(၁)
မြန်မာရုပ်မြင်သံကြားမှာ သတင်းကြေညာတဲ့သူတွေဟာ Laptop ကွန်ပျူတာလေးတွေကို ရှေ့မှာချထားပြီး သတင်းကြေညာပြီးသား စာရွက်တွေကို အဲဒီကွန်ပျူတာပေါ် တင်ကြတာကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ Laptop ကို စာရွက်တင်စရာအဖြစ် သဘောထားတာ၊ အသုံးပြုတာ ကျွန်တော်တို့နိုင်ငံမှာပဲ ရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်ယောက်ကများ "မင်းတို့ဆီက သတင်းကြေညာတဲ့လူတွေက စာရွက်ကြည့်ဖတ်ပြီး သတင်းကြေညာကြတာပဲ၊ အဲဒီ Laptop တွေကို ဘာကိစ္စ စားပွဲပေါ်မှာ တင်ထားတာလဲ" လို့ လာမေးရင် ကျွန်တော်ဘာဖြေရမှန်း မသိဘူး။ "စာရွက်တင်တာ ခင်ဗျ" လို့ မျက်နှာချိုလေးသွေးပြီး ပြောရမယ်ထင်ပါ့။ ခင်ဗျားတို့ကို လာမေးရင်လည်း ဘယ်လိုဖြေကြမလဲဆိုတာ ကြိုတင်စဉ်းစားထားကြပါလို့ အကြံပေးလိုကြောင်းပါခင်ဗျား။
(၂)
မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာတဲ့အချိန်မှာ သတင်းကြေညာသူတွေနောက်က နောက်ခံအဖြစ် ပြနေတဲ့ slide တွေဟာ ဘယ်တော့မှ မပြောင်းမလဲဘဲ ဒီပုံ၊ ဒီမြင်ကွင်းတွေချည်းပဲ ဖြစ်နေတာကိုလည်း နားမလည်နိုင်ပါဘူး။ နှင်းဆီပန်းပုံကြီးလာမယ်၊ တံတားကြီးပြမယ်၊ ရေတွေဖွေးနေတဲ့ ဆည်တစ်ခုကို ပြမယ်၊ စပါးပင်တွေကိုပြမယ် ဒါတွေပဲ looping ဖြစ်နေတယ်။ မြန်မာပြည်မှာ ပြစရာ ဒီလောက်ပဲ ရှိသလားဆိုတာကို ကိုယ့်ဘာသာကိုယ် ဘယ်လိုမှကို တွေးလို့မရဘူး။
(၃)
ပြောလက်စနဲ့ မြန်မာ့ရုပ်မြင်သံကြားကိုပဲ ဆက်ပြောပါရစေဦး။ နိုင်ငံ့အကြီးအကဲတွေ ပြည်ပနိုင်ငံတွေကို ချစ်ကြည်ရေးခရီးစဉ်တွေ သွားရောက်တဲ့အခါမျိုးမှာ ကြေညာတဲ့သတင်းအထိ ဘာမှပြောစရာမရှိပါဘူး။ "နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘယ်နိုင်ငံ ဘယ်သူ၏ ဖိတ်ကြားချက်အရ ဘယ်နေ့ ဘယ်ရက်တွင် ဘယ်လေဆိပ်မှ ထွက်ခွာသည်။ ဘယ်သူတွေ လိုက်ပါပို့ဆောင်တယ်" စသည်ဖြင့်ပေါ့လေ။ ချစ်ကြည်ရေးအဖွဲ့ ပြန်ရောက်လာရင်လည်း ပြဿနာမရှိသေးပါဘူး။ "သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်နေ့ ဘယ်ရက်က ဘယ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ဘယ်လေဆိပ်မှာ ဘယ်သူတွေ ကြိုဆိုခဲ့ကြောင်း" စသည်ဖြင့်ပေါ့လေ။ အဲ… ကျွန်တော်နားမလည်တာက ပြန်ရောက်ပြီး နောက်နေ့ဆိုရင် စတော့တာပဲ။ သမ္မတကြီး ပြည်ပခရီးစဉ်က ပြန်ရောက်ပြီဆိုတာနဲ့ ခရီးစဉ်အတွင်း သမ္မတကြီးအပါအ၀င် လိုက်ပါသွားတဲ့ ကိုယ်စားလှယ်တွေ ဘယ်သူတွေနဲ့ တွေ့တယ်၊ ဘယ်နေရာတွေ သွားလေ့လာတယ်၊ ဘာစာချုပ်တွေ လက်မှတ်ရေးထိုးတယ် စသည်ဖြင့် သတင်းအဖြစ် ပြန်လည်ထုတ်လွှင့်တဲ့ အစီအစဉ်ပေါ့လေ။ သတင်းကြေညာတဲ့လူတွေက "ဘယ်နိုင်ငံ၌ ချစ်ရေးကြည်ခရီး ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘယ်နေ့ ဘယ်ရက်က ဘယ်သူနှင့် တွေ့ပါသည်" ဆိုတဲ့ သတင်းကို ဘယ်လိုမှကို နားလည်လို့ မရဘူး။ "ဘယ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော" တို့၊ "ဘယ်နိုင်ငံသို့ ရောက်ရှိနေသော" တို့ စတဲ့ အသံတွေကြားလိုက်တိုင်း "ဟင်… ငါတို့သမ္မတကြီးကလည်း မနေ့ကမှ ချစ်ကြည်ရေးခရီးက ပြန်ရောက်တယ်၊ ထပ်သွားပြန်ပြီလား" လို့ တွေးမိတယ်။ အဲဒီလို ကြေညာတာဟာ တစ်ရက်လည်း မဟုတ်ဘူး။ ခရီးစဉ်သွားခဲ့သမျှကို သတင်းအဖြစ်နဲ့ သုံးရက်၊ လေးရက် အဲဒီလို ကြေညာတာ။ အဲဒီလို ကြေညာတိုင်းလည်း "ဘယ်နိုင်ငံ၌ ရောက်ရှိနေသော" ဆိုပြီး ပြောမြဲပြောဆဲ၊ ကြေညာမြဲ၊ ကြေညာဆဲ။ သတင်းကြည့်နေတဲ့ ကိုယ်တွေကသာ တစ်မျိုးကြီး ဖြစ်နေတာ၊ သူတို့ကတော့ ခပ်တည်တည်ပါပဲခင်ဗျ။ ကဲ…ကျွန်တော်မပြောဘူးလား။ ကျွန်တော်ကိုက နားမလည်နိုင်တာပါလို့။
(၄)
လစားတိုးမယ်ဆိုတာက ဘယ်နေမှန်း မသိသေးဘူး။ စားသောက်ကုန်တွေကတော့ ဈေးနှုန်း တိုးသွားရှာကြပြီ။ ၀န်ကြီးတွေကလည်း လစာတိုးပေးရင်ပဲ တိုင်းပြည်က ဟိုဟာဖြစ်တော့မလို၊ ဒီဟာဖြစ်တော့မလို ပြန်ဖြေကြတာကို သတင်းစာတွေမှာဖတ်ရ၊ ရုပ်မြင်သံကြားသတင်းတွေမှာ ကြည့်ရတော့ ကျွန်တော်တို့ ၀န်ထမ်းတွေခမြာ ထိုင်ရမလို၊ ထရမလိုနဲ့ ဟိုမရောက် ဒီမရောက် ကုန်းကွကွကြီး ဖြစ်နေတော့တာပေါ့။ ကုန်းကွကွကြီး ဖြစ်နေပြီဆိုမှတော့ ထုံးစံအတိုင်း အစိုးရနဲ့ ကုန်သည်တွေကြားမှာ ၀န်ထမ်းတွေက ငထွားခါးနာတဲ့ကိန်း ဆိုက်တော့တာပေါ့ခင်ဗျ။ ငှက်ပျောသီး ၀ယ်စားနေကျ ဈေးသည်မလေးက အရင် သုံးလုံးကို နှစ်ရာနဲ့ ရောင်းနေကျကို၊ မနေ့က သွားဝယ်တော့ တစ်လုံးတစ်ရာ၊ လုံးဝမလျှော့နိုင်ဘူးတဲ့။ ဟင်.. ဘာဆိုင်လို့တုန်း ဆိုတော့၊ အစ်ကိုရေ… လစာတွေတိုးမယ်ဆိုတော့ ကုန်ဈေးနှုန်းတွေ တက်သွားတယ်လေတဲ့။ ကျွန်တော်ကလည်း ပြန်မေးရတယ်၊ အေးလေ၊ တခြားကုန်တွေက တက်တာထားပါတော့၊ ညည်းငှက်ပျောသီးက ပြည်ပကနေ သွင်းတာလည်းမဟုတ်၊ အခွန်ဆောင်ရတာလည်း မဟုတ်၊ အိမ်မှာစိုက်ထားတဲ့ ငှက်ပျောပင်က ငှက်ပျောသီးကို ခူးရောင်းတာပဲ ဘာဖြစ်လို့ တက်ရတာလဲဆိုတော့ အဲဒီကလေးမလေးကလေ.. ကျွန်တော့်ကို တုံးလိုက်၊ အ,လိုက်ပြန်ရော ဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ဘာပြန်ပြောတယ် ထင်သလဲဗျ။ "အစ်ကိုရယ်… ငှက်ပျောသီးကတော့ ဟုတ်တာပေါ့၊ ကျွန်မတို့ ၀ယ်စားရတဲ့ ဆန်တို့၊ ဆီတို့က အိမ်မှာ စိုက်တာမဟုတ်ဘူးရှင်" တဲ့။ ကဲ… ကောင်းရော။ ပေါက်ပင်တွေကကိုင်းလိုက်၊ ဗျိုင်းကနားလိုက်။
(၅)
သူငယ်ချင်းတစ်ယောက်နဲ့ စကားစမြည်ပြောရင်း နိုင်ငံအကြောင်း၊ နိုင်ငံ့အကြောင်း ရောက်သွားကြတယ်။ နိုင်ငံရေးကိစ္စဆိုတော့ သိတဲ့အတိုင်းပဲ ပြောမဆုံး၊ ငြင်းမဆုံး၊ ဆွေးနွေးမဆုံးပေါ့။ အချိန်အတော်ကြာ ဆွေးနွေးပြီးတဲ့ အခါကျတော့ သူငယ်ချင်းက မေးရှာတယ်။ "သူငယ်ချင်း၊ ငါတို့နိုင်ငံက ပြောင်းလဲနေတာဆိုတာ တကယ်လား" တဲ့။ ကျွန်တော်လေ ဘာပြန်ဖြေရမှန်းမသိအောင် ဆွံ့အသွားမိတယ်။ သူ့ကို ဘာမှပြန်မပြောဘဲ အသာလေးပဲ ပြုံးပြလိုက်မိတယ်။ သူပြန်သွားတဲ့အချိန်ကျမှ တွေးမိတယ်။ သူ့ကိုတော့ မပြောလိုက်ရဘူး။ "ကျွန်တော်တို့ နိုင်ငံကြီးက ပြောင်းလဲတယ်၊ မပြောင်းလဲဘူး ဆိုတာကို ကျွန်တော် မပြောလိုတော့ဘူး၊ သေချာတာတစ်ခုကတော့ ကျွန်တော့်သူငယ်ချင်းခမြာတော့ အရင်တုန်းက အတွေးအခေါ်တွေ၊ သံသယတွေ အခုအချိန်အထိ မပြောင်းလဲသေးဘူး" ဆိုတာပါပဲ။
(၆)
ဒီစာစုရဲ့ နောက်ဆုံးအနေနဲ့ ပညာရှိကြီးတစ်ဦးရဲ့ စကားအဆိုအမိန့်တစ်ခုနဲ့ အဆုံးသတ်ပါရစေ။ လူတိုင်းသိနေတဲ့ ပညာရှိစကားပါပဲ။ "ကျွန်တော်သေချာသိတာကတော့ ဘာမှမသိဘူးဆိုတာပါပဲ" တဲ့။ သူများတွေကတော့ ပြောကြတာပဲ။ သိပ်မှန်တာပဲတို့၊ ပညာရှိလိုက်တာတို့ စသည်ဖြင့်ပေါ့လေ။ ကျွန်တော့်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဘာမှမသိတာကိုတောင် မသိတဲ့ လူတစ်ယောက်အဖြစ် အခုအချိန်အထိ မိုက်ကောင်းဆဲ၊ မိုက်လို့ကောင်းဆဲ၊ မိုက်နေဆဲ….။ အဲဒါကြောင့် ပြောတာပေါ့။ ကျွန်တော် ကိုဉာဏ် ဘာမှမသိပါဘူးလို့။
ရွှင်လန်းချမ်းမြေကြပါစေဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၅၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment