ပြောချင်တာတွေကတော့ အများကြီးပါပဲ။ ဒါကြောင့်မို့ ဒီပို့စ်မှာ ရှည်ရှည်လျားလျား ပြောခွင့်ပေးပါ။ ကျွန်တော့်အတွေးနဲ့ကျွန်တော် ဖြစ်နေတဲ့ ဒေါသတွေကို ဘလော့ဂ်ဖတ်သူတွေဆီ ကူးစက်သွားခဲ့ရင်လည်း ကြိုတင်တောင်းပန်လိုက်ပါရဲ့ဗျာ။ အားလုံးသိကြတဲ့အတိုင်း အခုတလော ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ ဆောင်းပါး၊ စာအုပ် စသည်ဖြင့် အမျိုးအမည် စုံလင်စွာနဲ့ ထွက်ရှိနေပါတယ်။ ကာလတစ်ခုမှာ အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ဖော်ပြခွင့် မရခဲ့တာမို့ အခုအချိန် အခါအခွင့်သင့်ချိန်မှာ အုံလိုက်ကျင်းလိုက် ရေးကြ၊ ထုတ်ကြတာ ဖြစ်မယ်လို့ ထင်ပါတယ်။ ကြိုဆိုပါတယ်။ ကိုယ့်နိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေးပြီး ဆောင်ရွက်သွားတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးရဲ့ အကြောင်းကို မသိချင်တဲ့မြန်မာ ဘယ်မှာရှိလိမ့်မတုန်းဗျာ။ အားလုံးသိတဲ့အတိုင်းပဲ ဗိုလ်ချုပ်အကြောင်းကလည်း ဖတ်လို့မ၀၊ သိလို့မကုန် မဟုတ်လား။ လူအမျိုးမျိုးက အမြင်အမျိုးမျိုးနဲ့ တင်ပြကြတာတွေကို ကျွန်တော်တို့အားလုံး တမက်တမော ဖတ်ကြရတာလေ။ ဒါပေမယ့်... ဒါပေမယ့်ဗျာ.....။
သူငယ်ချင်းတွေကို ကျွန်တော်ပြောနေကျ စကားလုံးအတိုင်း ပြောရမယ်ဆိုရင်တော့ "ငါတို့ဗိုလ်ချုပ်လည်း အခုမှ တကယ့်ကို ဈေးကွက်ဝင် ရောင်းကုန်ကြီး ဖြစ်နေတော့တယ်ကွာ" ဆိုသလိုပါပဲ။ ဂျာနယ်တွေကလည်း ဆိုင်ဆိုင် မဆိုင်ဆိုင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ထည့်ကြတယ်။ (နိုင်ငံရေးဂျာနယ်၊ သတင်းဂျာနယ်က ဗိုလ်ချုပ်ဓာတ်ပုံထည့်တာမျိုးက နားလည်လို့ရတယ်။ မဆီမဆိုင် ပေါ့ပ်တို့၊ အတင်းအဖျင်းတို့၊ လမ်းဘေးမှာ လက်ကမ်းလိုက်ဝေတဲ့ စာစောင်တို့၊ သူ့ဟာသူ မဲဆွယ်တဲ့ကိစ္စတို့မှာ ဓာတ်ပုံကြီးသုံးနေတာကတော့ ဘယ်လိုမှကို လက်မခံနိုင်ပါ။ အင်္ကျီမှာ စတစ်ကာ ရိုက်ထားတာက ဗိုလ်ချုပ်ပုံ၊ လုပ်တဲ့အလုပ်က ဗိုလ်ချုပ်လမ်းစဉ်နဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း။ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကြီးထောင်ပြီး မဲဆွယ်ကြတဲ့ နိုင်ငံရေးလုပ်စားတွေအကြောင်းကို သီးသန့်ရေးဦးမယ်။) ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဆောင်းပါးတွေ ထည့်ကြတယ်။ ဗိုလ်ချုပ်အကြောင်း စာအုပ်တွေကလည်း ထုတ်လိုက်ကြတာမှ ၀ယ်ဖတ်လို့ကို မနိုင်အောင်ပါပဲ။ ထားပါတော့ဗျာ... နှစ်လ သုံးလနေမှ တစ်အုပ်ထွက်ရင်အောင် ၀ယ်ဖတ်လို့ အဆင်ပြေချင် ပြေလိမ့်ဦးမယ်။ အခုတော့ စာအုပ်ဆိုင်မှာ အကြောင်းအရာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဗိုလ်ချုပ်အကြောင်း စာအုပ်တွေက များလှချည်လားဗျာလို့ ညည်းရလောက်အောင်ကို ပေါချင်းသောချင်း။ အဲဒီလိုပြောတော့ တချို့ကို ကိုဉာဏ်ကို မျက်စောင်းထိုးကြမယ်၊ လက်သီးနဲ့ ထိုးချင်ကြလိမ့်မယ်။ မတတ်နိုင်ဘူးဗျာ။ ဗိုလ်ချုပ်ကို အဲဒီလောက်ကြီး လုပ်စားကြတာကို ကျွန်တော် မကျေနပ်တာ အမှန်ပါပဲ။ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတွေ ကျွန်တော်တို့ နိုင်ငံသားတွေအပေါ် ရှိတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တာ၊ တိုက်ပွဲဝင်ခဲ့တာ ဗိုလ်ချုပ်တစ်ယောက်တည်း မဟုတ်ပါဘူးဗျာ။ တိုင်းပြည်အကျိုးကို အသက်စွန့်ပြီး လုပ်သွားခဲ့တဲ့ အာဇာနည်ဟာ ဗိုလ်ချုပ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အဲလောက်ဆိုရင် ကျွန်တော်ဘာပြောချင်တယ်ဆိုတာကို တွေးယူလို့ ရမယ်ထင်ပါတယ်။ ဒီနေ့ ဗိုလ်ချုပ်ဓာတ်ပုံတွေကို အသုံးပြုနေကြသူတွေ၊ ဗိုလ်ချုပ်အကြောင်းကို ရေးချင်တိုင်း ရေးနေသူတွေဟာ လွတ်လပ်ရေးဖခင်မို့ ဂုဏ်ပြုတဲ့စိတ်နဲ့ ရေးနေကြတာလား၊ ဗိုလ်ချုပ်ကို လေးစားကြည်ညိုစိတ်နဲ့ ရေးဖွဲ့ကြတာလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြစေချင်ပါတယ်။ တချို့ကိစ္စတွေမှာ မီဒီယာသမားတွေဟာ လှည့်ကွက်တွေနဲ့ စာဖတ်တဲ့လူတွေကို နားလှည့်ပါးရိုက် လုပ်နေတာ အတော်အခံရခက်ပါတယ်။ မသိတဲ့လူက စိတ်မတိုပေမယ့် သိနေတဲ့အခါ စိတ်တိုရတယ်။
