ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန်
(ဘေးမှရပ်ကြည့်မနေနိုင်တော့သည့်လူတစ်ယောက်၏ အထူးစိုးရိမ်သောက)
ကျော်ဝင်း
အခါလည်လွန် ရင်တမမ
မြန်မာ့နွေဦး အခါလည်ကျော်လာသည်နှင့် ဘေးမှ ရပ်ကြည့်နေမြဲ စာရေးသူမှာ ရင်မနေရတော့သည်။ ဤအခိုက်မှာပင် ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ် အခြေစိုက် International Crisis Group ၏ ၂၀၁၂ ဧပြီ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော “ Reform in Myanmar: One Year On ” အမည်ရှိ စာတမ်းကိုဖတ်လိုက်ရရာ ပို၍ပင် ဂရုဓမ္မထားစောင့်ကြည့်နေမိသည်။ အဆိုပါ စာတမ်းက မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အံ့ဖွယ်အောင်မြင်မှုများကို မီးမောင်း ထိုးပြထားသလို ဖြစ်တန်ရာ စိန်ခေါ်ချက်များကိုလည်း ဖော်ထုတ်သတိပေးထားသည်။ ဆိုခဲ့ပါ စိန်ခေါ်ချက်များထဲမှ တစ်ခုမှာ ယခုလို “အပြောင်းအလဲများကြောင့် လူထု၏ မျှော်လင့်ချက်များမြင့်မားလာချိန်၊ ကာလတာရှည် ရှိနေခဲ့သော ထိန်းချုပ်မှုများလည်း လျော့ပါးလာချိန်၊ ဤကဲ့သို့သော အခြေအနေ အချိန် အခါမျိုးတွင် မတည်ငြိမ်မှုများ ထွက်ပေါ်လာနိုင်စရာ အလားအလာရှိပေသည်...”စသဖြင့်။
အားလုံးသိကြသည့်အတိုင်း အလုပ်သမားများ၏ သဘာဝကျသော လိုလားတောင်းဆိုမှုများ၊ မြို့ပြလူထု၏ ဖယောင်းတိုင်မီးကိုင် ဆန္ဒဖော်ထုတ်မှုများ၊ ကျောင်းသားလူငယ်များ၏ အနှစ်နှစ်အလလ မပြည့်ဝခဲ့ရသောချဉ်ခြင်း. .. စသည် စသည်များကို ဆက်တိုက်ဆိုသလို ကြားနေမြင်နေရရာ အရာအားလုံးကို စာနာနားလည်နိုင်သော်လည်း စိုးရိမ်မကင်းဖြစ်ရသည်များကိုမူ မတားနိုင်။ နိုင်ငံတကာအတွေ့အကြုံ များအရ နုနယ်သောဒီမိုကရေစီ၏ ကတိမ်းကပါးဖြစ်နိုင်ခြေများနှင့်နှိုင်းယှဉ်ချင့်တွက်ပြီး ဘုရားတနေရတော့သည်။ သို့နှင့်တိုင် စာရေးသူစိုးရိမ်သလိုကား မဖြစ်ခဲ့ပါ။ အခါလည်စ ကလေးငယ်မျှသာရှိသေးသော မြန်မာ့ဒီမိုကရေစီမှာ ဆိုခဲ့ပါ စိန်ခေါ်ချက်များကို အံ့သြဖွယ်ကောင်းလောက်အောင် လှလှပပဖြတ်ကျော်နိုင်ခဲ့ပါသည်။ ဤအတွက် ဒီမိုကရက်တစ် စိတ်ရှည်သည်းခံမှုကို လက်တွေ့ပြသ
ခဲ့ကြသော အစိုးရရော လူထုကိုပါ ချီးကျူးကျေးဇူးတင်မိသည်။
ဤသို့ သက်မချလို့မှ မဆုံးတတ်သေးမီမှာပင် နောက်ထပ်စိန်ခေါ်ချက်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်ကား ယခင်ကလို မဟုတ်လေတော့။
ဒီမိုကရက်တစ်စည်း ဘောင်များကိုကျော်ကာ အကြမ်းဖက်အသွင်အဖြစ် ဦးတည်လာသည်။ သာမန်တိုးမိတိုက်မိသည့် ၀ိရောဓိလေးမှာ မပြီးနိုင်၊ မစီးနိုင် ပြေချိန်တန်လို့မှ မပြေနိုင်ဖြစ်လေရာ ဆက်စပ်စဉ်းစားစရာတွေ မနည်းမနောရှိလာတော့သည်။ ဤကိစ္စမှာ သမိုင်းနှင့်ဆိုင်သလိုလက်ရှိ နိုင်ငံတကာအခင်းအကျင်းနှင့်လည်း ဆက်စပ်နိုင်သည်ဖြစ်ရာ မြန်မာ့ဇာတ်ပွဲတစ်ပွဲမှ သံဆန်းတစ်ပုဒ်လို “မပြေးသော် ကန်ရာရှိနေ၍၊ ဒွေးနှစ်ဖော် သံဝါညှိ” ကြသည်မျိုးပင်ဖြစ်ကောင်းဖြစ်လေမည်လား စဉ်းစားဖို့ရှိလာသည်။ အကယ်၍များ ညီနောင်သားချင်းချင်း အကျေအလည်ညှိကြရမည့် ဒီမိုကရက်တိုင်ဇေးရှင်း ထက်ကျော်ပြီး အမျိုးသားရေးပြဿနာဖြစ်လာမည်ဆိုလျှင် ခါတိုင်းလို ဘေးမှရပ်ကြည့်မနေနိုင်တော့ပါ။ နိုင်ငံသားတစ်ဦး၏ အထူးစိုးရိမ်သောကဟု ဆိုရတော့မည်ဖြစ်ပါသည်။
- ဇာစ်မြစ်နှင့် ဆက်စပ်အခြေအနေများ
နာမည်ကျော် အနာဂတ္တိ ဆရာဂျော့ဖရီးမင်းက သူ၏ အရောင်းသွက်စာအုပ် “ The Next 100 Years ” စာအုပ်တွင် ၂၁ ရာစုအတွင်း ပေါက်ကွဲလျှံကျလာနိုင်စရာရှိသည့် “ပထ၀ီနိုင်ငံရေး အန္တရာယ်လမ်းကြောင်းများ” ( Geopolitical Fault Lines) များကို ရေတွက်ပြရာ “ထိစပ်နယ်မြေများ” ( Borderlands ) ကို အထူးအန္တရာယ်တစ်ခုအဖြစ်ဖော်ပြထားပါသည်။ ထိစပ်နယ်မြေ ဆိုသည်မှာ သာမန်နယ်စပ်ဒေသ ( Frontier ) နှင့်မတူပါ။ အိမ်နီးချင်း နိုင်ငံနှစ်ခု၏ ဆက်စပ်နယ်မြေဖြစ်သည့်တိုင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ အကြိမ်ကြိမ်အပြောင်းအလဲရှိသည့်ဒေသမျိုးကို ဆိုလိုသည်။ ဤဒေသမျိုးတွင် ထွေပြားသောယဉ်ကျေးမှုပေါင်းစုံ ရှိနေတတ်သလို သစ္စာခံမှုအမျိုးမျိုးလည်း ရှိနေတတ်ရာ မတည်ငြိမ်မှု၏ ရေခံမြေခံများ အပြည့်ရှိနေ သည်ဟုဆိုပါသည်။ ရှုပ်ထွေးသော နိုင်ငံတကာဆက်စပ်အခြေအနေနှင့်ဆုံမိကြုံမိလျှင် ဤဒေသမျိုးရှိ သာမန်ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများသည်ပင် ဆိုးဆိုးရွားရွားအခြေအနေထိ ဦးတည်သွားတတ်သည်ဟုဆိုခဲ့ပါအနာဂတ္တိဆရာက သတိပေးထားသည်။ ဥပမာ-ပြင်သစ်နှင့် ဂျာမနီကြားမှ အဲလ်ဆက်နှင့်လော်ရိန်း၊ အိန္ဒိယနှင့်ပါကစ္စတန်ကြားမှ ကက်ရှ်မီးယား၊ ဆားဘီးယားနှင့် အယ်လ်ဘေးနီးယားကြားမှ ကိုဆိုဗိုစသည်တို့ဖြစ်သည်။ လက်ရှိမက္ကဆီကိုနှင့် အမေရိကန်နယ်စပ်မှာလည်း အလားတူ အန္တရာယ်ထိစပ်နယ်မြေဟု ထောက်ပြပါသည်။
