ဒီပို့စ်ရဲ့ အဓိကရည်ရွယ်ချက်က ဂျာနယ်ထဲမှာ ဖတ်မိတဲ့ စာတစ်ပုဒ်ကို သဘောကျလို့ ကောက်နုတ်ပြီး ပြန်လည်ဝေမျှတာပါ။ ဒါပေမယ့် ကျွန်တော်ကိုဉာဏ် နည်းနည်းလေး လျှာရှည်ချင်သေးတဲ့အတွက် ခွင့်ပြုကြပါဦး။ သောမတ်ဖရီးမင်း ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အင်မတန်မှကို ကလောင်စွမ်းထက်တဲ့သူ ဖြစ်ပါတယ်။ သူပြောတဲ့၊ ရေးတဲ့ အတွေးအမြင်တွေဟာ သူများတွေနဲ့မတူ ကွဲထွက်နေတတ်တာကို သတိထားမိပါတယ်။ တချို့ကိစ္စတွေမှာ ပိဿလေးနဲ့ ဘေးပစ်ဆိုသလိုမျိုး ပြောတတ်တာကို သတိထားမိပါတယ်။ အချို့သော ဘလော့ဂ်မိတ်ဆွေတွေအတွက် မြင်သာထင်သာ ပြောရမယ်ဆိုရင် ဆရာကျော်ဝင်း ဘာသာပြန်ပြီး စာပေဆုရခဲ့တဲ့ ကမ္ဘာပြားပြီ (The World is Flat) ဆိုတဲ့ စာအုပ်ကို ပြုစုခဲ့သူပေါ့။ နောက်တစ်ခု ကျွန်တော် စဉ်းစားမိတာက သူတို့ဆီက ဂျာနယ်လစ်တွေကိုက အဲဒီလိုမျိုး အမြင်စူးရှကြတာလား ဆိုတာကိုပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဒီကဆရာတွေ ဘာသာပြန်တာတွေကိုသာ ဖတ်ကြရတာကိုး။ ဒါလည်း ကျွန်တော့်အတွေးပါ။ အခုလည်း သောမတ်ဖရီးမင်းရဲ့ If not now, when? ဆိုတဲ့ စာကိုရည်ညွှန်းပြီး ဆရာမင်းညို ရေးသားထားတဲ့ ဂုဏ်သိက္ခာနဲ့ ရေနံ ဆိုတဲ့ ဆောင်ပါးတစ်ပုဒ်ထဲက သဘောကျမိတာ အချို့ကို ပြန်လည်ဝေမျှလိုက်ပါတယ်။ အခုပြန်လည် ဝေမျှတာတွေပဲ ကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော့်ရင်ကို လာထိတဲ့ စာအချို့ကို ပြန်လည်လက်တို့ခြင်း ဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။
* "အမေရိကန်၊ မင်းက မီးတောင်ခြေရင်းမှာ အိမ်ဆောက်ထားတယ်။ အဲဒီမီးတောင်ရဲ့ အက်ကြောင်းတွေကနေ အခု ချော်ရည်တွေ ထွက်နေပြီ။ ပေါက်ထွက်တော့မလို တစ်တောင်လုံးလည်း ယိမ်းထိုးနေပြီ။ မင်းရဲ့အိမ်ကို ရွှေ့တော့" အခုကိစ္စမှာ မင်းရဲ့အိမ်ကို ရွှေ့တော့ ဆိုတာ ကျွန်တော်တို့ အမေရိကန်တွေ (အာရပ်ကမ္ဘာက) ရေနံနဲ့ ပတ်သက်ပြီး ငမ်းငမ်းတက် ဖြစ်နေတာကို ရပ်လိုက်တော့လို့ ဆိုလိုပါတယ်။
* ကျန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ မှာ အမေရိကန် (ဥရောပနဲ့ အာရှလည်း ပါပါတယ်) ဟာ အရှေ့အလယ်ပိုင်းဒေသကို ဓာတ်ဆီဆိုင်ကြီးတွေ စုဝေးရာဒေသအဖြစ် သဘောထားခဲ့ကြတယ်။ ဆော်ဒီဆီဆိုင်၊ အီရန်ဆီဆိုင်၊ ကူဝိတ်ဆီဆိုင်၊ ဘာရိန်းဆီဆိုင်၊ အီဂျစ်ဆီဆိုင်၊ လစ်ဗျားဆီဆိုင်၊ အီရတ်ဆီဆိုင်၊ အာရပ်စော်ဘွားများပြည်ထောင်စုဆီဆိုင် စသည်ဖြင့်။
* ကဲ... ကျွန်တော်တို့ သဘောတူညီမှု လုပ်ကြရအောင်။ ခင်ဗျားတို့ ရေနံတွေကို ထုတ်သာထုတ်။ ဈေးလည်းမများစေနဲ့ပေါ့။ အစ္စရေးနဲ့ ပတ်သက်ပြီးလည်း သိပ်ခေါင်းထဲ ထည့်မနေပါနဲ့။ အဲဒီလို လုပ်ပေးတဲ့အတွက် ခင်ဗျားတို့ အာရပ်တွေလည်း လုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ပြည်သူတွေကို တားချင်တာရှိလည်း တား။ အကျင့်ပျက်လာဘ်စားချင်လည်း စား။ ခင်ဗျားတို့ ဗလီတွေကနေ အမေရိကန် မကောင်းကြောင်း တရားဟောချင်သပဆိုလည်း ဟော။ ခင်ဗျားတို့ သတင်းစာတွေထဲ ကျုပ်တို့ အမေရိကန်တွေအကြောင်း ကြိုက်တာရေး။ ရေနံလေးသာ ထုတ်ပေးပါ။ ဈေးလေးလည်း ချပေးထားပါ။ အစ္စရေးကိုလည်း သိပ်ပြဿနာ မရှာနဲ့ပေါ့။ ကျန်တာ ကြိုက်တာသာ လုပ်ဗျာ။
* အာရပ်ကမ္ဘာမှာ ခိုင်မာတဲ့ အစိုးရအဖွဲ့တွေမရှိ၊ အရပ်ဖက် အဖွဲ့အစည်းတွေ မရှိ၊ ဒီမိုကရေစီ အစဉ်အလာ ဒါမှမဟုတ် ပြုပြင်ပြောင်းလဲရေး ဆိုတာလည်း မရှိ။ ဒါကြောင့် ဒီမိုကရေစီ ကူးပြောင်းရေးဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး။
* အာရပ်ကမ္ဘာတွင် အဓိကမလုံလောက်မှု (၃)ခု ရှိသည်။ (၁) ပညာရေး ခါးဆက်ပြတ်မှု၊ (၂) လွတ်လပ်မှု၊ (၃) အမျိုးသမီးများ၏ ပါဝင်လှုပ်ရှားပိုင်ခွင့် မရှိခြင်း။
* အာရပ်ကမ္ဘာကြီး သမိုင်းထဲကို ပြန်လာတာဟာ အင်မတန်ကို ခက်ခဲပြီးတော့ မဖြစ်နိုင်တဲ့ ကိစ္စဆိုပြီး အယူမမှားသင့်ပါဘူး။ ဒီတော့ ကနေ့အာရပ်ကမ္ဘာမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တစ်တွေ ကြား မနေဘဲ အဲဒီမှာ ဒီမိုကရေစီ အမြစ်တွယ်အောင် လုပ်ပေးကြပါစို့လားဗျာ....။
ဖတ်မိတာကတော့ Real Time Journal, Vol.1, No.5, Page.7 မှာ ဖြစ်ကြောင်းပါခင်ဗျား။ သောမတ်ဖရီးမင်းရဲ့ ဆောင်းပါးကို သိုးဆောင်းဘာသာနဲ့ ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ရှိကြောင်းပါခင်ဗျား။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ မတ်လ ၇ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၅၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment