Tuesday, August 10, 2010

အမျိုးသားယဉ်ကျေးမှု


"အမျိုးသားယဉ်ကျေးမှုဆိုတာ သိပ်ကြီးကျယ်ခမ်းနားတယ်ဗျ။ ကျွန်တော်တို့ ခင်ဗျားတို့ ဒီနေ့ သိက္ခာရှိရှိ နေနိုင်တာဟာ ကျွန်တော်တို့ရဲ့ အမျိုးသားယဉ်ကျေးမှုကြောင့်ပေါ့"

[ဒီအပိုဒ်ကလေး ဖတ်ကြည့်ရင်ပဲ တွေးစရာတွေ ရှိသည်ထင်သည်။ နိုင်ငံတစ်နိုင်ငံကိုပင် ကိုယ်စားပြုသည်။ လူမျိုးတစ်မျိုးကိုပင် ကိုယ်စားပြုသည်။ ထို့ကြောင့် ၎င်းသည် ကြီးကျယ်ခမ်းနားသော အရာအဖြစ် တည်ရှိနေသည်။ အဲဒီလိုဖြစ်မည် ထင်ပါသည်။ ထိုအခါ အဲဒီနိုင်ငံ၊ လူမျိုးရဲ့ အကောင်းအဆိုးကို ၎င်းက ဆုံးဖြတ်ပေးနိုင်စွမ်းသည်။ အဲဒီလိုဆိုလိုရာ ရောက်ပေမည်။ ဥပမာ စောင့်ကြည့်။ ကျွန်တော်တို့ ယနေ့အချိန်အခါမှာ သိက္ခာရှိစွာ နေထိုင်နိုင်ခြင်းသည် ကျွန်တော်တို့၏ မြန်မာအမျိုးသား ယဉ်ကျေးမှုကြောင့် ဖြစ်သည်။ သိက္ခာဟူသည် လူတစ်ယောက်၏ စိတ်နေမြင့်မြတ်မှု၊ စိတ်ဓာတ်ဖြူစင်မှု ဖြစ်သည်။ တစ်နည်း စိတ်လုံခြုံစွာ နေထိုင်ရမှုဟု ဆိုနိုင်လိမ့်မည် ထင်သည်။ သည်နေ့ စိတ်နှင့်ပတ်သက်သော ထိုအရာများ ရရှိခံစားနေရသည်ဆိုလျှင် သိက္ခာရှိနေသည်။ (သိက္ခာရှိ၊ မရှိဆိုတာ ကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။) အဲသလို သိက္ခာရှိနေရခြင်းက ကိုယ်ရပ်တည်သော နိုင်ငံ၊ လူမျိုး၏ အမျိုးသားယဉ်ကျေးမှုကြောင့် ဖြစ်သည်။]

"ကျွန်တော်တို့က အမျိုးသားယဉ်ကျေးမှုကြီးကို ထိန်းထားတာ မဟုတ်ဘူး။ အမျိုးသားယဉ်ကျေးမှုကြီးက ကျွန်တော်တို့ကို ထိန်းထားတာဗျ။"

[သူလိုငါလို သွားကြလာကြ၊ ၀တ်ကြဆင်ကြ၊ ပြောကြဆိုကြနှင့် အချိန်အခါတစ်ခုမှာ ကောင်းမယ်ထင်တာလေးကို ယခင်ပုံစံမျိုး မဟုတ်ဘဲနဲ့ သွားလာဝတ်ဆင် ပြောဆိုကြရင်း "ယခင်နှင့်မတူတဲ့ တစ်မူထူးခြားမှု" တစ်ခုကို ရရှိလာခဲ့ပါလိမ့်မည်။ ထိုရရှိမှုသည် အမျိုးသားယဉ်ကျေးမှုက ထိန်းထားခြင်း၊ ထိန်းမထားခြင်းဆိုတာကို စဉ်းစားခြင်းမပြုဘဲနှင့် ရရှိလာသော ရရှိမှုဖြစ်သည်။ သို့သော် ကောင်းမယ်ထင်တာလေးကို လုပ်ကြည့်ဆိုတဲ့နေရာမှာ ထင်တာက တခဏပဲ ဖြစ်မည်။ ထိုတခဏ လွန်သောအခါ ကောင်းချက်ဘက် ကောင်းနေတတ်သလို၊ မကောင်းဘူးဟု ပြောင်းလဲထင်တတ် သွားတာမျိုးလည်း ရှိမည်။ အဲဒီလို ထင်ခြင်းမထင်ခြင်းကပဲ အမျိုးသားယဉ်ကျေးမှုကြီးက ထိန်းလိုက်တာများလား။ အများကြီး ဖြစ်နိုင်ပါသည်။]

"ခင်ဗျားတို့ ကျွန်တော်တို့ အမျိုးသားယဉ်ကျေးမှုရဲ့ အရိပ်အောက်က ထွက်ပြီး သီးခြားရပ်တည်ကြည့်။ ဘယ်ကလာပြီး ရပ်တည်ကြည့်လို့ ရမလဲ။ ကိုယ့်နောက်ကို လိုက်လာကြလိမ့်မယ် မထင်နဲ့။ အမျိုးသားယဉ်ကျေးမှုရဲ့ ပြင်ပနေတဲ့သူဟာ အထီးကျန်ဖြစ်သွားမယ်"

[ဆရာကြီး ဒေါက်တာကိုကိုကြီးကတော့ ပြတ်ပြတ်သားသားကို အဲဒီလိုဆိုသည်။ ကျွန်တော် ခပ်ရေးရေး မြင်လာသလိုရှိသည်။ သည်နေ့ အထီးကျန်သူများစာရင်းကို ကောက်ကြည့်သည်။ အမျိုးသားယဉ်ကျေးမှုရဲ့ ပြင်ပမှာ နေခဲ့ခြင်း၊ မနေခဲ့ခြင်းကိစ္စကို စိစစ်သည်။ အဖြေ ဘာထွက်သလဲ စောင့်ကြည့်သည်။ ရိုးရိုးမျက်စိနှင့် မမြင်ရသဖြင့် ဉာဏ်မျက်စိကို ခဏတပ်ကြည့်ရသေးသည်။]

"မယုံရင် အရေးအသား၊ အပြောအဆို၊ အနေအထိုင်၊ အပြုအမူ၊ စမ်းချင်ရာစမ်းကြည့်၊ ယဉ်ကျေးမှုနဲ့ ကင်းလွတ်လို့မရဘူး၊ ဒီနေ့ခေတ် လူငယ်တွေဟာ ကျွန်တော်တို့ အမျိုးသားယဉ်ကျေးမှုက လက်ခံနိုင်သလောက်ပဲ ခေတ်မီလို့ ရတာဗျ"

[အမှန်တရားတစ်ခုသည် အချိန်ကာလ များစွာကြာမှ တိကျစွာ ရတတ်သည့် သဘောတရားမျိုးလည်း ရှိပါသည်။ အဲဒီသဘောတရားနဲ့ပဲ ကျွန်တော်တို့က အမျိုးသားယဉ်ကျေးမှုဆိုတဲ့ စာလုံးကို ဓာတ်ခွဲစမ်းသပ်ရမည် ဖြစ်သည်။ အဲဒီမှာ အမျိုးသားယဉ်ကျေးမှုက လက်ခံနိုင်သလောက်ပဲ ခေတ်မီလို့ရသည် ဆိုတဲ့စကားကိုတော့ ကျွန်တော် အတော်"စွဲ"သွားမိသည်။
ပထမဆုံး ခေတ်လူငယ်တွေကို သန်းခေါင်စာရင်း ကောက်ကြည့်သည်။ ပြီးတော့ သူတို့၏ ခေတ်မီခြင်း အရပ်အမောင်းကို တိုင်းထွာကြည့်သည်။ အဘယ်သော ဒီဂရီတစ်ခုမှာ ခေတ်မီလို့ရပြီး အဘယ်သော ဒီဂရီတစ်ခုမှာ ခေတ်မီလို့ မရတော့တာလဲ ဆိုသည်ကို တွက်ချက်ကြည့်သည်။
ကျွန်တော် အတွေးလမ်းပြောင်းကြည့်သည်။ အမျိုးသားယဉ်ကျေးမှုက လက်ခံနို်င်သလောက်ပဲ ခေတ်မီလို့ရတယ်ဆိုတဲ့ စကားက နိုင်ငံရေးစနစ် တစ်ခုကတောင် ၀တ်ကြည့်လို့ရတဲ့ အင်္ကျီတစ်ထည်နှင့် တူနေသေးတော့သည်။
နိုင်ငံရေးစနစ်တစ်ခုသည် ကျင့်သုံးမည့် ထိုနိုင်ငံ၏ နောက်ခံအနေအထားက လက်ခံနိုင်ခြင်း၊ လက်မခံနိုင်ခြင်းဟူသော အတိုးအလျှော့၊ အဖော့ အဖိနှင့် ညှိမှ အံဝင်ခွင်ကျ ရှိနိုင်လိမ့်မည် ဟူသော ကြားဖူးနားဝ စကားကို ပြန်ပြီး အမှတ်ရချင်စရာပင် ကောင်းနေသည်။]

"ဒါကြောင့် ကျွန်တော်ကတော့ အမျိုးသားယဉ်ကျေးမှုကြီး ပျက်စီးမယ်လို့ မယုံဘူး။ စိုးလည်း မစိုးရိမ်ဘူး။ အမျိုးသားယဉ်ကျေးမှုနဲ့ ကင်းလွတ်နေသူတွေသာ ဆုံးရှုံးသွားမှာပဲ။ အဲသလိုပဲ မြင်တယ်"

[နောက်ဆုံးရိုက်ချက်မှာ အဆုံးအဖြတ်တစ်ခု ပေးသွားတာက အတော်လေး တိကျသလို အတော်လေးလည်း လှပါသည်။ သည်တော့ ကျွန်တော်က အမျိုးသားယဉ်ကျေးမှုနဲ့ ကင်းလွတ်နေသူတွေကို တန်းစီခိုင်းလိုက်ပါသည်။ အလျှိုလျှို ပေါ်လာသည်။ သူတို့၏ နောက်ဆုံးပန်းတိုင် တည်ရာအရပ်အထိ ကျွန်တော်လိုက်ကြည့်ပါသည်။
အမျိုးသားယဉ်ကျေးမှုဟူသည်လည်း ကျွန်တော်ဆက်လက်လေ့လာရဦးမည့် ဘာသာရပ်တစ်ခုအဖြစ် မြင်လိုက်မိပါသည်။]


********မှတ်ချက်*********
အထက်ပါစာသားများသည် မော်နီတာဂျာနယ်တွင် ဖော်ပြပါရှိသည့် ဆရာနွေသင်နိုင် ၏ "အမျိုးသားယဉ်ကျေးမှုအပါး တိုးကပ်သွားမိသည့် ခြေတစ်လှမ်းစ၊ ခြေနှစ်လမ်းစ" ဆောင်းပါးမှ ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။ မျက်တောင်အဖွင့်အပိတ်အတွင်း စာလုံးမည်းများဖြင့် ဖော်ပြထားသည်မှာ ဒေါက်တာ ကိုကိုကြီး (စိတ်ပညာ) ပြောခဲ့သည့် စကားများဟု စာရေးသူက စာထဲတွင် ညွှန်းထားပါသည်။ စာရေးသူ ဆရာနွေသင်နိုင်၏ အာဘော်များကိုတော့ လေးထောင့်ကွင်းအတွင်းတွင် ထည့်ရေးပေးထားပါသည်။

No comments:

Post a Comment

 
Web Statistics