ကံ၊ စိတ်၊ ဥတု၊ အာဟာရ မပြည့်စုံတာကြောင့်လား၊ အခန့်မသင့်တာလား၊ ဖြစ်ချိန်တန်လို့ ဖြစ်တာလား မပြောနိုင်သော်လည်း သေချာသည်ကတော့ ယခု ကျွန်တော်ကိုဉာဏ် ခါးနာသည့်ဝေဒနာဖြင့် ဆေးရုံပေါ်သို့ ရောက်နေပါသည်။
ဖြစ်ပုံကတော့ ဆန်းတော့ဆန်းသားခင်ဗျ။ ကြာသပတေးနေ့ ရုံးမှပြန်ခါနီး စာရေးစားပွဲမှ အထတွင် ခါးမျက်ခနဲ ဖြစ်သွားခဲ့ရာမှ ညနေပိုင်းတွင် ဘယ်လိုမှ လမ်းမလျှောက်နိုင်တော့သည့် အခြေအနေအထိ ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။ ဆေးလိမ်း၊ ဆေးထိုး၊ ဆေးစား ပြုလုပ်ပါသော်လည်း မသက်သာပါသဖြင့် နောက်တစ်နေ့နံနက်တွင် ဆရာဝန်၏ ညွှန်ကြားချက်နှင့်အညီ ဆေးရုံတက်ရန်မှတစ်ပါး အခြားမရှိခဲ့ပါ။
ဘေးမှ လူနှစ်ယောက် တွဲကူမှုမပြုလျှင် ဘယ်လိုမှ မတ်တတ်မရပ်နိုင်လောက်အောင် ခါးက နာနေသဖြင့် ကိုယ့်ကိုယ်ကိုယ်လည်း အတော်လေးတော့ စိုးရိမ်မိပါသည်။ ဆရာဝန်မဟုတ်သကဲ့သို့ ဆေးပညာရှင်လည်း မဟုတ်သည့်အတွက် ခါး၏ အသုံးဝင်ပုံ၊ ထိခိုက်နိုင်ပုံ၊ အကျိုးအပြစ်များကို သေချာမသိသော်လည်း ဘောလုံးသမားတစ်ဦး ဖြစ်သည့်အတွက် ခါးမကောင်းလျှင် ပွဲပျက်ပြီ ဆိုသည်ကိုတော့ သေချာသိနေပါသည်။ ဟုတ်သည်လေ၊ ဘောလုံးအသင်းတွင် ခါးဟုခေါ်သည့် အလယ်တန်းက ဘောလုံးဖြန့်ဝေမှု၊ ဘောလုံးထိန်းသိမ်းမှု၊ ဘောလုံးလမ်းကြောင်းခင်းပေးမှု၊ အခွင့်အရေး ဖန်တီးပေးမှု မပြုနိုင်လျှင် ရှေ့တန်းနှင့် နောက်တန်းတို့သည် ဖရိုဖရဲနှင့် ဖြစ်ချင်တိုင်း ဖြစ်ကုန်ကျပါတော့သည်။ ဘောလုံးအသင်း အနိုင်ရရန် အလယ်တန်း၏ အရေးပါမှုသည် အခြားနေရာများထက် ပိုသည်ကတော့ သေချာသည်ပင်။
ဆေးရုံကို ရောက်ရောက်ချင်းနေ့ကဆိုလျှင် သေချင်စိတ်ပင် ပေါက်မိပါသည်။ ခြေဖျားလေးမှ ထောက်လို့မရ၊ တစ်ခုခုကိုမှ အားစိုက်ပြီး ကိုင်မလို့မရ၊ လှမ်းကောက်လို့မရ၊ ချောင်းဆိုးလို့မရ၊ ရယ်လို့မရ၊ နှာချေလို့မရ၊ နောက်ဆုံး အသက်ပြင်းပြင်း ရှူလျှင်ပင် ခါးရိုးဆီက တဆစ်ဆစ်ကိုက်ရသည့်ဘ၀။ လူဆိုတော့လည်း လူပီသသည်ပေါ့လေ။ ဖြစ်လာတဲ့အချိန်ကျမှ သြော် ကျန်းမာရေးဟာ တကယ့်ကို အရေးကြီးပါလားပေါ့။ (ဒါတောင်မှ စမ်းသပ်စစ်ဆေးမှုများအရ ခါးရိုး၊ ခါးဆစ် ဘာတစ်ခုမျှ ထိခိုက်ခြင်းရှိသည်မဟုတ်သေး။ ခါးရိုးကြွက်သား ဒဏ်ပိသည်ဆိုလား)
ဆေးရုံနံ့၊ ပိုးသတ်ဆေးနံ့တို့က ပုံမှန်ရှူရှိုက်နေကျ ဘာနှင့်မျှမတူသော အနံ့အသက်များတည်း။ သို့သော် အံ့သြစရာ ကောင်းလောက်အောင်ပင် အဆိုပါအနံ့များနှင့် တစ်ညအတွင်းမှာ ကျွန်တော်ကျင့်သားရသွားသည်။ ဆေးရုံနံ့ကြီးရနေလို့ စိတ်အနှောင့်အယှက် ဖြစ်နေရတာမျိုး မရှိတော့။ ဆေးရုံက အတော်ကြီးကို သန့်ပြန့်တာလည်း ပါပါသည်။ မကောင်းတာတွေ့တိုင်း အပြစ်ပြောနေကျ ကျွန်တော့်အနေနဲ့ ဆေးရုံရဲ့ သန့်ရှင်းသပ်ရပ်မှုကို အမှတ်ပြည့် ပေးမိပါတယ်။ အခန်းတွေက သန့်သန့်ရှင်းရှင်း၊ ခန်းဆီးစိမ်းလေးတွေကလည်း သန့်သန့်ပြန့်ပြန့်၊ ရေချိုးခန်းအိမ်သာကလည်း စိတ်ကျေနပ်စရာအတိ၊ ဘုရားခန်းကလည်း သန့်သန့်ရှင်းရှင်း၊ ဘုရားပန်း၊ ဆီးမီးတို့ဖြင့် အေးချမ်းလှသည်။
စိတ်အညစ်ရဆုံးက လုံးဝလှုပ်လို့မရတဲ့ အနေအထားပါ။ ဘေးနားမှာ လူနှစ်ယောက်မှ မရှိရင် အိပ်ရာပေါ်မှာတောင် ငုတ်တုတ်ထိုင်လို့မရဘူး။ ကိုယ့်စိတ်နဲ့ သူများကိုယ်လို့တောင် ပြောလို့မရဘူး။ သူများက ထူချင်၊ တွဲချင်ပေမယ့် ကိုယ်က ထချင်စိတ်၊ ထိုင်ချင်စိတ်ကို လုံးဝမရှိတော့တာ။ နည်းနည်းလေး လှုပ်လိုက်တာနဲ့ နာကျင်ရမယ်ဆိုတာ သိနေတော့ မလှုပ်မယှက် အသေကောင်လိုပဲ နေချင်မိတော့တယ်။
နောက်ထပ် အကြောက်ဆုံးကတော့ အစာစားရမှာကိုပါ။ လူဆိုတာ အစာမစားဘဲ နေလို့မှ မဖြစ်ဘဲ၊ ဘာဖြစ်လို့လဲလို့ မေးစရာ ရှိပါတယ်။ ခံတွင်းပျက်နေလို့လားပေါ့။ မဟုတ်ပါဘူး။ အစာစားခြင်းရဲ့ နောက်ဆက်တွဲကို မခံစားနိုင်လို့ပါ။ (ကန်တော့ပါရဲ့ဗျာ) အိမ်သာတက်ခြင်း အလုပ်ကို ကြောက်လို့ပါ။ အပေါ့သွားတာက ဘာမှပြဿနာမရှိပေမယ့် အိမ်သာတက်တဲ့အလုပ်ဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို ငရဲခန်းပါပဲခင်ဗျာ။ အိမ်သာတစ်ခါတက်ဖို့အရေး ၄၅ မိနစ်လောက် ကြိုးစားရတယ်ဆိုရင် စာဖတ်တဲ့လူတွေက အံ့သြမိကြ၊ မယုံနိုင် ဖြစ်ကြမှာပါပဲ။ တကယ့်ကို အဲဒီအတိုင်းပါဗျာ။ အိမ်သာကြွေကမုတ်ရှေ့မှာ မတ်တပ်ကြီးရပ်ပြီး ဘယ်လိုထိုင်ရမလဲဆိုတာကို စဉ်းစားရတာက ၁၀ မိနစ်လောက်ကြာတယ်။ အိမ်သာနံရံကို လက်နဲ့ကိုင်ပြီး ထိုင်ဖို့ကြိုးစားလိုက်၊ ဆစ်ခနဲနာလို့ ပြန်ပြီးခါးဆန့်လိုက်၊ ၃ မိနစ်လောက်နေရင် တစ်ခေါက်ပြန်ပြီး ခါးကိုင်းကြည့်လိုက် စူးခနဲ နာသွားတော့ မျက်နှာရှုံ့မဲ့ အံကြိတ်ပြီး မတ်တတ်ရပ်လိုက်၊ ၀ဲလာတဲ့ မျက်ရည်တွေကို သုတ်လိုက်၊ ဘယ်လောက်များ ငရဲကျလိုက်သလဲဆိုတာ စဉ်းစားသာ ကြည့်ပါတော့ဗျာ။ ပိုဆိုးတာက ၄၅ မိနစ်လောက် ကြိတ်မှိတ်ကြိုးစားပြီး အိမ်သာကမုတ်ပေါ် ထိုင်နိုင်အောင် လုပ်နိုင်ခဲ့ပေမယ့် ကမုတ်ပေါ်မှာ လုံးဝကို ဟိုဒီလှည့်လို့မရတာပါပဲ။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ဒီခါးပေါ်ကို တင်ထားလိုက်ရတာကိုး။ နံရံတွေကိုအတင်းတွန်း၊ ရေတိုင်ကီနှုတ်ခမ်းကို အတင်းဆွဲထားပြီး အတင်းအံကြိတ် အနာခံပေမယ့်လည်း ဒီလောက်နာကျင်နေတော့ စောစောက အိမ်သာတက်ချင်တဲ့စိတ်က ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ဟူး… တကယ့်ကို လောကငရဲပဲဗျို့။
ကဲ… စိတ်ညစ်စရာတွေချည်းပဲဆိုတော့ စာဖတ်သူလည်း စိတ်ညစ်တဲ့ဓာတ်တွေ ကူးသွားရောပေါ့။ ဆေးရုံပေါ်မှာဆိုတော့ ဘယ်မှာလာပြီး ပျော်စရာရှိမှာလဲလို့ မထင်လိုက်ပါနဲ့ဦးဗျာ။ ပြောပြပါရစေဦး။
(၁) ခုတင်ပေါ်မှာ မထတမ်းအနားယူ၊ သဲအိတ်တွေဆွဲ၊ ဆေးမှန်မှန်သောက်၊ အနန္တောအနန္တငါးပါး ကျေးဇူးကို အာရုံပြုပြီး နေလိုက်တဲ့အတွက် နှစ်ရက်လောက်ပဲ ဆိုးဆိုးဝါးဝါး ခံစားလိုက်ရတယ်။ တတိယရက်မှာ လမ်းတွေဘာတွေ စမ်းလျှောက်နေပြီ။ အခုဆိုရင် ဘေးနားက အဆောင်တွေကိုတောင် လျှောက်လည်နေပြီ။ ညကျရင် မန်ယူပွဲ သွားအားပေးရဦးမယ်။ လူနာဧည့်ခန်းမမှာ တီဗီနဲ့ စကိုင်းနက် ထားပေးတယ်လေ။
(၂) လောကငရဲလို့ ကျွန်တော်တင်စားတဲ့အထိ နာကျင်ခဲ့ရပေမယ့် ဆေးရုံတက်ရတဲ့ ကာလတွေမှာ ကျွန်တော် လုံးဝ စိတ်ဓာတ်မကျခဲ့ဘူး။ အဲဒီအချက်ကို ကျွန်တော် အကျေနပ်ဆုံး၊ အပျော်ရွှင်ဆုံးပဲ။ နေ့စဉ် ဗာဟီရ ကိစ္စတွေနဲ့ နည်းနည်းချင်းသာ ဖတ်ခဲ့ရတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေကို တစ်ဝကြီး ကျေကျေညက်ညက် ဖတ်ရှုခွင့်ရခဲ့တာကြောင့်ပါ။ လင်္ကာရည်ကျော်ရဲ့ သိင်္ဂါရအလှည့် ၀တ္ထုတိုပေါင်းချုပ်၊ ကျော်ဝင်း ရဲ့ အဝေးမြင် (လူများ၊ နေရာများနှင့် နိဒါန်းများ)၊ နေ့စဉ်ထုတ်ဂျာနယ်များ၊ သတင်းစာများ ဖတ်ဖြစ်ခဲ့တယ်။ ကွန်ပျူတာထဲမှာ ထည့်သိမ်းထားပြီး တစ်ခါတစ်လေမှ နားထောင်ဖြစ်တဲ့ စာပေဟောပြောပွဲ အခွေတွေအားလုံးကို တစ်ညလုံး နားထောင်ရင်းအိပ်လိုက်၊ ပြန်နားထောင်လိုက် လုပ်ဖြစ်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်ရေးချင်တာတွေကို ပုံစံချနိုင်ခဲ့တယ်၊ အကြမ်းရေးဖြစ်ခဲ့တယ်။ ကဲ… ကျွန်တော့်မှာ စိတ်လွတ်ကိုယ်လွတ် ကျန်းကျန်းမာမာ လုပ်ရတာ မဟုတ်တာကလွဲရင် ဘယ်မှာများ စိတ်ဓာတ်ကျစရာ ရှိသလဲဗျာ။ ကျွန်တော်သိလိုက်ရတာတစ်ခုက လုပ်စရာရှိနေတဲ့လူဟာ ဘယ်တော့မှ စိတ်ဓာတ်မကျနိုင်ဘူးဆိုတာပဲ။ ဟုတ်တယ်… ကျွန်တော့်မှာသာ စာဖတ်ချင်တဲ့စိတ်တွေ၊ စာရေးချင်တဲ့စိတ်တွေ မရှိဘူးဆိုရင် အိပ်ရာပေါ်မှာ ပက်လက်ကြီးလှဲပြီး ဟိုတွေးဒီတွေးနဲ့ အတော်ကြီးကို စိတ်ဓာတ်ကျချင်စရာကြီးပဲလို့ တွေးမိပါတယ်။
(၃) လူက ပေကပ်ကပ်၊ ဂျစ်ကန်ကန်၊ မဟုတ်မခံ၊ ခေါင်းမာတတ်သလောက် ကိုယ်ယုံကြည်တာတစ်ခုကို ဘယ်တော့မှ အလျှော့မပေးတတ်သူဆိုတော့ ကိုယ့်ကို လေးစားတာတွေ၊ ချစ်တာခင်တာတွေကိုလည်း သိပ်ပြီး ဂရုစိုက်လှတာမဟုတ်ဘူး။ ဒါပေမယ့် ဆေးရုံတက်ရတော့မှပဲ ကိုယ့်ကို ချစ်သူခင်သူတွေ ရှိပါသေးလားဆိုပြီး ကြည်နူးစိတ်တော့ ဖြစ်မိသားဗျ။ မေတ္တာတရားကို ကျွန်တော်ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ဖူးပါဘူး။ အလေးဂရုမပြုခဲ့တာသာ ဖြစ်ပါလိမ့်မယ်။ သတင်းမေးသူတွေ၊ ဖုန်းဆက်သူတွေ၊ ဖတ်နေကျ ဂျာနယ်တွေကို နေ့စဉ်ရောက်အောင် ပို့ပေးတဲ့သူငယ်ချင်းတွေ၊ ကိုယ်တိုင်ကိုယ်ကျ သတင်းလာမေးသူတွေ၊ စားစရာတွေ လာပေးသူတွေ၊ စိတ်ပူပေးသူတွေ၊ အကြံဉာဏ်ပေးကြသူတွေ၊ ဆေးရုံက ခင်မင်တဲ့ အသိဆရာဝန်တွေကို ဂရုစိုက်ပေးဖို့ အပ်နှံပေးကြသူတွေ၊ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကဲ… ဘ၀ဟာ ဘယ်လောက်များ နေပျော်ဖို့ ကောင်းသလဲ။