မြန်မာနိုင်ငံတွင်လည်း ဤသို့သော ထိစပ်နယ်မြေမျိုး ရှိသလောက်ရှိသည်။ ယနေ့ပြဿနာ ကြုံနေရသော ဘူးသီးတောင်၊ မောင်တောဒေသမှာ ဤလိုနယ်မြေမျိုးဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာလည်း ကိုလိုနီစနစ်၏ အမွေဆိုးဟု ဆိုရပါလိမ့်မည်။ ပြောရလျှင် ဇာတ်၏အစမှာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပင်ဖြစ်သည်။
ဤစစ်ပွဲအပြီးမှာပင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အင်္ဂလိပ်ကိုလိုနီဖြစ်သွားခဲ့ရတော့သည်။ဤသည်နှင့် မရှေးမနှောင်းမှာပင် အင်္ဂလိပ်အစိုးရက မြေရိုင်းဝေငှသည့်ဥပဒေများပြဋ္ဌာန်းလိုက်သောအခါ စစ်တကောင်းနယ်မှ မွတ်ဆလင်ဘာသာဝင်များ အလုံးအရင်းနှင့် ၀င်ရောက်လာကြပြီး ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မင်းပြား၊ မြေပုံ စသည့်ဒေသတို့တွင် ရွာများတည်ထောင်နေထိုင်လာကြသည်။ ကနဦးကာလကမူ ရိုးသားအေးဆေးသော ရခိုင်တိုင်းရင်းသားများနှင့် မည်သည့်ပြဿနာမှရှိခဲ့သည် မဟုတ်ပါ။ အေးအတူပူအမျှ ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့ကြသည်သာဖြစ်ပါသည်။ သို့တစေ လူမျိုးသဘာဝအရ မွေးနှုန်းမတူသည့် အချက်ကရေရှည်တွင် အကွာအဝေးတစ်ခုဖြစ်တည်လာစေခဲ့သည်။ ၁၈၃၂ ခုနှစ်က စစ်တွေခရိုင်၏လူဦးရေမှာ တစ်သိန်းကျော်သာရှိခဲ့ရာမှ ၁၉၃၁ ခုနှစ်တွင် ခြောက်သိန်းကျော်ရှိလာပြီး ၁၉၄၁ ခုနှစ်တွင်မူ ခုနစ်သိန်းခွဲကျော်အထိတိုးပွားလာခဲ့သည်။ ဤသို့ တိုးပွားလာသည်မှာလည်း အဓိကအားဖြင့် စစ်တကောင်းသားများပင်ဖြစ်ရာ
၁၉၄၂ ခုနှစ် ဘူးသီးတောင်၊ မောင်တော၏ စစ်တကောင်းသားလူဦးရေမှာ သုံးသောင်းကျော်အထိဖြစ်လာပြီး မူလ တိုင်းရင်းသားရခိုင်တို့မှာ အနည်းစုဖြစ်လာတော့သည်။
