အရင်အပတ် ၆-၁၀-၂၀၁၀ ရက်နေ့ထုတ် မန္တလေးအရုဏ်ဦးဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၃၉)၊ စာမျက်နှာ-၁၃ မှာ ပါတဲ့ ဆရာကြည်မင်းရဲ့ စာတစ်ပုဒ်ကို ဖတ်မိရာကနေ အတွေးတွေပွားမိတာကြောင့် ဒီပို့စ်ကို ရေးဖြစ်တာပါ။ အရင်အပတ်ကတည်းက ရေးမယ်၊ ရေးမယ်ဆိုပြီး ဘယ်လိုမှကို မလူးသာမလွန့်သာနဲ့ ရေးဖို့အခြေအနေ မဖန်တီးနိုင်ခဲ့အတွက် အခုမှပဲ ရေးလိုက်ရပါတယ်။ ရေးမယ်ဆိုတာထက် အဲဒီစာထဲက အချို့စာပိုဒ်လေးတွေကို ပြန်ညွှန်းချင်တာပါ။ တော်တော်ကြာ... ကျွန်တော်က ကျွန်တော်ခံစားမိသလို ရေးပြလိုက်ကာမှ ဆရာကြည်မင်းပြောချင်တဲ့ စကားလုံးလေးတွေ၊ ပေးချင်တဲ့ message လေးတွေ ပျောက်ကုန်ရင်ဖြင့် ဒုက္ခမဟုတ်လား။ အဲဒီတော့ ကျွန်တော့်ခံစားချက် တစ်စိတ်တစ်ပိုင်းနဲ့ ဆရာ့စာသားလေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်နော်။
ဆရာကြည်မင်းက မန္တလေးအရုဏ်ဦးဂျာနယ်မှာ "မန္တလေးအာရုံ" ဆိုတဲ့ ခေါင်းစဉ်တစ်ခုယူပြီး မန္တလေးနဲ့ ပတ်သက်တဲ့အကြောင်းလေးတွေကို အပတ်စဉ် ရေးနေတာပါ။ ဒီအပတ်မှာ ဆရာရေးထားတာကတော့ "ဧရာဝတီမြစ်လယ်က ဗိုလ်အောင်ဒင်" တဲ့။
ပထမဆုံး သူ့သူငယ်ချင်းတွေအကြောင်းနဲ့ နိဒါန်းပျိုးထားပါတယ်။ စိန်ဝင်းရယ်၊ စန်းမောင်ရယ်ဆိုပြီး မရှိမဲ့ရှိမဲ့ သူငယ်ချင်းနှစ်ယောက်ကို စာဖတ်သူတွေနဲ့ ပထမဆုံး မိတ်ဆက်ပေးပါတယ်။ အခုတော့ စန်းမောင်ဆိုတဲ့ သူငယ်ချင်း မရှိတော့တဲ့အတွက် ကျန်တဲ့အဘိုးကြီးအိုပေါက်စ သူငယ်ချင်းနှစ်ယောက်ပဲ တပူးတွဲတွဲ ဖြစ်လာတယ်ဆိုတဲ့အကြောင်း ရေးပြထားပါတယ်။ နောက်တော့ သူ့သူငယ်ချင်းက ပြင်ဦးလွင်ကို သွားချင်တဲ့အကြောင်း၊ အဲဒီထဲမှာမှ နာရီစင်ကို ကြည့်ချင်တဲ့အကြောင်းလေးကို ဟာသလေးနှောပြီး ထည့်ရေးပြထားပါသေးတယ်။ မြန်မာပြည်အရပ်ရပ်မှာ နာရီစင်တွေ အလျှိုလျှို ပေါ်လာခဲ့ပေမယ့် အများစုက အလုပ်မလုပ်ဘဲ ရပ်နေတဲ့အကြောင်း ရေးပြထားတာပါ။ အဲဒီနောက် ဆရာကြည်မင်း ရေးပြထားပုံလေးကို ဖတ်ကြည့်ပါဦး။
"အဲဒီတစ်လောက မြို့တိုင်းမြို့တိုင်းမှာ နာရီစင်တွေ အလျှိုအလျှို ပေါ်လာလိုက်ကြတာလည်း တစ်ပုံကြီး။ ကြည့်လိုက်ရင် အချိန်တွေက အလွန် ဟာသမြောက်တယ်။ ရပ်နေတာက ခပ်များများ။ ဈေးချိုတော်က နာရီစင်ကတော့ အလုပ်လုပ်နေသား။ ပြင်ဦးလွင်နာရီစင်လည်း ရှေးခေတ်လက်ရာဆိုတော့ ဈေးချိုကလိုပဲ ဖြစ်မှာပဲ"
ကျွန်တော်ကတော့ တွေးချပစ်လိုက်တာပေါ့ဗျာ။ ကိုယ့်ဘာသာကိုယ်တွေးတာပဲ၊ ဘယ်သူ့ထိခိုက်တာမှတ်လို့၊ နော? ဘာတွေတွေးမိတယ်ဆိုတာတော့ မပြောတော့ပါဘူး။ အခု ဒီစာကို ဖတ်နေတဲ့သူကလည်း ကိုယ်ကြိုက်သလို တွေးယူလို့ရတာပဲ။ ဟုတ်တယ်ဟုတ်?
နောက်တော့ အိမ်ထောင်သည်နဲ့ လူပျိုကြီးတွေ တွေးခေါ်ပုံ၊ စဉ်းစားပုံချင်း မတူညီတဲ့အကြောင်းတွေ နည်းနည်းရေးပြပါတယ်။ ဆရာ့သူငယ်ချင်း စိန်ဝင်းက လူပျိုကြီးဆိုတော့ အစားအသောက် ဂရုစိုက်တဲ့အကြောင်း၊ တစ်ခုခုလုပ်ရင် စိတ်ကူးယဉ်ဆန်တဲ့အကြောင်းပေါ့လေ။
အဲဒီနောက် အပိုဒ်(၂)မှာ ဖတ်ရတဲ့အထဲက စာသားအချို့ကို ထုတ်ပြပါရစေဦး။
"မြတောင်ကျောင်းတိုက်ရှေ့ကနေ ဖြတ်တော့ ဒီဝင်းတံခါးကြားကနေ သျှောင်ပေစူးနဲ့ မောင်လွန်းကလေး ပါတော်မူဖြစ်စဉ်ရဲ့ နောက်ဆုံးအခန်းကို ချောင်းကြည့်ခဲ့တာ ဖြစ်မယ်လို့ တွေးကြည့်ရပါတယ်။ အဲဒီတုန်းက ကမ္ဘာပေါ်မှာ အကြီးမားဆုံးအလှူကို လှူတဲ့ အသက်အငယ်ဆုံး အမျိုးသမီးလို့ မော်ကွန်းတင်ခံရတဲ့ စုဖုရားလတ်ရဲ့ အလှူကို ၀င်မကြည့်ဖြစ်ပါဘူး။ တိုင်းပြည်ရဲ့ဘဏ္ဍာကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ မသုံးဘဲ ပဒေသရာဇ် သက်ဦးဆံပိုင်ပီပီ ထင်ရာလုပ်သွားတာကို ကျွန်တော်က (အောက်ပြည်အောက်သားတို့ရဲ့ စိတ်အခံနဲ့) ကြိုက်ကြည့်လို့မရပါ။ ၀င်ကြည့်ဖြစ်ရင် သူများအလှူကို သာဓုခေါ်ပြီး ကြည်နူးရမယ့်အစား စိတ်ညစ်နေမိဦးမယ်။ အင်္ဂလိပ်က အဘက်ဘက်က ထွက်ပေါက်ပိတ်ထားလို့ ကိုယ့်နေရာ ကွက်ကွက်ကလေးသာ ကျန်နေတဲ့ ကာလမှာ တိုင်းပြည်ရဲ့ဘဏ္ဍာကို အဲဒီလိုကြီး ဖြုန်းပစ်တာကို ကျွန်တော့်စိတ်ထဲမှာ တစ်မျိုးကြီးပဲ"။
ကဲ... ဘယ်လောက်များ တွေးချင်စရာ ကောင်းလိုက်ပါဘိသလဲ။ စာဖတ်သူတော့ မသိဘူး၊ ကျွန်တော့်မှာဖြင့် အဲဒီစာပိုဒ်ကို ဖတ်ပြီးတဲ့အချိန်မှာ တကယ့်ကို တစ်မျိုးကြီး ဖြစ်လာရတယ်။ ဆက်ကြဦးစို့ဗျာ...။
အဲဒီနောက် အပိုဒ်(၃)မှာ ဆရာကြည်မင်း ဆက်ရေးပြထားတာလေးတွေက ဒီလိုပါ။ ဂေါဝိန်ဆိပ်ကနေ စစ်ကိုင်းတောင်ဆီကို ထိုင်မျှော်နေရင်းက စိတ်ကူးရတဲ့အတွက် အောင်ဒင်သရက်သီး အလုံး ၂၀ သွားဝယ်တဲ့အကြောင်း၊ ရွက်လှေတစ်စီးကို ၇၅ ကျပ်ပေးပြီး ရှင်ဖြူရှင်လှဆိပ်ဆိုတဲ့ တစ်ဖက်ကမ်းကို ကူးခဲ့တဲ့အကြောင်း၊ ဘုရားတွေဖူးခဲ့တဲ့အကြောင်း၊ အဲဒီနောက်တော့ ရွက်လှေပေါ်မှာ အောင်ဒင်သရက်သီး ခဲတံချွန် ဓားလေးနဲ့ ခွဲစားတဲ့အကြောင်း၊ ဧရာဝတီမြစ်ရေသောက်တဲ့အကြောင်း ရေးပြထားပါတယ်။ သူ့သူငယ်ချင်း စိန်ဝင်းကတော့ အတော့်ကို သဘောကျသွားပြီး သရက်သီးမှာ အောင်ဒင်ထိပ်ပဲဟေ့။ တကယ့် ဗိုလ်အောင်ဒင်ပဲ၊ ငါတို့ရဲ့ သလပ်ဖက် (တလဘက်) ရှုံးသွားပြီကွလို့ သုံးလေးငါးခါ ပြောတဲ့အကြောင်း ရေးပြထားပါတယ်။ အဲဒီနောက် ဆရာဆက်ရေးပြထားတာလေးကို ဖတ်ကြည့်ပါဦး။
"ကျွန်တော်လည်း သဘောတူပါတယ်။ သို့သော် သူ့လောက် လှိုက်လှိုက်လှဲလှဲ မဖြစ်မိတာက ကျွန်တော့်အာရုံတွေက သရက်သီးအပေါ်မှာချည်း မရှိဘဲ ကျွန်တော်ရေးမယ် စိတ်ကူးထားတဲ့ "နေ၀င်မြင်သည် ၀တို့ပြည်" ဆိုတဲ့ ဝေဖန်စာတစ်ပုဒ်အကြောင်း စိတ်ရောက်နေလို့ပါ။ ရောက်ရပုံကလည်း ထူးထူးဆန်းဆန်းပါပဲ။ ၀ဲယာကြုံသမျှ ကြည့်ရင်းက သောင်စပ်ရေတိမ်မှာ ငှက်မျိုးစုံတွေ့ပါတယ်။ ကြုံသမျှကို စပ်စပ်စုစု သိချင်လို့ ငှက်ဆန်းဆန်းတွေ့တိုင်း လှေဆရာကြီးကို မေးပါတယ်။ (စိန်ဝင်းကိုတော့ အကြောင်းသိမို့ မမေးပါ) ချည်ခင်စွပ်၊ ခရုစုတ်၊ ခရုတုပ်၊ ငါးဟစ်၊ တင်ကျီး၊ ဟင်္သာ၊ ရေဘဲ၊ စစ်စလီ၊ ပိန်ညင်း၊ စင်ရော်၊ ရေညှောင့်ကောင်။ တချို့ငှက်တွေကျတော့ ကျွန်တော် မသိပါ။ ငှက်တစ်မျိုးဆိုရင် ကြည့်လိုက်တော့ တစ်တီတူးလိုပဲ။ သို့သော် ဘဲနှုတ်သီးနဲ့ ဘဲခြေထောက်နဲ့။ အဲဒီလို ဆန်းဆန်းပြားပြားတွေ့တိုင်း လှေဆရာကြီးကို မေးကြည့်ရပါတယ်။ "မသိဘူး" ဆိုတဲ့ အဖြေတစ်မျိုးပဲရလို့ ဒါက မသိဘူးငှက် ဖြစ်မယ်လို့ပဲ ကျေနပ်စွာ မှတ်ယူခဲ့ရပါတယ်။"
ဒီအပိုဒ်ကိုချည်းပဲ ဖတ်ကြည့်မယ်ဆိုရင် ဘာတွေများ တွေးစရာပါလို့လဲလို့ စာဖတ်သူက မေးချင်ပါလိမ့်မယ်။ ဟုတ်ကဲ့... ဒီပို့စ်ကို ရေးရခြင်းရဲ့ အဓိကအကြောင်းရင်းခံ အတွေးကို ဖြစ်စေတဲ့ စာပိုဒ်က အောက်မှာဖော်ပြမယ့် စာပိုဒ်(၄)ပါ အကြောင်းအရာအချို့ပါ။ ဒါပေမယ့် အပေါ်မှာ ဖော်ပြခဲ့တဲ့ စာပိုဒ်(၃)ကို မဖတ်ခဲ့ရင် ဆက်စပ်မိမယ် မထင်ပါဘူး။ စာရေးဆရာဟာ လိမ္မာပါးနပ်စွာနဲ့ သူရေးချင်တဲ့ အကြောင်းအရာ၊ ပြောချင်တဲ့ စကားတွေကို ညင်ညင်သာသာ ပညာသားပါပါနဲ့ ပါးပါးလေး (ပါးပါးလေးမှ တကယ့်ပါးပါးလေးပါ) ထည့်ပေးသွားပါတယ်။ အပေါ်က စာပိုဒ်လေးကို နောက်တစ်ခေါက်လောက် ပြန်ဖတ်စေချင်ပါတယ်။ အဲဒီနောက်မှ အောက်မှာ ကျွန်တော်ထုတ်နုတ်ပြမယ့် စာပိုဒ်လေးကို ဖတ်မယ်ဆိုရင် ပိုပြီးများ အရသာရှိပြီး ပိုပြီးများ ရုပ်လုံးပေါ်မလားလို့ အကြံပေးချင်ပါတယ်။ အပိုဒ်(၄)မှာ ဆရာကြည်မင်း ရေးထားတာတွေထဲက နောက်ဆုံးအပိုဒ်ကို မူရင်းအတိုင်းပဲ ကူးပေးလိုက်ပါတယ်။ ဖတ်ကြည့်ပါဦး။ စာတစ်ပုဒ်လုံးရဲ့ အထွဋ်အထိပ်ပါပဲ။
"နောက်တစ်ခါ မန္တလေးရောက်တော့ ကျွန်တော် တမင်စချင်တာနဲ့ စိန်ဝင်းကို သရက်သီး ၀ယ်မကျွေးပါဘူး။ အမြန်ရထားပေါ် တက်တော့မှ ခြင်းလေး ၂ ခြင်း ၀ယ်ပြီး သူ့တစ်ခြင်း ပေးလိုက်ပါတယ်။ စိန်ဝင်းကတော့ "ဗိုလ်အောင်ဒင်ကွ၊ ပွတာပဲ" လို့ အားရ၀မ်းသာ ပြောရှာပါတယ်။ စတော်ဘယ်ရီဆရာကြီးကိုး။ အဲဒီအခေါက်မှာ အောင်ဒင်က မကောင်းပါဘူး။ Cross Pollination လို့ ခေါ်တဲ့ မျိုးနှောမှု ၀င်လာနေတဲ့ အပင်တွေက သီးတာဖြစ်မယ်။ အောင်ဒင်လည်း မျိုးစစ်မှ ချိုတာပါ"
ကဲ... စာဖတ်သူတော့ ဘယ်လိုတွေးမိတယ်၊ ခံစားမိတယ် မဆိုနိုင်ဘူး။ ကျွန်တော်ကိုဉာဏ်ကတော့ တွေးပစ်လိုက်တာများ မီးခိုးမဆုံး၊ မိုးမဆုံးပါပဲ။ တွေးရင်းနဲ့ မျက်စိထဲမှာမြင်လာ၊ မြင်လာရင်းနဲ့ ရင်ထဲမှာနာလာ၊ နာလာရင်းနဲ့ ၀မ်းနည်းသလိုလို၊ စိတ်တိုသလိုလို၊ ခံပြင်းသလိုလို ဖြစ်လာမိပါရဲ့ဗျာ။ ဘာဖြစ်တာလဲလို့ မေးလာခဲ့ရင် "ဘာဖြစ်မှန်းတော့ မသိဘူးခင်ဗျ" လို့ ပြန်ဖြေမိမယ် ထင်ပါတယ်။ တစ်ခုခုဖြစ်တာတော့ သေချာပါတယ်။ တစ်ခုခုမှ တကယ့်ကို တစ်ခုခုပါ။ အဲဒီလို ဘာမှန်းမသိတဲ့ တစ်ခုခုကိုပဲ ကျွန်တော်က နာမည်ပေးလိုက်ပါတယ်။ "ဆရာကြည်မင်းပေးတဲ့ ဗိုလ်အောင်ဒင်ဖီလင်" တဲ့။ ပို့စ်ခေါင်းစဉ်ကိုလည်း အဲဒီအတိုင်းပဲ ပေးလိုက်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၁ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၃၅ မိနစ်တွင်ပြီး၏။
တော့်ကဉာဏ်
ReplyDeleteဒါ ၀တို့ရွီမန္တလေး အကြောင်းရေးထားတာ မို့လား ဟုတ်တယ်ဟုတ်။
ဂျပန်ဝင်တုန်းကတော့ ကုလား ကို ရှင်းသွားပေးတာပဲ။
ခုတခေါက်တော့ ဘယ်လိုဖြစ်မယ် မသိဘူး။
ကိုဥာဏ် ပြောချင်တာကို လုံးဝ နားလည်ပါတယ်။
ReplyDelete