Tuesday, August 10, 2010

ဆပ်ကပ်ထဲကခြင်္သေ့လို မဖြစ်စေချင် - လူထုစိန်ဝင်း


useinwin.jpg
ခြေတစ်လှမ်း ကုဋေတစ်သန်း တန်သလို လှုပ်လီလှုပ်လဲ့နဲ့ ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးမျိုးကို သဘောမကျသလို ကောလိပ်ကျောင်းသားအရွယ် ရောက်နေတာတောင် အမေ့နား ကပ်ချွဲနေတတ်တဲ့ သားလိမ္မာမျိုးကိုလည်း ကြည့်မရတဲ့အကြောင်း မကြာခဏ ရေးခဲ့တာနဲ့ ပတ်သက်ပြီး တချို့မိဘတွေက စောဒက တက်တတ်ကြတယ်။

မျက်စိအောက်က အပျောက်မခံ
သူတို့က မိဘစကား မြေ၀ယ်မကျ နားထောင်ပြီး စာမေးပွဲတွေ ထူးထူးချွန်ချွန် အောင်မြင်ဖို့ အရေးကြီးတယ်လို့ ယူဆကြတယ်။ အဲဒီလို ဖြစ်ဖို့အတွက် သားသမီးတွေကို မူကြိုအရွယ်ကစပြီး မျက်စိအောက်က အပျောက်မခံဘဲ အရိပ်တကြည့်ကြည့်နဲ့ ပြုစုပျိုးထောင် လာကြတယ်။ အတန်းတွေ တစ်တန်းပြီးတစ်တန်း တက်လာ၊ အသက်တွေ တစ်နှစ်ပြီးတစ်နှစ် ကြီးလာလည်း ကျောင်းတက် ကျောင်းဆင်း ကျူရှင်ကြိုဖို့ မပျက်မကွက် လုပ်ပေးကြတယ်။ သားသမီးတွေ နှစ်စဉ်နှစ်တိုင်း စာမေးပွဲတွေ ထူးထူးချွန်ချွန် အောင်ဖို့လောက် အရေးကြီးတာ ဘာမှမရှိဘူးလို့လည်း ယူဆထားကြတယ်။

အံဝင်ခွင်ကျ ဖြစ်မလာ
အဲဒီလို ကလေးတွေဟာ လိမ္မာပြီး စာတော်ကြပါတယ်။ ဒါပေမယ့် နှစ်ပေါင်းနှစ်ဆယ်ကျော် ကောလိပ်ကျောင်းသားအရွယ်တွေနဲ့ ဘွဲ့ရပြီး ဆရာဝန်ပေါက်စ၊ အင်ဂျင်နီယာပေါက်စ၊ ကျူတာပေါက်စလေးတွေကို စာသင်ပေးတဲ့ ဆရာလုပ်လာတဲ့ အတွေ့အကြုံအရ အဲဒီလို ဗိုင်းကောင်းကျောက်ဖိ သားလိမ္မာ၊ သမီးလိမ္မာလေးတွေဟာ လိမ္မာပြီး စာတော်ကြပေမယ့် လူ့အဖွဲ့အစည်းထဲ တိုးဝင်ရာမှာတော့ တယ်ပြီး အံဝင်ခွင်ကျ ဖြစ်မလာကြတာကို တွေ့ရတယ်။ ဘာမဆို မိဘက အဆင်သင့် ဖန်တီးပေးတာကို ခံယူနေကျဆိုတော့ ကိုယ်တိုင် ဘာတစ်ခုမှ မဆုံးဖြတ်တတ်၊ မလုပ်တတ်ကြဘူး။ တချို့ဆို လူတောမတိုးသလိုတောင် ဖြစ်နေတတ်တယ်။

ဆပ်ကပ်ထဲကခြင်္သေ့
ဒီလူငယ်လေးတွေဟာ ဘာနဲ့တူသလဲဆိုတော့ ဆပ်ကပ်ထဲက ခြင်္သေ့တွေနဲ့တူတယ်လို့ ပြောရလိမ့်မယ်။ ဆပ်ကပ်ထဲက ခြင်္သေ့တွေဟာ ဆပ်ကပ်ဆရာ ခိုင်းတဲ့အတိုင်း မီးကွင်းခုန်ပြလိုက်၊ ကြိုးတန်းလျှောက်ပြလိုက်၊ သစ်သားစည်ပိုင်းကြီးပေါ်တက်ပြီး ကင်းမြီးကောက် ထောင်ပြလိုက်နဲ့ သိပ်လိမ္မာကြတာပဲ။ ကြည့်လေ ကြည့်လေ ချစ်စရာကောင်းလေ ဖြစ်တယ်။ အိမ်မှာမွေးထားတဲ့ ခွေးကလေး ကြောင်ကလေးလို ထွေးပွေ့ပွတ်သပ်ချင်စရာ ကောင်းတယ်။ ဒါပေမယ့် စိတ်မကောင်းဖြစ်စရာကတော့ ခြင်္သေ့နဲ့ နည်းနည်းလေးမှ မတူတော့တာပဲ ဖြစ်တယ်။