ကျွန်တော့်အမြင်ပြောရရင်တော့ ဖော်ပြခွင့်မရတဲ့ ကာလတွေတုန်းက ဗိုလ်ချုပ်ဓာတ်ပုံ၊ ဗိုလ်ချုပ်မိန့်ခွန်းဆိုရင် သိပ်ပြီးတော့ လူတွေက စိတ်ဝင်စားကြတာပဲ။ အခုများတော့ ပြော...မပြောချင်တော့ပါဘူး။ ဂျာနယ်တိုင်းနီးနီးမှာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါတယ်။ အဲဒီဂျာနယ်တွေကလည်း တွန့်လိမ်ကြေမွပြီး လက်ဖက်ရည်ဆိုင်က ခွေးခြေအောက်ကို ကျလို့ကျ၊ ထမင်းစားရင်သုံးတဲ့ စားပွဲခင်းဖြစ်လို့ဖြစ်၊ အိမ်သာတက်ရင်းသုံးတဲ့ ချီးကုန်းစက္ကူ ဖြစ်လို့ဖြစ်နဲ့ စဉ်းစားသာကြည့်ပါတော့ဗျာ။ အခုနေများလေ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲကို ၀င်သွား၊ ပြီးရင် ဂျာနယ်တစ်စောင်ကို ကိုင်ဖတ်၊ တစ်ဆက်တည်းပဲ ပါးစပ်ကနေ အကျယ်ကြီးအော်ကြည့်ပါလား၊ "ဟာ... ဒီမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ပါလာတယ်" လို့။ တစ်ချိန်တုန်းက ဆိုရင်တော့ အခြားလူတွေရဲ့ တုံ့ပြန်မှုက တစ်မျိုးဖြစ်ပါလိမ့်မယ်။ အခုဆိုရင်တော့ ဘယ်လိုဖြစ်မလဲဆိုတာ ကိုယ့်ဘာသာကိုယ်သာ တွေးကြည့်ပါတော့။ မတွေးတတ်ရင်လည်း လက်တွေ့ စမ်းသပ်ကြည့်စေချင်ပါတယ်။ အဲဒီအခါကျမှ ကျွန်တော်ပြောသလို ဗိုလ်ချုပ်အောင်ဆန်း ဘယ်လောက် ဈေးပေါနေသလဲဆိုတာကို သိရပါလိမ့်မယ်။
အဲဒီလိုတွေ ဖြစ်နေတာကိုပဲ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို လွတ်လွတ်လပ်လပ် ပြောလို့ရပြီ၊ ဖတ်လို့ရပြီ၊ ရေးလို့ရပြီ ဆိုပြီး ဂုဏ်ယူနေကြဦးမယ် ဆိုရင်တော့ ကျွန်တော် ကိုဉာဏ် လွန်တာရှိက ၀န္ဒာမိပါလို့ တောင်းပန်ရင်း အသာလေး ဘေးရှောင်နေပါရစေတော့။ အခုတော့ တလက်စတည်း ကြုံခဲ့သမျှ ကျွန်တော့်ဘ၀လေးကို ဆက်ပြောပါရစေဦး။
ဒီလိုဗျ ဒီလို။ တစ်ရက်ကပေါ့ဗျာ... ကျွန်တော်ကိုဉာဏ် ထုံးစံအတိုင်း ဂျာနယ်ဝယ်ဖို့သကာလ ဂျာနယ်ဆိုင်ကို သွားခဲ့ရတာပေါ့။ ဂျာနယ်ရွေးရင်း၊ ၀ယ်ရင်းနဲ့ ခင်းထားတဲ့ စာအုပ်တွေဆီကို မျက်စိတစ်ချက် ကြည့်မိပါရော။ ဟော.. အဲဒီမှာ ဘာသွားတွေ့သလဲဆိုတော့ ၂၀၁၁ ခုနှစ်၊ မတ်လထုတ် နွယ်နီမဂ္ဂဇင်း ကိုပါ။ သြော်.. ကိုဉာဏ်ရယ် နွယ်နီမဂ္ဂဇင်းကို တွေ့တာများ အထူးအဆန်း ပြောနေရပြန်ပြီလို့ မထင်လိုက်ပါနဲ့ခင်ဗျ။ ကျွန်တော့်အသည်း၊ ကျွန်တော့်အာရုံကို ဖမ်းစားလိုက်တာက မျက်နှာဖုံးပေါ်မှာ စာလုံးအနီနဲ့ ထင်းထင်းကြီးရေးထားတဲ့ စာလုံးတွေကြောင့်ပါခင်ဗျ။ ဘာလဲဆိုတော့ "ဗိုလ်ချုပ် တကယ်ရိုင်းသလော" တဲ့။ ကဲ... စာလုံးလေးတွေက စိတ်ဝင်စားစရာ မကောင်းပေဘူးလား။ အချို့သော စာဖတ်သူတွေအတွက် ဒဂုန်တာရာရဲ့ ရုပ်ပုံလွှာကို မဖတ်ဘူးရင် အဲဒီစာလုံးတွေက ဆွဲဆောင်နိုင်လိမ့်မယ် မထင်ဘူးခင်ဗျ။ ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွှာထဲက "အောင်ဆန်း သို့မဟုတ် အရိုင်း" ကို ဖတ်ထားဖူးတဲ့ ကျွန်တော်ကိုဉာဏ် အတွက်ကတော့ တွေးရပြီပေါ့။ ခေါင်းစဉ်ကိုက စဉ်းစားစရာ တွေးစရာလေ။ အခြားလူတွေတော့ မသိဘူး။ ကျွန်တော်ကိုဉာဏ်ကတော့ တစ်ခါမှ အဲဒီလို တွေးမှမတွေးဘူးတာကိုး။ ဟုတ်တယ်လေ... ငါတို့ ဗိုလ်ချုပ်ဟာ တကယ့်အရိုင်းလား၊ ဒါမှမဟုတ် လူတွေက အရိုင်းအစိုင်းလို့ ထင်နေကြတာလား စသည်ဖြင့် တစ်ခါမှ မတွေးမိဘူးပါဘူး။ ဗိုလ်ချုပ်လို့ ဆိုလိုက်တာနဲ့ လေးစားပြီးသား၊ ကြည်ညိုပြီးသား။ အဲလိုပဲ ခံစားမိခဲ့တာကိုး။ ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ အဲဒီမဂ္ဂဇင်းကို မြန်မာငွေ ၂၂၀၀ ကျပ် ပေးပြီး ပျော်ပျော်ကြီး ၀ယ်လာခဲ့မိပါတယ်။
အခန်းကိုပြန်ရောက်တာနဲ့ အ၀တ်အစား မလဲနိုင်သေးဘူး။ မဂ္ဂဇင်းကို အရင်လှန်ဖတ်ရတယ်။ အဝေးကြီး မလှန်ရပါဘူးဗျာ။ မာတိကာပြီးတာနဲ့ စာမျက်နှာ ၁ ကနေ ၅ အထိ အဲဒီအကြောင်း ရေးထားတာပါပဲ။ ရေးတဲ့လူက ငြိမ်းသစ် တဲ့။ တစ်ခါမှကို မကြားဖူးတဲ့ ကလောင်နာမည် ဆိုပါတော့။ ကျွန်တော်က စာဖတ်နည်းတဲ့အတွက် ကလောင်စုံ မသိတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ် မဟုတ်ပါဘူးလေ... ဖြစ်နေတာ ဖြစ်မှာပါ။ ဟုတ်တယ်လေ... တော်ရုံကလောင်ဆိုရင် ဒါမျိုး အကြောင်းအရာကို ဘယ်ရေးရဲလိမ့်မလဲ။ လွယ်တာမှတ်လို့။ ဗိုလ်ချုပ်တကယ်ရိုင်းသလောဆိုပြီး မေးခွန်းထုတ်ပြီး ရေးတယ်ဆိုတာ အချက်အလက် ပြည့်ပြည့်စုံစုံ၊ တင်ပြပုံ ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်ခါမှ တော်ကာကျမှာ မဟုတ်လား။ ကိုဉာဏ်တို့ စာတွေဒီလောက်ဖတ်နေပြီး ဒီကလောင်ကို မသိတာကိုတော့ အတော်လေး အ တာပဲလို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ ထားပါလေ။ ဆက်ရအောင်ပါ။
ပထမဆုံးအပိုဒ်မှာ နိဒါန်းပျိုးတဲ့ သုံးလေးကြောင်းက ဟုတ်သလိုလိုတော့ ရှိသားဗျ။ အမယ်လေး... ပထမအပိုဒ်မှ မဆုံးသေးဘူး မောင်မင်းကြီးသားက လုပ်ချပါပြီဗျာ။ ဒဂုန်တာရာရဲ့ အောင်ဆန်း သို့မဟုတ် အရိုင်းကို သူ ကိုးတန်းနှစ်လောက်မှာ ဖတ်ဖြစ်တယ်ဆိုတဲ့အကြောင်း စလာပါပြီ။ စိတ်ထဲမှာ ထင့်သွားတယ်ဗျ။ ဒါပေမယ့် သူစာရေးဖို့အတွက် ခြေဆင်းပျိုးတာပဲ ဖြစ်မှာပါလို့ တွေးဖြစ်အောင် တွေးလိုက်ပြီး ဆက်ဖတ်ပါတယ်။ အဲဒီမှာပဲ ငါးပါးမှောက်တာပါပဲ။ ကျေးဇူးရှင်က ဆရာဒဂုန်တာရာရဲ့ အောင်ဆန်း သို့မဟုတ် အရိုင်း အဖွဲ့အနွဲ့ထဲက သူသဘောကျတာလေးတွေ ပြောရရင်တော့ ဗိုလ်ချုပ်ကို ခပ်ရိုင်းရိုင်းလို့ ဆိုနိုင်မယ့် အကြောင်းအရာလေးတွေကို ဖော်ပြတာပေါ့လေ။ အင်း.. ဖော်ပြတယ်လို့ သုံးရတာ နည်းနည်းတော့ တစ်မျိုးဖြစ်တယ်။ ငါးမျက်နှာရှိတဲ့ ဆောင်းပါးမှာ သုံးမျက်နှာလောက်ကို အဲဒီအဖွဲ့အနွဲ့ထဲက ပြန်ကူးထားတာဆိုတော့ ကိုးကားတယ် ပြောရမလား၊ ညွှန်းဆိုတယ်လို့ သုံးရမလား။ ကျွန်တော့်ဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ မပြောတတ်ပါဘူးဗျာ။ ထားပါတော့။
သည်းခံစိတ်ကို အတုံးလိုက်အတစ်လိုက် မွေးပြီးသကာလ ဆောင်းပါးကိုဆုံးအောင် ကျွန်တော် ဆက်ဖတ်ပါတယ်။ နိဂုံးပိုဒ်လေးကိုတော့ နည်းနည်းလေး အမှတ်ပေးချင်သား။ ဘာတဲ့ ရေးထားတာလေးက "သို့ဖြစ်ရာ ဗိုလ်ချုပ်ကို ရှုမြင်နိုင်သော အရိုင်းသည် အတ္တနှင့်ယှဉ်သော အရိုင်းမဟုတ်။ စွန့်လွှတ်သောစိတ်၊ ကိုယ်ကျိုးမငဲ့သော စိတ်၌တည်သည့် ရိုးဖြောင့်မှန်ကန်သော အရိုင်းသာ ဖြစ်ပေလိမ့်မည်" တဲ့။ ကဲ မှတ်ပလား။
