Sunday, August 15, 2010

ပါရာဒိုင်းအသစ် - အောင်ထွဋ်


မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေး ဖြစ်စဉ်တစ်ရပ်ကို တိတိပပ ဖြတ်သန်းနေချိန် ဖြစ်ပါသည်။ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ဖြတ်သန်းနေချိန်ဖြစ်၍ အခြေအနေအရပ်ရပ်ကို စပ်ကူးမတ်ကူး ပုံသဏ္ဌာန်ဖြင့် မြင်တွေ့ရသည်မှာ မဆန်းချေ။ ယခုကဲ့သို့သော အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အခရာအကျဆုံး အပြောင်းအလဲမှာ Depoliticization ခေါ် အရာရာကို ခွင့်မပြုနိုင်သော နိုင်ငံရေးအဖြစ် ကောက်ယူမှု လျော့ပါးလာသည့် အခြေအနေဖြစ်သည်။ ဤကိစ္စသည် ပညာရှင်များက သတ်မှတ်ကြသည့် အသွင်ကူးပြောင်းရေး ဆိုသောဖြစ်စဉ်တွင် လိုအပ်ချက်ဖြစ်သည့် မှတ်တိုင် (Milestone)တစ်ခုလည်း ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ယခင်က ဖြစ်ထွန်းခွင့်မရှိသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ နိုင်ငံရေးစကားများ၊ နိုင်ငံရေးသုံးသပ်ချက်များသည် ယခုအခါ တဖြည်းဖြည်း ဖြစ်ပေါ်လာနေသည်ကို တွေ့မြင်နေရပါသည်။ ဤမှတ်တိုင်များသည် Depoliticization မဖြစ်ဘဲ ပေါ်ထွန်းရန် အကြောင်းမရှိပါ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးဖြစ်စဉ်နှင့် ၎င်း၏ အဆင့်တစ်ခုဖြစ်သော Depoliticization ဖြစ်စဉ်များ ပေါ်ပေါက်နေသည် ဆိုသောအချက်မှာ သေချာသည်ဟု ပြောနိုင်ပါသည်။

ဤနေရာတွင် ဆွေးနွေးရန်ရှိလာသည်မှာ Depoliticization ၏ အတိုင်းအဆဖြစ်သည်။ ယနေ့ ကြုံတွေ့နေရသည့် အခြေအနေအပေါ် သုံးသပ်ချက်အမျိုးမျိုးသည် Depoliticization ၏ အတိုင်းအဆအပေါ် နည်းသည်၊ များသည် စသော သုံးသပ်ချက်များ ဖြစ်ပေသည်။ များသောအားဖြင့် အဆိုပါ Depoliticization ကို ရရှိခံစားလိုသည့်ဘက်မှ (တစ်နည်းအားဖြင့်) Demand Side မှ သုံးသပ်ချက်များ ဖြစ်ပေသည်။

Supply Side ရှုထောင့်မှကြည့်လျှင် ယနေ့ဖြစ်ပေါ်နေသမျှ အခြေအနေအရပ်ရပ်သည် ယခင် Standard Operation Procedure အရ ခွင့်မပြုနိုင်သည့် ကိစ္စရပ်ဖြစ်ရာ ယခင် Mindset ဖြင့် ကြည့်လျှင် မည်သို့မျှ ခံစား၍ ရနိုင်ဖွယ်မရှိပါ။ Demand Side ပေတံဖြင့် နည်းသည်ဆိုသောကိစ္စသည် Supply Side ပေတံဖြင့် များသည်ဟု ယူဆဖွယ်ရှိရာ ကန့်သတ်ရန်ကြိုးစားသော အုပ်ချုပ်ရေးယန္တရား အစိတ်အပိုင်းများကိုလည်း တွေ့ရနိုင်ပေသည်။ ဤသည်မှာပင် အသွင်ကူးပြောင်းရေး၏ စရိုက်လက္ခဏာ ဖြစ်ပေတော့သည်။ အဓိကကျသော အချက်မှာ စိတ်ရှည်သည်းခံရေးပင် ဖြစ်ပေသည်။

စိတ်ရှည်သည်းခံရေးဆိုရာတွင် Demand Side ကသာလျှင် စိတ်ရှည်သည်းခံရသည်မဟုတ်ဘဲ Supply Side ကလည်း စိတ်ရှည်သည်းခံ ကြရသည်ပင် ဖြစ်ပေသည်။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင် လုပ်ကြမည့်သူများသည် ဤအခြေအနေအပေါ်တွင် စိတ်ရှည်သည်းခံရန် အရေးကြီးပေသည်။

များစွာသေချာသည့်အချက်မှာ မြန်မာနိုင်ငံသည် နိုင်ငံရေးပါရာဒိုင်း အပြောင်းအလဲတစ်ခုနှင့် ကြုံကြိုက်နေရပြီဆိုသော အချက်ဖြစ်ပြီး ထိုပါရာဒိုင်းအသစ်ကို များစွာသောပြည်သူတို့ ရိပ်စားသိရှိခြင်း မရှိသေးဆိုသော အချက်ဖြစ်သည်။ ပါရာဒိုင်းအသစ်ဟု ရိပ်စားသိရှိသူ အများစုကလည်း ထိုပါရာဒိုင်းအသစ်၏ ပုံသဏ္ဌာန်ကို ခန့်မှန်းသိရှိနိုင်ခြင်း မရှိကြသေးသည့် အချက်ကို မြင်တွေ့နေရသည်။

အခြေခံဥပဒေသစ်သည် အချုပ်အခြာအာဏာများ အတွင်းသို့ အရပ်ဘက်နိုင်ငံရေး အင်အားစုများ ၀င်ရောက်ခွင့်ကို ဖွင့်လှစ်ပေးလိုက်ရာ အောက်ထစ်ဆုံး ဥပဒေပြုအာဏာထဲတွင် နိုင်ငံရေးအင်အားစုများ ရောက်ရှိသွားသည်ကို ၂၀၁၁ နှစ်ဆန်းချိန်၌ အသေအချာ မြင်တွေ့ရတော့မည် ဖြစ်သည်။ ဤသည်မှာ ပါရာဒိုင်းအသစ် ဖြစ်သည်။ ဂူထဲတွင် ခြင်္သေ့တစ်ကောင်ထက်ပို၍ အောင်းနိုင်သည်ဆိုသော သဘောကို မူအားဖြင့် သဘောတူထားသည်ကို အသေအချာ မြင်တွေ့နေရပြီ ဖြစ်သည်။

နိုင်ငံရေးသမားဆိုသည်မှာ လွှတ်တော်အစည်းအဝေး စတင်ချိန်တွင် ရုပ်သံ၌ သတင်းဖော်ပြခံရသော၊ လုံခြုံရေးများက တံခါးဖွင့်ပေးခြင်းကို ခံရသော၊ ဂုဏ်သရေရှိသော၊ အများအားကျသော လွှတ်တော် ကိုယ်စားလှယ်ကြီးများအဖြစ် မျက်ဝါးထင်ထင် မြင်တွေ့နေရချိန်တွင် ပါရာဒိုင်း ပြောင်းလဲသွားပြီဖြစ်ကြောင်း Supply Side ကော Demand Side ပါ နှစ်ဖက်စလုံးမှ လူအများ လက်ခံရသည့် ပါရာဒိုင်းအသစ် တစ်ရပ်အဖြစ် ပေါ်ပေါက်လာပေလိမ့်မည်။ ထိုနေ့သည် နောင်ဖြစ်ပေါ်မည့် Libralization နှင့် အရှိန်အဟုန်နှင့် စတင်တော့မည့် Depoliticization တို့၏ အစဖြစ်ပါလိမ့်မည်။

No comments:

Post a Comment

 
Web Statistics