Monday, August 23, 2010

အပြန်အလှန် ထိန်းကျောင်းမှုရှိသောစနစ် ပေါ်ပေါက်ရေး အသက်တမျှအရေးကြီး


voiceg.jpg

လူကြိုက်များအောင်လုပ်ရာတွင် သူမတူအောင် ကျွမ်းကျင်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နှင့် ၎င်း၏ ထိုင်းရက်ထိုင်းပါတီတို့ ၂၀၀၅ ခုနှစ်က ရွေးကောက်ပွဲအောင်နိုင်၍ ဒုတိယသက်တမ်း စတင်ချိန်တွင် နိုင်ငံရေးသုံးသပ်သူများက တညီတညွတ်တည်း သုံးသပ်ခဲ့သော သုံးသပ်ချက်တစ်ခု ရှိခဲ့ပါသည်။ အဆိုပါ သုံးသပ်ချက်မှာ "ထိုင်းနိုင်ငံသည် ဒီမိုကရေစီနည်းဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံရသော တစ်ပါတီစနစ်ဆီသို့ ရောက်ရှိသွားပြီ" ဆိုသော သုံးသပ်ချက် ဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ထိုင်းရက်ထိုင်းပါတီက ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သောကြောင့် ဖြစ်သည်။

ဒီမိုကရေစီစနစ်ဆိုသည်မှာ အချုပ်အခြာအာဏာ သုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းမှုရှိသော စနစ်တစ်ခုကို ကျင့်သုံးခြင်းဖြစ်ရာ အုပ်ချုပ်ရေးအာဏာ ကျင့်သုံးသည့် ထိုင်းရက်ထိုင်းပါတီကို အပြန်အလှန် ထိန်းကျောင်းမည့် ပါတီမရှိတော့ခြင်းသည် အုပ်ချုပ်ရေးအာဏာကို ထင်ရာစိုင်းခွင့် ပြုသည့်သဘော သက်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သက်ဆင်သည် ကက်ဘိနက် အစည်းအဝေး၊ လွှတ်တော်အစည်းအဝေးများ မတက်ရောက်တော့ဘဲ တယ်လီဖုန်းဖြင့် စေခိုင်းသည့်အဆင့်အထိ ရောက်ရှိသွားခဲ့သည်။ အမှန်အားဖြင့် ဒီမိုကရေစီသဘောတရား ကျင့်သုံးသည့်စနစ်တွင် အပြန်အလှန် ထိန်းကျောင်းမှုရှိသော စနစ် ဟုတ်၊ မဟုတ် က အရေးကြီးပြီး ထိုသို့သော အပြန်အလှန် ထိန်းကျောင်းမှုနှင့် မည်သူအုပ်ချုပ်သည်ဆိုသော ကိစ္စနှစ်ခုတို့အနက် မည်သူအုပ်ချုပ်သည်ဆိုသော အချက်မှာ ဒုတိယဦးစားပေးသာ ဖြစ်သင့်ပေသည်။ ဒီမိုကရေစီနိုင်ငံများတွင် တစ်ပါတီတည်းက သိမ်းကျုံး၍ အနိုင်ရရှိခြင်းသည် အဆိုပါ ပါတီအတွက်သာကောင်းပြီး သက်ဆိုင်ရာနိုင်ငံနှင့် ပြည်သူများအတွက် မကောင်းပါ။

သက်ဆင်၏ တစ်ပါတီလွှမ်းမိုးထားသော အစိုးရနှင့် လွှတ်တော်တို့ကို ၂၀၀၆ ခုနှစ်တွင် ထိုင်းတပ်မတော်က ဖျက်သိမ်း၍ အခြေခံဥပဒေအသစ်ကို ရေးဆွဲရာ၌ အလားတူအဖြစ်မျိုးနှင့် မကြုံကြိုက်ရစေရန် ရွေးချယ်တင်မြှောက်ခြင်းမရှိဘဲ တိုက်ရိုက်ခန့်ထားသော ကိုယ်စားလှယ်များ ထားရှိသည့် အထက်လွှတ်တော် စနစ်တစ်ရပ်ကို ကျင့်သုံးခဲ့သည်ကို တွေ့ရသည်။ ပါလီမန်စနစ် သဘောတရားအရ အုပ်ချုပ်ရေးအာဏာကို ဖွဲ့စည်းရာတွင် ရွေးကောက်တင်မြှောက်ခံ အောက်လွှတ်တော် ရွေးကောက်ပွဲရလဒ်က ပြဋ္ဌာန်းခြင်းဖြစ်၍ ထိုင်းနိုင်ငံ အထက်လွှတ်တော်တွင် အလိုအလျောက် ခန့်ထားသည့် အမတ်များ ရှိနေကြောင်း လူသိနည်းသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ မကြာမီ ကျင်းပတော့မည်ဖြစ်ရာ သီအိုရီအားဖြင့် အပြန်အလှန်ထိန်းကျောင်းမှု ဖြစ်နိုင်ခြေရှိနေသည်ကို တွေ့ရသည်။ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့သူအများက ထိုအချက်ကို တန်ဖိုးမထားခဲ့ကြသောကြောင့် လူ့အဖွဲ့အစည်းအတွင်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ အားတက်သရောရှိမှု လျော့ကျသွားသည်ကို တွေ့ခဲ့ရသည်။ ၂၀၁၁-၂၀၁၆ Check and Balance သည် ဤကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထု၏ စိတ်ဝင်စားမှုနှင့် အချိုးကျသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။
အယ်ဒီတာ (၁၆-၈-၂၀၁၀)

No comments:

Post a Comment

 
Web Statistics