စာတွေဖတ်တဲ့အခါ ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ အဲဒီစာကို ကြိုက်ရင်ကြိုက်သလို၊ မကြိုက်ရင် မကြိုက်သလို မှတ်ချက်ရေးတတ်ခြင်းပါပဲ။ ဖတ်တဲ့စာအုပ်မှာ နေရာလွတ်မရှိရင် စာရွက်လွတ်နဲ့ရေးပြီး အဲဒီနေရာမှာ ပင်ချုပ်ပြီး ကပ်ထားတဲ့အထိ ရေးပါတယ်။ အခုလည်း အောက်မှာ နေရာလွတ်လေး ရှိတာဆိုတော့ အဲဒီဆောင်းပါးရဲ့အောက်မှာ မှတ်ချက်လေး ရေးမိပါတယ်။ ဖတ်ကြည့်ချင်ကြမယ်လို့ ယူဆတဲ့အတွက် ရေးပြပါရစေ။
"ဒေါက်တာမောင်မောင်ကျော် ပြောသော သမိုင်းတစ်ကွက်နှင့် နိဂုံးတစ်ပိုဒ်မှလွဲ၍ ထူးထူးခြားခြား ဘာမှမပါဘဲ ဆရာတာရာ၏ ရုပ်ပုံလွှာကို ပြန်လည် ဘော်ချက်သော စာတစ်ပုဒ် ဖြစ်ပေသည်။ ဆိုးဝါးပေစွ။ ပေးထားသော ခေါင်းစဉ်နှင့် ရေးထားသောစာမှာ ဘယ်လိုမှကို အဆက်အစပ် မရှိ။ အပေါ်က တိုက်ပုံဝတ်ထားပြီး အောက်က ဂျင်းဘောင်းဘီရှည်ကြီးနှင့် ဖြစ်နေသကဲ့သို့ပင်။ ဗိုလ်ချုပ် တကယ်ရိုင်းသလား ဆိုသည်ကို ကျွန်တော်မသိ။ သေချာသည်ကတော့ ဤဆောင်းပါးကို ရေးသူ ငြိမ်းသစ် ကတော့ တကယ်ရိုင်းပေသည်။"
ကျွန်တော့်မှတ်ချက် လွန်ကောင်းလွန်နိုင်ပါသည်။ ရိုင်းကောင်းရိုင်းနိုင်ပါသည်။ စာဖတ်တဲ့လူတွေကို ဟိုလိုလို ဒီလိုလိုလုပ်ပြီး စော်ကားတာကတော့ အောက်တန်းကျလွန်းပါသည်။ အဲဒီဆရာ့ဆရာကြီး ငြိမ်းသစ်ဆိုသူများ ဒီပို့စ်ကို ဖတ်မိလို့ စိတ်တိုတိုနဲ့ အဲဒီကောင် ကိုဉာဏ်ဆိုတဲ့ကောင် မလောက်လေး မလောက်စားနဲ့ တော်တော်ရိုင်းတဲ့ကောင်ဟု ဆိုလျှင်လည်း ကျွန်တော်ကတော့ ဟုတ်ကဲ့ ကျွန်တော်အရိုင်းအစိုင်းပါဟု ပြန်ပြောမိမည်လား မဆိုနိုင်။
မဆီမဆိုင်ဟုပဲ ဆိုချင်ဆို။ ဥပမာတစ်ခု ပေးချင်ပါသေးသည်။ ဈေးထောင့်တစ်နေရာတွင် "လာနော်... လာနော်... အင်္ကျီတွေ တစ်ထည်မှ တစ်ရာပဲ၊ တစ်ထည်မှ တစ်ရာပဲ" ဆိုပြီး အော်ရောင်းနေသည့် ဈေးသည်ကဲ့သို့ ဖြစ်မည်ထင်သည်။ အင်္ကျီတစ်ထည်ကို တစ်ရာဆိုတော့ ဘာပဲပြောပြော အိမ်နေရင်းဖြစ်စေ၊ အလုပ်ကြမ်းလုပ်ရင်းဖြစ်စေ၊ လယ်ထွန်ရင်းဖြစ်စေ၊ ကုန်ထမ်းရင်းဖြစ်စေ၊ ဆိုက်ကားနင်းရင်းဖြစ်စေ၊ မြင်းလှည်းမောင်းရင်းဖြစ်စေ ၀တ်လို့ရတာပဲ၊ ၀င်ကြည့်ဦးမှ၊ ၀င်ရွေးဦးမှပဲ ဆိုပြီး ကြီးကြီးငယ်ငယ် ပုပုရွရွတို့ အလုအယက် လာကြမည်။ အင်္ကျီကို ရွေးနေကာကျမှ အစ်မကြီးယူပါ၊ အဲဒါက ငါးရာပါ၊ အစ်ကိုကြီးယူပါ အဲဒါက တစ်ထောင်ဖိုး သုံးထည်ပါဟု