(၄) အိုး… ပျော်စရာအကောင်းဆုံးအချက်ကို ပြောဖို့မေ့နေတယ်။ အံ့သြဖို့တော့ စိတ်မကူးပါနဲ့ဗျာ၊ ထို့အတူ မနာလိုစိတ်လည်း မဖြစ်ပါနဲ့ဗျာ။ ကျွန်တော့်အခန်းကနေ အင်တာနက်သုံးလို့ရတာပါပဲ။ ၀ိုင်ယာလက်(စ) မိနေတယ်ခင်ဗျ။ အစကတော့ သတိမထားမိပါဘူး။ တစ်ညကမှ အမှတ်မထင် ကြည့်မိရင်းက ၀ိုင်ယာလက်(စ) ကွန်နက်ရှင်းမိနေတာ သွားတွေ့တာပါ။ ကျွန်တော့်စိတ်ထဲမှာ ဒီနေရာနဲ့ ဒီအင်တာနက် ဘယ်လိုမှ မထင်ထားမိဘူးလေဗျာ။ password ခံထားတဲ့အတွက် လိုက်မေးကြည့်တော့မှ ဌာနမှူးသုံးမှန်း သိရတယ်။ သူငယ်ချင်းဆရာဝန်ကပဲ ဖုန်းလှမ်းဆက်ပြီး မေးမြန်းပေးတဲ့အတွက် ဌာနမှူးက ကြည်ကြည်ဖြူဖြူပဲ သုံးခွင့်ပြုပါတယ်။ နားလည်ပေးမှုအတွက် ကျေးဇူးပါခင်ဗျား။ ကဲ… မခက်ချေဘူးလား၊ အဆောင်ကနေ ကျွန်တော့်ကို လူမမာလာမေးတဲ့ သူငယ်ချင်းတွေက မသိတဲ့သတင်းတွေကို ကျွန်တော်က သူတို့လာရင်ပြောပြတော့ သူတို့ခမြာ ပါးစပ်တွေအဟောင်းသားနဲ့ အံ့တွေသြလို့၊ ခင်ဗျားတို့ကို မြင်စေချင်လိုက်တာ။ ကွန်နက်ရှင်းက နှေးပေမယ့် "စိတ်ရှည်ဇွဲသန်သည်းညည်းခံ သုံးရန်အင်တာနက်" ဆိုတဲ့ မြန်မာအင်တာနက်ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး သုံးစွဲတော့ အဆင်ပြေပါတယ်။ ဘလော့ဂ်ကို ပို့စ်တွေ တင်ဖြစ်တယ်။ အီးမေးလ်တွေ ဖတ်ဖြစ်တယ်။ ဘောလုံးပွဲသတင်းတွေ ဖတ်ဖြစ်တယ်။ မြန်မာလူငယ်အသင်း နိုင်ပွဲဆက်နေတာတွေဖတ်ပြီး အားအင်တွေတိုးရတယ်။ စိတ်ဓာတ်တွေ တက်ကြွရတယ်။ ဒါကြောင့် စိတ်ထဲကနေ မကြာခဏ ကြုံးဝါးမိတယ်။ " ငါဟဲ့ ၂၁ ရာစု လူနာ " လို့။
သောကြာနေ့က ဆေးရုံတက်ခဲ့တဲ့ကျွန်တော် အခုတော့ အတော်ကြီးကို သက်သာကျန်းမာနေပါပြီဗျာ။ အစာစားရမှာလည်း မကြောက်တော့ဘူး၊ လမ်းလျှောက်ရမှာလည်း မစိုးရိမ်တော့ဘူး။ တစ်ယောက်တည်းလည်း ကိုယ့်ဘာသာကိုယ် ထိုင်နိုင်၊ ထနိုင်၊ ရပ်နိုင်၊ သွားနိုင်နေပါပြီ။ အခုပဲ ဘလော့ဂ်အတွက် ဒီပို့စ်ကို ရေးနေပါတယ်။ ခဏနေရင် ဘလော့ဂ်မှာ တင်ပါ့မယ်။
ကိုရီးယားဇာတ်လမ်းတွေထဲကလို ပြောရင်းနဲ့ နိဂုံးချုပ်ပါရစေ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ မတ်လ ၄ ရက်၊ တနင်္ဂနွေနေ့။
ည ၇ နာရီ ၁၅ မိနစ်။
ခေတ္တ - အရိုးရောဂါ ကုသဆောင်။
No comments:
Post a Comment