အမေး။
မောင်ဖြူ၏ နွားများသည် သူတစ်ပါး၏ လယ်ထဲသို့ ၀င်ရောက်၍ စပါးများကို စားသည့်အတွက် မောင်ဖြူသည် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ရာရောက်သလား။
အဖြေ။
နွားများသည် သူတစ်ပါး၏ လယ်ထဲသို့ ၀င်ရောက်၍ စပါးများကို စားသည့်အကြောင်းကြောင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်သည်ဟု ဆိုနိုင်မည်မဟုတ်ပေ။
တရားခံက ၎င်း၏ နွားများကို သူတစ်ပါးလယ်ထဲ ၀င်ရောက်ကျူးကျော်ပြီး စပါးပင်များကို စားစေရန် အကြံနှင့်သော်လည်းကောင်း၊ စပါးပင်များကို ၀င်ရောက်စားလိမ့်မည်ဟု သိလျက်နှင့်သော်လည်းကောင်း လွှတ်ထားခဲ့ကြောင်း ပေါ်ပေါက်မှသာ အကျိုးဖျက်ဆီးမှုဖြင့် ပြစ်ဒဏ်ထင်ရှား စီရင်နိုင်မည်ဖြစ်သည်။
[အစိုးရ နှင့် မောင်လွန်း၊ အတွဲ ၂၊ အောက်မြန်မာပြည်စီရင်ထုံး၊ ၁၅၈]
* * * * * * * * * * * * * * * * * * * *
* * * * * * * * * * * * * * * * * * * *
အမေး။
နွားနို့ထဲ ရေရောလျှင် ဥပဒေအရ အရေးယူနိုင်သလား။
အဖြေ။
စားဖွယ်သောက်ဖွယ်ကို အန္တရာယ်ဖြစ်စေအောင် ယုတ်ညံ့သောအရာနှင့် ရောနှောမှသာ ဤပုဒ်မ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၂) အရ ငြိစွန်းမည်ဖြစ်သည်။ အန္တရာယ်မဖြစ်သည့်အရာနှင့် ရောနှောခြင်းသည် ဤပုဒ်မအရ ပြစ်မှုမမြောက်။
နွားနို့ထဲ ရေရောခြင်းသည် ရောနှောသောရေမှာ မသန့်သည့်ရေ မဟုတ်လျှင် ဤပုဒ်မအရ အရေးမယူနိုင်ပေ။
[အစိုးရ နှင့် အဗ္ဗဒူရာမန်၊ အတွဲ ၁၊ အောက်မြန်မာပြည်စီရင်ထုံး၊ စာ ၁၅၃]
* * * * * * * * * * * * * * * * * * * *
* * * * * * * * * * * * * * * * * * * *
အမေး။
အမွေဆိုင်အိမ်နှင့် ပတ်သက်၍ အမွေဆိုင်တစ်ဦး၏ တိုင်ကြားချက်အရ အိမ်ငှားမတင်ရန် ရပ်ကွက်လူကြီးသို့ တိုင်သည်။
ရပ်ကွက်လူကြီးက အိမ်မငှားရန် အမိန့်ထုတ်ပြန်သည်ကို တစ်ဖက်က မလိုက်နာသော် အမိန့်ထုတ်ပြန်ခြင်းကို မလိုက်နာရာ ရောက်သလား။
အဖြေ။
အမွေဆိုင်အိမ်နှင့် ပတ်သက်၍ အမွေဆိုင်တစ်ဦး၏ တိုင်ကြားချက်အရ အိမ်ငှားမတင်ရန် ရပ်ကွက်လူကြီးတွင် တားမြစ်နိုင်သည့် လုပ်ပိုင်ခွင့်မရှိ။ အမွေဆိုင်အချင်းချင်း အမွေကိစ္စ အငြင်းပွားလျှင် တရားမကြောင်းအရ ဖြေရှင်းရမည်ဖြစ်ရာ ရပ်ကွက်လူကြီးအနေဖြင့် အမွေကိစ္စနှင့်ပတ်သက်၍ အမိန့်ထုတ်ပြန်ခွင့် မရှိသောကြောင့် ယင်းအမိန့်ကို မလိုက်နာခြင်းသည် ပုဒ်မ ၁၈၈ နှင့် ငြိစွန်းခြင်းမရှိ။
[မခင်စိန်ဝင်း နှင့် ပြည်ထောင်စု၊ ၁၉၈၂၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၈]
* * * * * * * * * * * * * * * * * * * *
* * * * * * * * * * * * * * * * * * * *
အမေး။
ပွဲခပေးရန် ပဋိညာဉ်နှင့်ပတ်သက်၍ သီးခြားဥပဒေ ရှိသလား။ ပွဲစား၏ အခွင့်အရေးနှင့် ပိုင်ရှင်၏ တာဝန်ဟူ၍ ပြဋ္ဌာန်းထားခြင်း ရှိသလား။ ကိစ္စတစ်ခု ဆောင်ရွက်ပေးသည့်အတွက် ပွဲခတောင်းခွင့် ရှိသလား။
အဖြေ။
ပွဲခပေးရန် ပဋိညာဉ်နှင့် ပတ်သက်၍ သီခြားဥပဒေမရှိပါ။ ပွဲစား၏ အခွင့်အရေးနှင့် ပိုင်ရှင်၏ တာဝန်ဟူ၍လည်း ပြဋ္ဌာန်းထားခြင်း မရှိပါ။
ပစ္စည်းရောင်းလိုသူ ပိုင်ရှင်က ပွဲစားသို့ ပစ္စည်းရောင်းရန် အပ်သည့်ကိစ္စမှာ လုပ်ငန်းနှင့်ဆိုင်ရာ ပဋိညာဉ် မဟုတ်ပေ။ ပွဲစားဆောင်ရွက်ရန် မည်သည့်တာဝန်မျှမရှိ။ ပွဲစားက ကိစ္စတစ်ခု ဆောင်ရွက်ပေးလျှင် ငွေပေးမည်ဟု ပိုင်ရှင်က ကတိပြုသည့် ပဋိညာဉ်မျှသာ ဖြစ်သည်။ ကိစ္စမှာ ပွဲစား၏ လုပ်အားဖြစ်သည်။ ယင်းပဋိညာဉ်သည် တည်မြဲခိုင်မာသည်။
No comments:
Post a Comment