ဥဒေါင်းပျိုလိုဖြစ်ရမယ်
ခြင်္သေ့ဆိုတာက ကြောင်ကလေး၊ ခွေးကလေးလို လူ့ခြေထောက်ကို ပွတ်တီးပွတ်သပ် လုပ်နေရမှာမှ မဟုတ်တာ။ တောဘုရင် ဆိုတဲ့အတိုင်း ၀င့်ဝင့်ကြွားကြွား မာန်နဲ့ ဟန်နဲ့ နေရမှာမဟုတ်လား။ မြင်လိုက်တာနဲ့ ကြောက်ရွံ့နောက်တွန့်သွားလောက်အောင် ခံ့ညားထည်ဝါနေရမှာ မဟုတ်လား။ အခုလို သနားစရာ ချစ်စရာလေး ဖြစ်နေတာ ကြည့်မကောင်းပါဘူး။ လူငယ်ဆိုတာလည်း ဥဒေါင်းပျိုသဖွယ် ဟန်ရေးပန်ရေး တပြပြနဲ့ မြူးကြွသွက်လက် လန်းဆန်းနေရမှာ ဖြစ်တယ်။ တောင်ကိုတွေ့ရင် ပြေးတက်ရမယ်။ မြစ်ကိုတွေ့ရင် ဆင်းကူးရမယ်။ ကြောက်ရွံ့နောက်တွန့်နေရင် လူငယ်မဟုတ်ဘူး။

အိပ်မက်တွေကြောင့်
လန်းဆန်းတက်ကြွတဲ့ လူငယ်တွေရဲ့ အိပ်မက်တွေကြောင့် ကမ္ဘာကြီးဟာ ဒီအခြေအနေထိရောက်အောင် တိုးတက်လာခဲ့တာ ဖြစ်တယ်။ လူငယ်တွေ စိတ်ကူးယဉ်အိပ်မက်တွေ မက်နိုင်အောင် လူကြီးတွေက ဖန်တီးပေးရမယ်။ ကလေးကို ကလေးနဲ့တူအောင် ပြုစုပျိုးထောင်ပြီး လူငယ်ကို လူငယ်နဲ့တူအောင်ထားဖို့ သိပ်အရေးကြီးပါတယ်။ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ကြီးပြင်းခွင့်မရတဲ့ ကလေးများဟာ လူကြီးမိဘ မျက်ကွယ်ရာ ရောက်သွားတဲ့အခါမျိုးမှာ မမြင်ဖူး မူးမြစ်ထင် ဆိုသလိုဖြစ်ပြီး လွတ်လပ်မှုကို ထင်သလို အသုံးချရင်း စည်းလွတ်ဝါးလွတ် ပရမ်းပတာ ဖြစ်သွားတတ်ပါတယ်။

လောင်းရိပ်တွေ ဖယ်ရှားပါ
မိဘများဟာ ဒီအချက်ကို အထူးသတိထားကြဖို့ လိုတယ်။ ပညာခေတ်ဆိုတဲ့အတိုင်း တလွဲအဓိပ္ပါယ်ကောက်ပြီး ကလေးတွေကို သဘာဝမကျတဲ့ ဖိအားတွေ မပေးသင့်ဘူး။ ကလေးကို ကလေးလို ဆော့ရင်းကစားရင်း ဦးနှောက်ကလေး ဖွံ့ဖြိုးလာပါစေ။ ဖွံ့ဖြိုးမယ်ကြံစ ဦးနှောက်ကလေးကို မနိုင်ဝန်တွေ အထမ်းမခိုင်းစေသင့်ဘူး။ လူငယ်ကိုလည်း လူငယ်သဘာဝအတိုင်း လွတ်လွတ်လပ်လပ် မြူးထူးတက်ကြွစွာနဲ့ စိတ်ကူးယဉ်အိပ်မက်တွေ မက်ရင်း ကြီးပြင်းခွင့် ပေးသင့်တယ်။ လောင်းရိပ်မှန်သမျှ ဖယ်ရှားရှင်းလင်းပေးဖို့လည်း လိုအပ်တယ်။

အထိန်းသိမ်းလွန်ရင် မကောင်းဘူး
လောင်းရိပ်ဆိုတာ ဘယ်လိုလောင်းရိပ်မှ မကောင်းပါဘူး။ အပင်ကြီးတွေရဲ့ လောင်းရိပ်အောက် ရောက်နေတဲ့ အပင်ငယ်လေးတွေဟာ ဘယ်တော့မှ ထွားထွားကျိုင်းကျိုင်း ဖြစ်မလာဘဲ ကြုံလှီသေးကွေးပြီး သစ်ပင်အရာ မ၀င်ပါဘူး။ လူငယ်လေးတွေလည်း လူကြီးလောင်းရိပ်အောက်က မလွတ်ကင်းရင် လူရာမ၀င်နိုင်ပါဘူး။ လူတစ်လုံးသူတစ်လုံး ဖြစ်မလာနိုင်ပါဘူး။ အရှေ့တိုင်းသမားများက သားသမီး ပြုစုပျိုးထောင်ရာမှာ ထိန်းသိမ်းစောင့်ရှောက်မှု လွန်ကဲလေ့ ရှိပါတယ်။ အထိန်းသိမ်းလွန်ရင် ဖွံ့ဖြိုးမှုနောက်ကျတတ်တယ်။ သားသမီးတွေကို ထူးချွန်ထက်မြက်တဲ့ လူငယ်လေးတွေ ဖြစ်စေချင်တဲ့ မိဘတိုင်း လောင်းရိပ်တွေ ဖယ်ရှားရှင်းလင်းပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။

No comments:

Post a Comment

 
Web Statistics