ပြောမည်။ မင်းအော်တော့ အင်္ကျီတစ်ထည် တစ်ရာဆိုဟု ဈေးဝယ်တွေက စိတ်တိုတိုနဲ့ မေးမည်။ ထိုအခါ ရောင်းသူက ဟာ... အစ်ကိုကြီးကလဲ၊ အစ်မကြီးကလဲ ဒီခေတ်ကြီးမှာ အင်္ကျီတစ်ထည်ကို တစ်ရာနဲ့ ရမလားဗျ။ လက်ဖက်ရည်တောင် တစ်ခွက်ကို သုံးရာလောက် ဖြစ်နေတာကို။ တစ်ထည်တစ်ရာက ဟိုထောင့်က ကလေးဝတ်အင်္ကျီတွေကို ပြောတာဆိုပြီး မွေးကာစကလေး ၀တ်သည့် လက်တစ်ထွာခန့် အင်္ကျီလေးတွေကို ခပ်တည်တည်နှင့် လက်ညှိုးထိုးပြမည်။ ပြီးလျှင် အဲဒီဈေးသည်ဆိုတဲ့ကောင်ကပဲ ဈေးဝယ်သူကို ဘာလဲကွာ... အလကားနေရင်း ပေါချောင်ကောင်း လိုချင်တဲ့ကောင်နဲ့ လာတွေ့နေသေးတယ်ဆိုပြီး အထင်သေးမျက်လုံးနဲ့တောင် ကြည့်လိုက်ဦးမည်။ ကဲ... ဈေးဝယ်တဲ့လူရဲ့ နေရာကနေ စဉ်းစားကြည့်ပါဦး။ အင်္ကျီတစ်ထည် တစ်ရာမက တန်တာကိုတော့ ဈေးဝယ်တဲ့လူတွေက သိတာပေါ့ခင်ဗျာ။ ထမင်းစားနေတဲ့လူတွေပဲ။ ဟိုဟာစားတာမှ မဟုတ်တာ။ ဒါပေမယ့် ဈေးရောင်းတဲ့လူက ဘာကိစ္စ အင်္ကျီတွေ တစ်ထည်မှ တစ်ရာ လို့ အော်ရသလဲ။ လာဝယ်တဲ့လူကို အပြစ်တင်သင့်ပါသလား။ ဈေးရောင်းသူ၏ လှည့်ကွက်သည်ဘာလဲ၊ ဈေးဝယ်သူ၏ အဖြစ်သည် ဘာလဲဆိုတာကို ယခုစာဖတ်သူ တွေးကြည့်နေမိမည်ဟု ကျွန်တော်ကိုဉာဏ် ယုံကြည်နေမိပါသည်။ သင့်အတွေး၊ သင့်အမြင်များကိုလည်း ဖတ်လို၊ ကြားလိုပါကြောင်းခင်ဗျား။ ကျေးဇူးတင်ပါသည်။
စာကြွင်း။ ဖြစ်နိုင်မယ်ဆိုရင်လေ သူများတွေ ပြောပြောနေကြတဲ့ ဒီမိုကရေစီစစ်စစ် ဆိုတာကြီးကို ကျွန်တော်ကိုဉာဏ် အခုချက်ချင်းတောင် ရလိုက်ချင်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ အတွင်းခံတွေ၊ ဘော်လီတွေ၊ ခေါင်းစည်းတွေ၊ စွပ်ကျယ်တွေ၊ ဖင်ထိုင်ခုံစွပ်တွေ၊ ဘီယာပုလင်းတွေ၊ အရက်ပုလင်းတွေများ ထုတ်လာကြမလားလို့ တွေးမိလို့ပါ။ သြော်... စိတ်တိုသလားဗျ... ခင်ဗျားက သာမန်ပြည်သူတွေး တွေးတာကိုး။ ပြုံးနေတာလားဗျ... ခင်ဗျားက စီးပွားရေးအမြင် တယ်ရှိတာကိုး။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ မတ်လ ၈ ရက်၊ အင်္ဂါနေ့။
ညနေ ၄ နာရီ ၄၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment