Saturday, June 30, 2012

Land Use, Land Speculation of our country, Myanmar


ပြီးခဲ့တဲ့အပတ် စနေနေ့က ကျွန်တော်တင်ခဲ့တဲ့ "နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် အစိုးရအဖွဲ့ဝင်များအား ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ကျွန်တော့်ခံစားချက်များ" ဆိုတဲ့ပို့စ်ရဲ့ ပဉ္စမမြောက်စာပိုဒ်မှာ မြေအသုံးချမှုနဲ့ မြေကစားမှု စတဲ့မြေယာပြဿနာတွေကို သမ္မတကြီးက ကိုင်တွယ်ဖြေရှင်းတော့မယ်ဆိုတဲ့ အရိပ်အယောင်တွေ ပြောလာတဲ့အတွက် ကျွန်တော်ကိုဉာဏ် စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့အကြောင်း ရေးသားလိုက်မိပါတယ်။ မြေကိစ္စတွေနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ ဘာအတွေ့အကြုံ၊ ဘာဗဟုသုတမှ မရှိသလောက်ပါပဲ။ ဒါပေမယ့် အချို့အချို့သော ပုဂ္ဂိုလ်ကြီးတွေဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့တိုင်း၊ နယ်တိုင်းမှာ လက်ညှိုးထိုးမလွဲ မြေကွက်တွေဝယ်၊ လူလည်းမနေ၊ သူလည်းမနေ၊ စိုက်လည်းမစိုက်၊ ပျိုးလည်းမပျိုး၊ သုံးလည်းမသုံး၊ လိုလည်းမလို ဆိုသလိုပဲ ဖြစ်နေတာတွေကို မြင်ရတော့ စိတ်ထဲမှာ ဒါဟာ မကောင်းတဲ့အလုပ်၊ မဖြစ်သင့်တဲ့ကိစ္စ၊ မလုပ်သင့်တဲ့ အကြောင်းအရာရယ်လို့တော့ နားလည်မိတာ အမှန်ပါ။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ အချို့သော ဆရာသမားတွေ၊ မိတ်ဆွေတွေရဲ့ မိသားစုတွေမှာကို အဲဒီလို လုပ်နေတဲ့လူတွေကို ကျွန်တော့်အနေနဲ့ မြင်ဖူး၊ တွေ့ဖူးနေလေတော့ အချို့သော မြေကိစ္စတွေမှာတော့ နည်းနည်းပါးပါး တီးမိခေါက်မိ ရှိပါတယ်။ အထက်မှာ ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော်နဲ့သိတယ်ဆိုတဲ့ လူတိုင်းဟာ မြေကွက်တွေသာ လက်ညှိုးထိုးမလွဲတယ်၊ သူတို့ရဲ့ လစဉ်ဝင်ငွေ (တစ်နည်း) လခဟာ ကျပ် နှစ်သိန်းထက် ပိုတဲ့လူ တစ်ဦးမှ မတွေ့ဖူးပါဘူး။ ယောက်ျားလုပ်တဲ့လူက ၀န်ထမ်းမို့ အဲဒီလို လခနည်းတယ်ပဲ ထားပါတော့။ မိန်းမလုပ်တဲ့လူက ရွှေဆိုင်ပိုင်ရှင်မို့၊ ဒါမှမဟုတ် ဆွေစဉ်မျိုးဆက် ချမ်းသာသူမို့ ဆိုရင်လည်း ကျွန်တော်နားလည်းနိုင်ပါသေးတယ်။ အခုတော့ ယောက်ျားက ၀န်ထမ်း၊ မိန်းမက မှီခို၊ သားသမီးတွေက ကျောင်းသူကျောင်းသားတွေ၊ တချို့ဆို အလုပ်မရှိ၊ အကိုင်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်တွေ၊ အဲဒီလိုအခြေအနေကနေ မြေကွက်တွေဆိုတာ ၀ယ်လိုက်တာများ ဟောတစ်ကွက်၊ ဟောတစ်ကွက်နဲ့။ မြေကွက်တစ်ခု တန်ဖိုးကလည်း သုံးလေးသိန်းဆိုရင် စုဆောင်းထားတဲ့ငွေနဲ့ ၀ယ်တာလို့ ဖြည့်တွေးလို့ ရပါသေးတယ်။ ဒါပေမယ့် သူတို့ဝယ်ထားတဲ့ မြေကွက်တွေကို ပြန်ရောင်းလိုက်တဲ့အချိန်တိုင်း သိန်းဘယ်နှထောင် ဆိုတာချည်းပဲ ကြားနေရတော့ ၀ယ်ဈေးဟာ နှစ်သိန်း၊ သုံးသိန်းတော့ ဟုတ်တန်ရာမတူဘူးလို့ ကျွန်တော်နားလည်မိပါတယ်။ ဒါက ကျွန်တော်သိသလောက် မဖြစ်ညစ်ကျယ်လေးပါ။

ဟော.... ကျွန်တော့်ထက် အများကြီးသိတဲ့ ဆရာတစ်ယောက်က ရေးချလိုက်တဲ့အချိန်ကျမှ ကျွန်တော်ဖြင့် ကြက်သီးမွေးညင်းတွေထပြီး တဆတ်ဆတ်တောင် တုန်လာရတဲ့အထိပါပဲဗျာ။ ဒါတောင်မှ စာရေးတဲ့သူဟာ အပြည့်အစုံမဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရေးသွားတာပါ။ စာရင်းဇယားတွေနဲ့များ ပြည့်ပြည့်စုံစုံ  ဖော်ပြ လိုက်မယ်ဆိုရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို တွေးမိပြီး ကျွန်တော်ဖြင့် ရင်တုန်လှိုက်မောပြီး သက်ပြင်းရှည်ကြီး ချမိပါရဲ့ဗျာ။ ကျွန်တော်တို့တွေမှာ ဒီလိုတွေ ကြုံနေရတာဟာ လူကြောင့်လား၊ မူကြောင့်လား ဆိုတာကိုတောင် ဝေခွဲမရတော့ပါဘူးဗျာ။ မူတွေကြောင့် လူတွေကို အသားစီးရစေသလို၊ လူတွေကြောင့်လည်း မူတွေပြောင်းချင်သလို ပြောင်းနေတာတွေကို မြင်နေရတော့ ငယ်ငယ်တုန်းက အဘိုးတွေ၊ အဘွားတွေပြောပြတဲ့ ပုံပြင်တွေထဲကလို သိကြားမင်းဟာ မနေသာတော့ဘဲ ဆိုတာမျိုး သိကြားမင်းကိုယ်တိုင် ဆင်းလာပြီး ကယ်တင်မှပဲ လွတ်တော့မှာလားလို့ တွေးပူမိပြီး ရင်တွေမောမိပါရဲ့ဗျာ။

အပေါ်မှာ ကျွန်တော်ညွှန်းခဲ့တဲ့ ဆရာတစ်ယောက် ရေးချလိုက်တယ်ဆိုတာ ဆရာ သန်းထွဋ်အောင် ပါ။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် Weekly Eleven News Journal, Vol 7, No 38, Page 27 မှာ ရေးထားတဲ့ "........ ပြောပြချင်ပါတယ် (၄)" ဆိုတဲ့ ဆောင်းပါးမှာပါ။ အဲဒီဂျာနယ်ကို ဖတ်ရတဲ့နေ့ ကတည်းက တင်ပေးဖို့ ဖြစ်ပေမယ့် အင်တာနက်သုံးလို့ ဘယ်လိုမှ အဆင်မပြေတဲ့အတွက် အခုမှပဲ တင်ပေးဖြစ်လိုက်ပါတယ်။ ဆရာသန်းထွဋ်အောင် ရေးထားတဲ့ ဆောင်းပါးထဲက ကျွန်တော်ပြောချင်တဲ့ မြေယာတွေနဲ့ ဆိုင်တဲ့အကြောင်းအရာကို ထုတ်နုတ်တင်ပြလိုက်ပါတယ်။

........
................
(၅)
ဟိုတစ်နေ့က သမ္မတကြီးအနေနဲ့ မြေယာစနစ်တကျ စီမံခန့်ခွဲရေးနဲ့ မြေယာစနစ် ပြုပြင်ပြောင်းလဲရေး တို့ပြောတာ ကြိုဆိုပါတယ်။ ဒီဘက် သုံးလေးနှစ်အတွင်းမှာ မြေဈေးကစားမှုတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းယူမှုတွေကြောင့် တိုင်းပြည် ဘယ်လောက် နစ်နာခဲ့ရတယ်။ ဒီနောက်ကွယ်မှာ အဂတိတရားလိုက်စားမှုတွေ၊ ငွေကြေးခ၀ါချမှုတွေ ဘယ်လောက်ရှိတယ်ဆိုတာ ရှင်းပြချင်ပါတယ်။ ရပေါက်ရလမ်း မဖော်ပြနိုင်တဲ့ မြေ၀ယ်ယူမှုတွေအတွက် ၁၂ ရာခိုင်နှုန်းနဲ့ ၁၅ ရာခိုင်နှုန်းပဲ အခွန်ဆောင်ရမယ်ဆိုတဲ့ အမိန့်ကြော်ငြာစာ ထွက်ပြီးနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေး မြေဈေးဟာ လေးဆကနေ ခုနစ်ဆကြား တက်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး ရန်ကုန်မြို့ရဲ့ အချက်အချာက အစိုးရပိုင်မြေ၊ ရုံးဌာနတွေ၊ စက်ရုံတွေဟာ ခရိုနီတွေနဲ့ တာဝန်ရှိသူအချို့ရဲ့ မိသားစုဝင်တွေ၊ မြေဈေးကစားသူတွေ လက်ထဲကို တရားဝင် ရောက်ရှိလာခဲ့ပါတယ်။ အရင်အစိုးရ လက်ထက်မှာမကဘဲ အခုအစိုးရ လက်ထက်မှာပါ ရန်ကုန်၊ မန္တလေးက မြေတော်တော်များများဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ရောက်ရှိသွားပါတယ်။ တချို့ကတော့ တရားဝင် ကြေညာတာမျိုး၊ ဈေးနှုန်းတင်ဒါ ပုံစံမျိုး မတွေ့ရသလောက်ပါ။ အထူးသဖြင့် အခု ဒီ ၆ လအတွင်းမှာ Transparency မရှိပါဘူး။ ဒီစာရင်းတွေရဲ့ အတိအကျကတော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်၊ အိုးအိမ်ဦးစီးဌာနတို့မှာပဲ ရှိနိုင်ပါတယ်။ နမူနာအနေနဲ့ ၀န်ကြီးဌာနရုံးတစ်ခုကို ကြားဝင် အကျိုးဆောင်တဲ့သူတောင် ဒေါ်လာ ၅ သန်း ရခဲ့တာဆိုတော့ ထောင်နဲ့ချီတဲ့ ဒီမြေကွက်၊ ရုံးတွေကနေ ဘယ်လောက် အကျိုးအမြတ်တွေ ရကြမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ရန်ကုန်မြို့က အဓိကနေရာ အတော်များများပိုင်တဲ့ သူဌေးကြီးတွေဆိုရင် ၀ယ်တော့လည်း ဈေးချိုတယ်။ ဈေးကလည်း ၅ ဆလောက်တက်တော့ သူတို့ပိုင်ဆိုင်မှုက ၅ နှစ်အတွင်း ၈ ဆကနေ ၁၀ ဆလောက် ချမ်းသာကုန်ပါတယ်။ အရင် ဒေါ်လာသန်း ၅၀ လောက် ချမ်းသာသူက သန်း ၅၀၀ လောက် နေရင်းထိုင်ရင်း ချမ်းသာကုန်တာမျိုးတွေပါ။ အဂတိတရားရယ်၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။
မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုကို ကာကွယ်တဲ့ ဥပဒေရှိပေမယ့်  မူးယစ်ဆေးဝါးက တရားမ၀င်ရတဲ့ငွေ လာဘ်ပေးလာဘ်ယူမှုက တရားမ၀င်ရတဲ့ ငွေတွေဟာ ဒီအမိန့်ကြော်ငြာစာကြောင့် တရားဝင်ငွေတွေဖြစ်ပြီး မူးယစ်ရာဇာတွေ မြေဈေးကွက်မှာ စိတ်ကြိုက်ဝင်ကစား သွားခဲ့ပါတယ်။ ဘယ်သူတွေ အဂတိတရား လိုက်စားခဲ့ကြတယ်။ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ ဒေါ်လာဘီလျံနဲ့ချီပြီး အကျိုးအမြတ်တွေရှိတဲ့ ဒီမြေဈေးကစားမှုကိုကြည့်ရင် မြန်မာနိုင်ငံမှာ အဂတိတရားလိုက်စားမှုမှာ ပိရမစ်ဇောက်ထိုးပုံစံနဲ့စပြီး အရေးယူမှု စသင့်တယ်ဆိုတာ သဘောပေါက်ကြမှာ ဖြစ်ပါတယ်။

မြေဈေးတွေတက်ရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်ကြုံရတာ အမှန်ပါပဲ။ ဒါဟာ တိုင်းပြည်အတွက် အကြီးအကျယ် ထိခိုက်နစ်နာပါတယ်။ မြေဈေးတက်တာ ဆင်းရဲသားတွေနဲ့ မြေမ၀ယ်နိုင်တဲ့ သူတွေအပေါ် ဆိုင်သလားဆိုရင် ဆိုင်ပါတယ်။ မြေဈေးတက်တော့ တိုက်ခန်းဈေး၊ တိုက်ခန်းငှားခ၊ အိမ်ငှားခ တက်ပါတယ်။ ဒီ ၅ နှစ်အတွင်း အိမ်ငှားခ နှစ်ဆကျော် သုံးဆနီးပါး တက်ခဲ့တဲ့အတွက် လူလတ်တန်းစားတွေရဲ့ Cost of Living တက်စေပါတယ်။ ဈေးဆိုင်ငှားခတွေတက်ရင် စားသုံးသူတွေ ထိခိုက်နစ်နာတာပဲ မဟုတ်လား။ ရန်ကုန်၊ မန္တလေးမှာ Cost of Living တက်ရင် တစ်နိုင်ငံလုံး ပျံ့နှံ့ထိခိုက်ပါတယ်။ ဒီမြေကနေရသွားတဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ အမြတ်ဟာ နောက်ဆုံးတော့ ဘယ်သူ့ဆီက ရတဲ့အမြတ်လဲဆိုတာ စဉ်းစားရုံနဲ့ ပေါ်နိုင်ပါတယ်။

တခြားမကြည့်ပါနဲ့ ကမ္ဘာမှာ လူနေမှုအကြီးဆုံး တိုကျိုနောက်က အင်ဂိုလာမြို့တော် ကမ်ပါလာရဲ့ ဘ၀ကို ကြည့်လိုက်ပါ။ တိုင်းပြည်ရဲ့ တစ်ဦးချင်းဝင်ငွေက နည်းပါး၊ Cost of Living က မြင့်၊ တိုင်းသူပြည်သားတွေက မျှော်လင့်ချက် မရှိ၊ ဒီလိုအခြေအနေမျိုးတော့ ကျွန်တော်တို့နိုင်ငံ အရောက်ခံလို့ မဖြစ်ဘူး။ မြေဈေး၊ အိမ်ဈေးဟာ အာဆီယံမှာ စင်ကာပူရဲ့နောက်မှာ မြန်မာနိုင်ငံက ရှိနေတယ်ဆိုတာ စိတ်ပျက်စရာပါ။ ဒီမြေဈေးတွေနဲ့ ဘယ်လူလတ်တန်းစားတွေ နေပျော်မှာလဲ။ ပြည်ပရောက် မြန်မာပညာရှင်တွေ၊ အလုပ်သမားတွေ မြို့ကြီးတွေမှာ လူတန်းစေ့ ဘယ်လိုနေမှာလဲ။ ဘယ်လိုပြန်လာမှာလဲ။ ဒါဟာ အဂတိ လိုက်စားမှုနဲ့ ခရိုနီစီးပွားရေး ပေါင်းစပ်မှုကြောင့် နိုင်ငံနဲ့ပြည်သူ ဘယ်လောက် နစ်နာခဲ့ရတယ်ဆိုတာပြတဲ့ ဥပမာလေး တစ်ခုပါ။

လယ်ယာမြေ နဲ့ မြေလွတ် ဧကနှစ်သန်းကျော်ကို ခွဲယူခဲ့တာ၊ ကချင်ပြည်နယ်က ဧက သိန်းနဲ့ချီတဲ့ မြေကိစ္စ၊ ရန်ကုန်-မန္တလေးလမ်း တစ်လျှောက်က မြေကွက်ခွဲဝေမှုတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်းကြည့်ရင် မမျှော်မှန်းနိုင်တဲ့ ကိန်းဂဏန်းတွေ ရလာပါလိမ့်မယ်။ ကျွန်တော်သိတာတွေ အများကြီးပါ။

..............
............................

ဘလော့ဂ်ဖတ်သူတွေအနေနဲ့ ဒီလောက်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ မြေယာကိစ္စတွေဟာ ဘယ်လောက် ရှုပ်ထွေးမှု ရှိနေသလဲဆိုတာကို တွက်ဆနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီထက်ပိုပြီး အတွင်းကျကျသိတဲ့ လူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ မပြောကြလို့သာ ကျွန်တော်တို့ သိခွင့်မရှိတာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ချစ်တဲ့၊ ကျွန်တော်တို့ ယုံကြည်တဲ့၊ ကျွန်တော်တို့ အားကိုးတဲ့၊ ကျွန်တော်တို့ မျှော်လင့်တဲ့ သမ္မတကြီး ဦးသိန်းစိန်ကတော့ ဒီပြဿနာတွေကို အပြီးအပြတ် မဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်း၊ ထိုက်သင့်တဲ့ အခြေအနေတစ်ခု အထိရောက်အောင် ဖြေရှင်းပေးနိုင် လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဖြေရှင်းနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ အဲဒီလိုဆိုရင်ဖြင့် ကျွန်တော်တို့သမ္မတကြီးလည်း သမိုင်းမှတ်တမ်းကောင်း ကျန်ရစ်၊ ပြည်သူတွေအတွက်လည်း သက်ပြင်းချစေနိုင်မယ့် တကယ့်ကုသိုလ်ရမယ့် အလုပ်ကြီးတစ်ခုလို့ပဲ ကျွန်တော်ကိုဉာဏ်ကဖြင့် မှတ်ယူမိကြောင်းပါခင်ဗျား။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ စနေနေ့။
မွန်းလွဲ ၂ နာရီ ၃၈ မိနစ်တွင်ပြီး၏။

1 comment:

 
Web Statistics