ဤအချိန်လောက်မှစ၍ အနည်းစု အများစု တိုးမိတိုက်မိသည်များ စတင်လာခဲ့ခြင်းဖြစ်သည်။ ဤအခြေအနေကို ပို၍ ဆိုးရွားစေသည်မှာ ဒုတိယကမ္ဘာစစ်ကြီးပင်ဖြစ်သည်။ စစ်အစပိုင်း အင်္ဂလိပ်တပ်များ အဆုတ်တွင် စစ်တွေခရိုင်အတွင်း လက်နက်ခဲယမ်းအမြောက်အမြား ကျန်ရစ်ခဲ့ရာမှ သာမန် ၀ိရောဓိများမှာ လက်နက်ကိုင်အကြမ်းဖက် အဓိကရုဏ်းများအထိ အခြေအနေဆိုးလာလေတော့သည်။ နောက်ဆုံး ရခိုင်တိုင်းရင်းသားအမြောက်အမြား စစ်တကောင်းနယ်ထဲသို့ ဒုက္ခသည်များအဖြစ် ပြောင်းရွှေ့သွားရသည်များပင်ရှိသည်။ စစ်ကြီးအပြီး အင်္ဂလိပ်တပ်များ ပြန်အရောက် အဆိုပါ ရခိုင်ဒုက္ခသည် များကို မူလနေရာဟောင်းသို့ ပြန်လည်အခြေချပေးခဲ့သော်လည်း အာဃာတအမုန်းမီးပွားများကိုကား မငြှိမ်းသတ်နိုင်တော့ပါချေ။
စစ်ပြီးခေတ် အရှုပ်အထွေးများအောက်တွင် ပြဿနာမှာ အကြမ်းဖက်နိုင်ငံရေးသဘောဆောင်လာပြီး မူဂျာဟစ်အမည်ဖြင့် လျှို့ဝှက်လက်နက်ကိုင်အဖွဲ့အစည်းများပေါ်ထွက်လာခဲ့ သည်။ လွတ်လပ်ရေးခေတ်ဦး ရန်ကုန် အစိုးရကာလ ၁၉၄၉-၅၀ မှာဆိုလျှင် ဘူးသီးတောင်နှင့် ရသေ့တောင်တို့မှာ မူဂျာဟစ်သူပုန်များလက်အောက်တွင်ကျရောက်ခဲ့ရသည်။ မူဂျာဟစ်တို့၏ရည်မှန်းချက်မှာ သီးခြားအစ္စလာမ်မစ်နိုင်ငံတည်ထောင်ရေးပင်ဖြစ်သည်။ (Hugh Timker:The Union of Burma-Page 34)ထိုနောက်ပိုင်း (၁၉၅၁-၅၂ နှင့် ၅၄) မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများဖြင့် အဆင့်ဆင့်နှိမ်နင်းပြီး မှသာ တစ်စုံတစ်ရာ တည်ငြိမ်ခြေကိုပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်
သည်။ သို့တစေ ပြဿနာကို အပြီးအပြတ်ဖြေရှင်းနိုင်ခဲ့သည်ကား မဟုတ်။ စစ်အေးလွန်ခေတ်၏ အခြေအနေသစ်အောက်တွင် ရိုဟင်ဂျာဆိုသော အမည်သစ်ဖြင့်ပြန်လည်လှုပ်ရှားလာပြန်သည်။ ယခုတစ်ကြိမ် ထူးခြားချက်ကား ဒီမိုကရေစီချန်ပီယံဆိုသော မီဒီယာအချို့ကိုယ်တိုင်က မီးလောင်ရာလေပင့်လုပ်လာကြခြင်းပင်ဖြစ်သည်။
အမှန်စင်စစ် ယနေ့ရခိုင်အရေးမှာ အဆိုပါမီဒီယာအချို့ စွပ်စွဲပြောဆိုနေသလို လူနည်းစု ဘာသာဝင်များ၏အရေးမဟုတ်။ လူနည်းစုတိုင်းရင်းသားများ၏ အရေး ပို၍ပင်မဟုတ်။ ကိုလိုနီအမွေဆိုးမှ အကြောင်းခံပေါ် ထွက်လာသော အတိမ်းအစောင်းမခံသည့် ထိစပ်နယ်မြေပြဿနာပင်ဖြစ်သည်။ ဤပြဿနာကို မျက်မှောက်ခေတ်နိုင်ငံတကာ အခင်းအကျင်းမှ ထွက်ပေါ်လာ တန်ရာသော အမှောင့်ပယောဂများနှင့်ချိတ်ဆက်စဉ်းစားလိုက်လျှင် နုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီရေးအတွက်သာမက မြန်မာ့အချုပ်အခြာအာဏာအတွက်ပါ မထိတ်သာမလန့်သာ အကျိုးဆက်များ ခုနစ်စဉ်အမျှင်အတန်းဖြစ်ကောင်းဖြစ်လာနိုင် လေမလား စဉ်းစား
စရာတွေရှိနေသည်။ အထူးသဖြင့် စစ်အေးလွန်ဂလိုဘယ်လိုက်ဇေးရှင်း၏ နိုင်ငံတကာ အကြမ်းဖက်ဝါဒအန္တရာယ်။ ဤအန္တရာယ်မှာ လျော့ပါးသက်သာသွားပြီဆိုကြသော်လည်း တကယ်တော့ ပစ်မှတ်ပြောင်းသွားခြင်းသာဖြစ်သည်။ ယခင်ဖွံ့ဖြိုးပြီး ရှေ့တန်းရောက်နိုင်ငံကြီးများမှ အားနည်းချည့်နဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများသို့
ချိန်ရွယ်ချက် ပြောင်းသွားခြင်းသာဖြစ်သည်။ ဤသို့ ပစ်မှတ်ရွေးချယ်ကြရာတွင်လည်း အစိုးရနှင့်လူထုကြား ယုံကြည်မှုမကောင်းလှသော နိုင်ငံငယ်လေးများကိုဦးစားပေးလေ့ရှိ သည်ကို သတိချပ်ကြဖို့လိုမည်ထင်ပါသည်။
- မြန်မာ့စိတ်ရင်း
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၏ နောက်ထပ် ထူးခြားဖြစ်စဉ်တစ်ရပ်မှာ “ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြသည်များ”
( Migration) ရှေ့ရောက်လာခြင်းပင်ဖြစ်သည်။ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သမားရိုးကျ ရွှေ့ပြောင်းနေထိုင်ကြသည်နှင့် ထိစပ်နယ်မြေအတွင်း စိမ့်ဝင်ပျံ့နှံ့ကြသည်တို့မှာ သဘောသဘာဝချင်းမတူကြပါချေ။ ထိစပ်နယ်မြေပြဿနာများ သစ္စာခံမှုထွေပြားသည်သာဖြစ်၍ အန္တရာယ်လမ်းကြောင်းဟု သတ်မှတ်ကြရသော်လည်း သမားရိုးကျရွှေ့ပြောင်းနေထိုင်မှုမှာဖြစ်ရိုးဖြစ်စဉ်သဘော မျှသာဖြစ်ပါသည်။ ရွှေ့ပြောင်းနေထိုင်ကြသူများဘက်မှ ၎င်းတို့ ရောက်ရှိရာနိုင်ငံအပေါ် သစ္စာခံကြသလို သက်ဆိုင်ရာနိုင်ငံများဘက်မှလည်းသူတို့တစ်တွေကို နိုင်ငံသားအခွင့်အရေးအဆင့် ဆင့်ပေးကြသည်သာဖြစ် ပါသည်။ သို့တိုင်အောင်အဖြစ်သာ သဘောယူပြီး Nationality အဖြစ်ကား မည်သည့်နိုင်ငံကမှ သဘောထားကြသည်မဟုတ်ပါ။ ယနေ့ အရင့်ကျက်ဆုံး ဒီမိုကရေစီနိုင်ငံ အမေရိကမှာပင် ဤအတိုင်းဖြစ်သည်။
မြန်မာ့သမိုင်းကို ပြန်ကြည့်လိုက်လျှင် ပုဂံခေတ်ဦးလောက်က ပင် နိုင်ငံရပ်ခြားနှင့် ကူးလူးဆက်ဆံမှုများ ရှိသလောက်ရှိခဲ့သည်သာဖြစ်ပါသည်။ ဥပမာ-ဗျတ်ဝိ၊ ဗျတ္တဇာတ်လမ်းကိုပင်ကြည့်..။ သူတို့ညီနောင်မှာ ပင်လယ်ဖြတ်၍ရောက်ရှိလာသော တစ်မြေရပ်ခြားမှ ဘာသာခြားတွေဖြစ်သည်။ သို့တစေ ဗုဒ္ဓဘာသာဝင် ပုဂံသားတွေက သူတို့နှစ်ယောက်ကို သူရဲကောင်းအဖြစ် ချစ်ကြသည်။ သူတို့ ကွယ်လွန်သည်အထိပင် သုံးဆယ့်ခုနစ်မင်းစာရင်းသွင်း ကိုးကွယ်သည်အထိ ချစ်ခဲ့ကြသည်။
ထားတော့-ဤဇာတ်လမ်းမှာ သမိုင်းမဟုတ်၊ ပုံပြင်မျှသာဟု ဆိုစေဦး၊ အခြားအထောက်အထားတွေ မနည်းမနောရှိသည်။ ကုန်းဘောင်ခေတ်ကဆိုလျှင် မွတ်ဆလင်ဘာသာဝင်တစ်ဦးကိုပင် ဘုရင်ကိုယ်တိုင်က မြို့တော်ဝန်အဖြစ် မြှောက်စားဖူးသည်။ အမရပူရမြို့ဝန်ဘိုင်ဆတ်။ ထို့ထက် ယနေ့ထက်တိုင် မြန်မာလူထုမမေ့နိုင်ကြသေးသည့် ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးခဲ့ရသော ဆရာကြီးဦးရာဇတ်မှာ မွတ်ဆလင်ဘာသာဝင် သူတော်ကောင်းကြီးဖြစ်သည်။ ဤတွင် ပြောလိုသည်မှာ လူမျိုး၊ဘာသာ မခွဲခြားဘဲ သူရဲကောင်းဆိုလျှင် ချစ်ခင်မြတ်နိုးတတ်သည့် မြန်မာ့အစဉ်အလာ မြန်မာ့စိတ်ရင်းအကြောင်းဖြစ်ပါသည်။
ဤအစဉ်အလာ ဤစိတ်ရင်းကို မြန်မာတွေထိန်းသိမ်းကြရပါလိမ့်မည်။ လက်တွေ့ကျကျ ပြသရပါလိမ့်မည်။ ဒီမိုကရေစီနှင့် ထိုက်တန်သောလူမျိုးဖြစ်ကြောင်းကမ္ဘာက သိစေရပါမည်။ တစ်ပြိုင်နက်တည်းမှာပင်ရှုပ်ထွေးပွေလီ မာယာများလှသော ကမ္ဘာ့နိုင်ငံရေးကျားကွက်တွင် အမျိုးသား ရေးသတိမမေ့မလျော့ရှိကြဖို့လည်းလိုမည်ထင်ပါသည်။ ဂရိတ်ပါဝါယှဉ်ပြိုင်ပွဲတွင် နိုင်ငံငယ်လေးများမြေဇာပင်ဖြစ်ကြရသည့် သာဓကတွေ၊ သမိုင်း၊ ဇာတ်ခုံထက်တွင် မမြင်ချင်အဆုံး တွေ့ခဲ့ရပြီ
မဟုတ်ပါလော။ ဒုတိယကမ္ဘာစစ်အကြိုကာလက ဗြိတိသျှနန်းရင်းဝန် ချိန်ဘာလင်၏ ဟစ်တလာ ချော့မြှူရေးပေါ်လစီအရ အဲလ်ဆက်နှင့် လော်ရိန်းဖက်ဆစ်ကျားစာဖြစ်ခဲ့ရသည်ကို သတိချပ်ကြရပါလိမ့်မည်။ လာတော့မည့် လွှတ်တော်အနေနှင့် အဆိုပါသတိ၊ အဆိုပါအသိဖြင့် အခါလည်သား မြန်မာ့ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ပါစေသတည်း။ ။
စာညွှန်း -
၁ ။ ကိုလိုနီခေတ် ဘားမားဂဇက်တီးယားစာစောင်များ
၂ ။ The Union of Burma (Myanmar) by - Hugh Timker
၃ ။ The Next 100 Years by - George Friedman

No comments:
Post a Comment