Wednesday, August 11, 2010

အားနေသောလက်များ - အောင်သင်း


aungthin.jpg
ကျွန်တော်တက္ကသိုလ်ကျောင်းသားဘ၀က Fidgety ဆိုသော အင်္ဂလိပ်စာတမ်းငယ် Essay လေး တစ်ပုဒ်ကို ဖတ်ခဲ့ဖူးသည်။ ကျောင်းပြဋ္ဌာန်းစာထဲမှာ ပါခဲ့တာလား၊ ကိုယ့်ဘာသာကိုယ် အပြင်စာတွေမှာ ဖတ်ခဲ့မိတာလား။ မမှတ်မိတော့ပြီ။ ထိုမျှမက စာရေးသူကိုပါ မမှတ်မိတော့ပြီ။ ရေးဟန်ကတော့ သွားလေသူ ဆရာမောင်ထင်ရေးဟန်လို ခပ်မြူးမြူးရှိသည်ကိုတော့ ကျွန်တော်မှတ်မိနေသည်။

Fidgety ကို မြန်မာလိုပြန်လျှင်တော့ နေမထိထိုင်မသာ ဖြစ်ခြင်း၊ ဂနာမငြိမ်ခြင်းလို့ ဆိုရမည်ထင်သည်။

စာရေးသူက လူတို့သဘာဝ ဂနာမငြိမ်ခြင်း၊ အထူးသဖြင့် လက်မောင်းလက်ချောင်းတွေ ရွစိရွစိဖြစ်တတ်ခြင်းကို ဟာသနှောပြီး ပြောသွားခြင်းဖြစ်ပါသည်။ လူသည် မျောက်လို၊ မျောက်ဝံလို သတ္တ၀ါမျိုးမှ အစပြု၍ ဖွံ့ဖြိုးလာခဲ့ရသည်။ မျောက်လို လေးဘက်တွားဘ၀ကတော့ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းလုံးကို လှုပ်ရှားပြီး သွားလာခဲ့ရသည်။ နောက်တော့ ခြေနှစ်ချောင်း လှုပ်ရှားရုံနှင့် သွားနိုင်လာနိုင်သည်။ သစ်ပင်တွေဘာတွေ တက်မနေဘဲ မြေပြင်မှာ ဟိုပြေးဒီလျှောက်လုပ်ရတော့ လက်နှစ်ဖက်က လုံးဝအားလပ်သွားသည်။ သို့သော် ကမ္ဘာဦးကစပြီး မရပ်မနား အားသည်မရှိ တရစပ် သုံးထားခဲ့လေတော့ လက်နှစ်ဖက်က လက်မောင်းလက်ချောင်းတွေက ဘရိတ်အုပ်လို့ မရအောင် ရွစိရွစိနှင့် ဂနာမငြိမ် ဖြစ်လာသည်။

ထို့ကြောင့် လက်တွေက အလကားနေရင်း ဆံပင်သပ်သလိုလို၊ နှာခေါင်းနှိုက်သလိုလို၊ နားရွက်ကိုင်သလိုလို၊ ခေါင်းကုပ်သလိုလို လုပ်နေမိတတ်သည်။ လူတွေ ဆေးတံသောက်ကြသည်မှာ ဆေးတံအရသာခံခြင်းထက် ဆေးတံက ဆေးချေးကို ခါလိုက်၊ ဆေးထည့်လိုက်၊ မီးညှိလိုက်၊ ဖွာကြည့်လိုက်၊ ဆေးတံကို ပွတ်လိုက်သပ်လိုက်လုပ်ရင်း ဂနာမငြိမ်သည့် လက်တွေကို အလုပ်ပေးထားခြင်း ဖြစ်သည်ဟု စာတမ်းဆရာက ဆိုသည်။

စာတမ်းဆရာ အဆိုပြုသလို မျောက်ဝံဘ၀က ပြေးလိုက်၊ လွှားလိုက် လုပ်ရာတွင်လည်းကောင်း၊ သစ်ပင်တက်ရာတွင်လည်းကောင်း၊ အသုံးပြုခဲ့သော လက်များက အားလပ်သွားသောအခါတွင် ဂနာမငြိမ် ဖြစ်လာရသည်ဟူသော အချက်ကို မှန်သည် မှားသည် မပြောချင်ပါ။ သို့သော် ကျွန်တော်သည်ပင်လျှင် ဤစာကို ရေးနေရင်း ခေတ္တစဉ်းစားခန်း ၀င်လိုက်လျှင် လက်က ခေါင်းပွတ်သလိုလို၊ ဂုတ်ကိုင်သလိုလို လုပ်နေမိသည်မှာတော့ အမှန်ဖြစ်ပါသည်။ အဲဒီလို ဖြစ်လာအောင်လည်း ဟိုနားက ယားသလိုလို၊ ဒီနားက ယားသလိုလို၊ ပေါ်လာတတ်ချေသေးသည်။ စာဖတ်သူကော ဒီစာကို ဖတ်နေရင်း လက်တွေက ဘာလုပ်နေသလဲ သတိထားကြည့်လိုက်စမ်းပါလားဟု မေးကြည့်ချင်မိသည်။

ဘာပဲပြောပြော ကျွန်တော်တို့လက်တွေက အားအားရှိနေလို့ ဂနာမငြိမ်သလို လူ့စိတ်ကလည်း အားအားရှိနေလျှင် ဂနာမငြိမ် ဖြစ်တတ်သည်ဟု ထင်မိသည်။ အချိန်အားတွေ များနေလျှင် ကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေ တစ်ခုခုကိုတော့ လုပ်မိနေတတ်သည်။ လေးငါးခြောက်နှစ်အရွယ် ကလေးငယ်များမှာ အလွန်ကို ရွစိရွစိ ဂနာမငြိမ် ဖြစ်တတ်သည်။ ထိုသို့ ရွစိရွစိ ဖြစ်မနေလျှင် သတိသာထားပေရော့။ အခန်းထောင့် တစ်နေရာရာမှာ နာရီကို ကလိပြီး ဖျက်နေသလား၊ မီးခလုတ်အဟောင်းတွေကို ဖြုတ်တပ်လုပ်နေသလား၊ တစ်ခုခုတော့ လုပ်နေမှာ သေချာသည်။ ယုတ်စွအဆုံး ကြေးနီဝိုင်ယာတွေကိုတောင် လိမ်မြောက်လိမ်လုပ်ပြီး အရှုပ်လုပ်နေတတ်သည်။

ကျွန်တော့်အိမ် တည်ရှိရာက တစ်ဖက်ပိတ်လမ်းတိုလေး ဖြစ်သည်။ ဒီလမ်းလေးထဲမှာပင် မူလတန်းကျောင်းကလေး ရှိသေးသည်။ ကျောင်းလေးက အောင်ချက်ကောင်း၍ တစ်ကြောင်း၊ ထိန်းသိမ်းမှုကောင်း၍ တစ်ကြောင်း၊ မော်တော်ကားအန္တရာယ် နည်းပါး၍တစ်ကြောင်း ကလေးမိဘများက ဒီကျောင်းကို အားကိုးကြသည်။ ကျောင်းသားဦးရေ များသည်ဆိုပါစို့။ သည်တော့ နံနက် ၈ နာရီလောက်ဆိုရင် လူကြီးမိဘတွေက ကလေးငယ်တွေကို ကျောင်းလာပို့ကြပြီ။ ကလေးတွေက လူကြီး၏ လက်တွဲမှုကို မခံဘဲ ခုန်ပေါက်ပြေးလွှားပြီး အော်ရင်းဟစ်ရင်း ရွစိရွစိပါပဲ။ ရွစိရွစိကလည်း ပုံစံမျိုးစုံ ဖြစ်သည်။ လွယ်အိတ်ကို ရမ်းလာသည်။ ဖိနပ်ကို ကန်လွှတ်လိုက်ပြီး နောက်က ပြေးလိုက်သည်။ ဆပ်ပြာပူပေါင်း မှုတ်လာသည်။ စုံလို့ပါပဲ။ သို့သော် ကြည့်ရတာတော့ ပျော်ဖို့ကောင်းလှသည်။ ကျွန်တော်လည်း ကျောင်းဆင်းချိန်ကို စောင့်နေမိတတ်သည်။ ကိုယ်တိုင်ပါ စိတ်ထဲက ရွစိရွစိ ဖြစ်နေမိသလား မသိတော့ပါ။

လူတွေမှာ လက်တွေက အားနေလေတော့ လက်တွေက ရွစိရွစိ ဂနာမငြိမ်ဖြစ်လာသည်။ ကလေးတွေကိုကျော်ပြီး လက်အားနေသော လူငယ်တွေကို လှမ်းကြည့်မိပြန်သည်။ ကျွန်တော်ပြောချင်သည့် လူငယ်ဆိုတာက ဆယ့်ငါးနှစ်-နှစ်ဆယ် တ၀ိုက်ကို ဆိုလိုခြင်းဖြစ်သည်။

ထိုသို့သော လူငယ်များတွင် "လက်လှုပ်မှ ပါးစပ်လှုပ်ရသော" လူငယ်တွေကိုလည်း သတိထားမိသည်။ တွန်းလှည်းတစ်စီးနှင့် "အမှိုက်၊ အမှိုက်" ဟု အော်ပြီး အမှိုက်သိမ်းနေရသော လူငယ်တွေရှိသည်။ ညင်သာသော တီးလုံးသံကလေးနှင့် ဘိန်းမုန့်ရောင်းနေသော လူငယ်တွေလည်း ရှိသည်။ ကြာဇံဟင်းခါး၊ ရှောက်သီးသုပ်လှည်းကို တွန်းပြီး ရွာလည်နေသော လူငယ်တွေလည်း ရှိသည်။ သူတို့က ပါးစပ်လှုပ်ဖို့ လက်လှုပ်နေရသည်။ ထို့ကြောင့် လက်မအားနိုင်ကြတော့ပြီ။

အချို့မှာကား သူတို့ပါးစပ်လှုပ်ဖို့ရာသာမက မိအို၊ ဖအို၊ ညီအစ်ကို မောင်နှမတို့အတွက်ပါ လှုပ်နေရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် တာဝန်ပိနေကြသည်။ တာဝန်ပိသည်မှာလည်း တာဝန်သိသောကြောင့်သာ ဖြစ်သည်။ တာဝန်မသိသော တာဝန်ထမ်းရမည်ကို ကြောက်သောသူတို့ကား အလွယ်လမ်း၊ အချောင်လမ်းကိုသာ လိုက်ကြတော့သည်။

ထိုကဲ့သို့ လက်လှုပ်စရာ မလိုဘဲ ပါးစပ်လှုပ်နိုင်သော ဘ၀ဆုတောင်းကောင်းသူ လူငယ်များလည်း ရှိတတ်ပေသေးသည်။ သူတို့က ပညာကို သင်ယူခဲ့ပါ၏။ သို့သော် မှန်းတိုင်းမပေါက်၊ ဟိုမရောက် ဒီမရောက် ဖြစ်နေသော လူငယ်များအဖို့ကား ပါးစပ်လှုပ်ဖို့ လက်လှုပ်စရာ မလိုသောကြောင့် လက်တွေက အားနေကြသည်။ ထိုအားနေသော လက်များက ဂနာမငြိမ် ရွစိရွစိ ဖြစ်လာတတ်ကြသည်။ ထို့ကြောင့် ဘိလိယက်ခုံ ရောက်သွားတတ်သည်။ တီဗီဂိမ်းဆီ ရောက်သွားတတ်သည်။ သို့မဟုတ် ဖဲဝိုင်းလို နေရာမျိုးတွေ ရောက်သွားတတ်သည်။ ဤသို့ဖြင့် အားနေသောလက်တွေကို အလကားမထားဘဲ အလကားနေရာတွေမှာ သုံးလိုက်ရင်း "အလကားလက်တွေ" ဖြစ်လာတော့ လူကလည်း အလကားလူ ဖြစ်လာတော့သည်။

ဘ၀ကုသိုလ်ကြောင့် မတောင့်မတ မကြောင့်မကြနှင့် လက်မလှုပ်ဘဲ ပါးစပ်လှုပ်ခွင့်ရသောကြောင့် (၀ါ) လက်တွေက အားနေသောကြောင့် အလကားလို ဖြစ်သွားရရှာသော လူငယ်တွေကို ကျွန်တော် တွေ့ခဲ့ဖူးလှပါပြီ။ သူတို့သည် (များသောအားဖြင့်) သက်ဆိုးလည်း မရှည်ကြပါ။

ကျွန်တော်တို့ မြန်မာစကားတွင် "စိတ်အားလက်အားရှိသည်နှင့်" ဆိုသော အသုံးများကို သုံးတတ်ကြသည်။ စိတ်လည်းအားနေသည်။ လက်လည်းအားနေသည်ပေါ့။ စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်ဟု ဗုဒ္ဓမြတ်ရှင်က ဟောမိန့်တော်မူခဲ့သည်။ စိတ်အား-လက်အား ဖြစ်နေလျှင်တော့ မကောင်းမှုဘက်သို့ ရောက်သွားရန် အခွင့်အလမ်း များလာတတ်သည်ဟု ထင်မိသည်။

ယခု ခေတ်လူငယ်တို့သည် ကျွန်တော်တို့ ငယ်စဉ်ကထက်ပို၍ ထက်မြက်ကြသည်ဟု ကျွန်တော် ထင်မိသည်။ သူတို့ခေတ်ရောက်မှ ကွန်ပျူတာတွေ၊ အင်တာနက်တွေ၊ ၀က်ဘ်ဆိုက်တွေ၊ ဘလော့ဂါဆိုတာတွေက ကျွန်တော်တို့ လိုက်လို့မမီအောင် မျိုးစုံပေါ်လာကြသည်။ ဒါတွေကို သူတို့လိုက်နိုင်ကြသည်။ ကျွမ်းကျင်ကြသည်။

ဤလူငယ်တွေထဲတွင် "လက်တွေအားနေသောကြောင့် ရိုးတိုးရွတ အလကားလှုပ်ရှားနေသော လူငယ်တို့မှာ တရိပ်ရိပ်တိုးတက် ပြောင်းလဲနေသည့် လောကကြီးတွင် တမော့မော့ ငေးကျန်ရစ်ခဲ့သည့် လူကြီးများ ဖြစ်လာကြလိမ့်မည်။ တောထဲကဆူးကို အသူချွန်သနည်း၊ သူ့ဘာသာသူ ချွန်သည်သာတည်း။ သမင်မငယ်၏ မျက်စိကို မည်သူ မျက်စဉ်းခပ်သနည်း၊ သူ့ဘာသာသူ ကြည်လင်သည်သာတည်း" ဟူသော လောကနီတိ လမ်းညွှန်အတိုင်း မိမိ၏ အားနေသောစိတ်၊ အားနေသောလက်များကို အလကားမထား ထူးခြားစွာ သတိပြုသုံးစွဲသော ယနေ့လူငယ်များသည် အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံကို ဦးဆောင်ဦးရွက်ပြုနေသည့် လူကြီးများ ဖြစ်လာကြပေလိမ့်မည်။ စိတ်အားလက်အားကို သတိထားမိကြသော ထိုလူငယ်တို့၏ ကျေးဇူးကို ပြည်သူတို့ ခံစားကြရပါလိမ့်မည်။

No comments:

Post a Comment

 
Web Statistics