးခဲ့ကြတယ်။ မျိုးစေ့မှန်လို့ အပင်သန်တယ် ပြောရလိမ့်မယ်။

လက်ဝဲ၀ါဒ သြဇာလွှမ်း
ကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်စနစ်အောက်က ရုန်းထွက်ခဲ့ကြရတဲ့ နိုင်ငံတိုင်းမှာ လက်ဝဲအယူဝါဒတွေ အင်မတန် သြဇာလွှမ်းမိုးခဲ့တယ်။ အထူးသဖြင့် ပညာတတ် ကျောင်းသားလူငယ်တွေအပေါ်မှာ ပိုပြီး သြဇာကြီးခဲ့တယ်။ အဲဒီလို လက်ဝဲအယူဝါဒဘက် တိမ်းညွတ်ကြတဲ့ မြန်မာလူငယ် အများစုဟာ ဘယ်လက်ဝဲပါတီတွေကမှ စည်းရုံးခဲ့ကြတာ မဟုတ်သလို၊ ဘယ်လိုလက်ဝဲ၀ါဒီကျမ်းတွေမှ ဖတ်ဖူးခဲ့ကြလို့လည်း မဟုတ်ပါဘူး။ စာရေးဆရာကြီးတွေဖြစ်တဲ့ သိန်းဖေမြင့်၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ လင်းယုန်နီ၊ သခင်မြသန်း၊ အောင်လင်းတို့ တစ်တွေရဲ့ စာတွေကို စွဲလမ်းအားကျပြီး လက်ဝဲသမားပေါက်စလေးတွေ ဖြစ်လာခဲ့ကြတာပါ။

ဇာတ်လိုက်ကို အားကျတဲ့အရွယ်
ကိုယ်တွေ့ပြောရရင် ကောလိပ်ကျောင်းရောက်မှ ကားလမတ်တို့၊ အိန်ဂျယ်တို့၊ လီနင်စတာလင်နဲ့ မော်စီတုန်းတို့ကို ကြားဖူးခဲ့တာပါ။ ဒါပေမယ့် အဲဒီမတိုင်မီ အလယ်တန်းကျောင်းသား ဘ၀ကတည်းက လက်ဝဲအယူအဆတချို့ကို နှစ်သက်သဘောကျနေပါပြီ။ လင်းယုန်နီရဲ့ ဇာတ်လိုက် မောင်စောလွင်ကို အားကျပြီး လမ်းလျှောက်တဲ့အခါ ကျောက်ခဲကို ကန်ရင်း လျှောက်တတ်သလို ဓာတ်တိုင်ကို ခဲနဲ့ပေါက်တဲ့ ထူးထူးခြားခြား စရိုက်တွေကို အတုခိုးခဲ့တယ်။ မောင်စောလွင်ကို ဇာတ်လိုက်အဖြစ်ထားပြီး ရေးတဲ့ မြင့်၊ မမမြင့်၊ ချစ်မမ၊ မချစ်မမမြင့်၊ ချစ်သော မမ၊ ချစ်မမ ဆိုတဲ့ စာအ်ုပတွဲတွေကို အိပ်ရာဘေးထားပြီး စကားလုံးတွေ အလွတ်ရလုနီးပါးဖြစ်အောင် ဖတ်ခဲ့တယ်။

စာရေးဆရာတွေ ဂုရုကြီးဖြစ်ခဲ့
အဲဒီနောက်တော့ ဆရာဦးသိန်းဖေမြင့်ရဲ့ အရှေ့ကနေ၀န်းနဲ့ သပိတ်မှောက်ကျောင်းသား ၀တ္ထုရှည်ကြီးတွေရဲ့ သြဇာ အလွန်ကြီးခဲ့တယ်။ မကြိုက်တဲ့ လူငယ်ကျောင်းသား မရှိသလောက် ဖြစ်တယ်။ ကိုတင်ထွန်း၊ မမြင့်ဦးနဲ့ မမြမှီတို့ကို စွဲခဲ့တယ်။ ပြီးတော့ ဆရာဗန်းမော်တင်အောင်ရဲ့ ကိုဘုန်းနိုင်၊ ကိုတင်ဦး၊ အောင်လင်းရဲ့ ဗေဒါ၊ ဒဂုန်တာရာရဲ့ မေ နဲ့ မြိုင်၊ သခင်မြသန်းရဲ့ မမိုးစွေ စတဲ့ စတဲ့ ဇာတ်ကောင်တွေကို စွဲလမ်းခဲ့ကြရတယ်။ ၀တ္ထုဇာတ်ကောင်တွေဟာ လူငယ်တိုင်းရဲ့ စံပြုပုဂ္ဂိုလ် (Role Model)တွေ ဖြစ်လာခဲ့သလို စာရေးဆရျာွှေကိလည်း "ဂုရုကြီး" တွေအဖြစ် ကိုးကွယ်ဆည်းကပ်ခဲ့ကြတယ်။

လတ်တလော အခြေအနေ
အခုလတ်တလော အခြေအနေကို ကြည့်လိုက်တော့ ရာစုနှစ် တစ်ဝက်လောက် မကြားရတဲ့ နိုင်ငံရေးစကားတွေနဲ့ ဒီမိုကရေစီအသံတွေ ပြန်ကြားလာရ၊ ပြန်ဖတ်လာရပေမယ့် အရှေ့ကနေ၀န်းလို၊ သပိတ်မှောက်ကျောင်းသားလို၊ သူပုန်ကြီးလို၊ ပြည်တော်သာ ခင်ခင်ဦးလို၊ မမမြင့်လို၊ မမိုးစွေလို ၀တ္ထုကြီးတွေနဲ့ ဇာတ်ကောင်တွေ ထွက်ပေါ်လာတာမျိုးတော့ မတွေ့ရသေးဘူး။ ၀တ္ထုကောင်းကြီး မထွက်ကြသလို အားကျအတုယူလောက်တဲ့ စာရေးဆရာဆိုတာလည်း မရှိတော့ပါဘူး။

စာရေးဆရာရဲ့ တာဝန်
လူငယ်ဆိုတာ စိတ်ကူးယဉ်တတ်၊ အိပ်မက်တွေ မက်တတ်တဲ့ သဘာဝရှိတယ်။ ၀တ္ထုဇာတ်လမ်းနဲ့ ရုပ်ရှင်တွေကြည့်ပြီး အားကျ အတုယူတတ်တယ်။ ဇာတ်ကောင်တွေကြည့်ပြီး စိတ်ကူးယဉ်တတ်တယ်။ စာရေးဆရာတွေကို စံပြုပုဂ္ဂိုလ်ကြီးတွေအဖြစ် လေးစားကြည်ညိုလေ့ရှိတယ်။ ကျွန်တော်တို့ခေတ်က ကြည်ညိုလောက်တဲ့ စာရေးဆရာတွေ အများကြီးရှိခဲ့တယ်။ အများကြီးမှ တကယ့်ကို အများကြီးဖြစ်တယ်။ မရှိဘူးဆို အစိတ်သုံးဆယ်တာ့ အသာလေးရှိတယ်။ အခုခေတ်မှာ (ပြောရမှာ စိတ်မကောင်းဘူး၊ ရှက်လည်း ရှက်မိတယ်) သိန်းဖေမြင့်လို၊ ဗန်းမော်တင်အောင်လို၊ မြသန်းတင့်လို၊ လင်းယုန်နီလို စာရေးဆရာမျိုး တစ်ယောက်မှ မရှိပါဘူး။ ခေတ်တစ်ခေတ်ကို စနစ်တစ်ခုကို ပြုပြင်တော့မယ်ဆိုရင် ရှေ့ဆောင်လမ်းပြ လုပ်ဖို့အတွက် နိုင်ငံရေးဝတ္ထုကြီးတွေ မရှိမဖြစ် လိုအပ်ပါတယ်။ အဲဒီလိုအပ်ချက်ကို စာရေးဆရာတွေက ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတဲ့အကြောင်း နှိုးဆော်လိုက်ပါရစေဗျာ။

No comments:

Post a Comment

 
Web Statistics