ကာတွန်းတစ်ကွက်ကောင်းရင် ဝေဖန်ရေးဆောင်းပါးတစ်ပုဒ်လောက် ထိရောက်တယ်လို့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ကျွန်တော် အပြည့်အ၀ လက်ခံပါတယ်။ ဆောင်းပါးဆိုတာမျိုးက သိုင်းဝိုင်းပြီး အချက်အလက်ပြည့်စုံအောင် ဆိုလိုတဲ့အဓိပ္ပါယ်ကိုရောက်အောင် ဆွဲခေါ်သွားရတာမျိုးပါ။ ကာတွန်းကတော့ လိုရင်းကို ထိထိမိမိ တစ်ချက်တည်း ပစ်လိုက်တာနဲ့ ပွဲသိမ်းတာမျိုးပါ။ ကျွန်တော့်သူငယ်ချင်း ဆက်ပြောတာက ကာတွန်းနဲ့ သရော်တယ်၊ ဝေဖန်တယ်ဆိုတိုင်းလည်း ကောင်းတာမဟုတ်ဘူးကွ။ ဖတ်တဲ့လူအနေနဲ့ ဟိုလိုလို ဒီလိုလို တွေးသွားအောင် ရေးနိုင်မှ အဆင့်ရှိတာကွလို့ ဆက်ပြောပါတယ်။ ကျွန်တော်က သူဆက်ပြောလို့ရအောင် စကားထောက်ပေးတော့ ဆက်ပြောပါတယ်။ ဖတ်တဲ့လူက ကာတွန်းကို ဖတ်ပြီးတဲ့အချိန်မှာ တွေးစရာတွေ တသီကြီး ကျန်ခဲ့ရမယ်။ သာမန်ဖတ်ရင် သာမန်အဓိပ္ပါယ်ပဲ ထွက်ပြီး အခြားတစ်ဖက်က လှည့်တွေးရင် အခြားအဓိပ္ပါယ်တစ်ခု ထွက်ရမယ်ကွလို့ ဆက်ပြောပါတယ်။ ဟုတ်ကဲ့ပါပေါ့။ ကဲ... စကားတွေပျိုးနေရတာက ဘာရယ်မဟုတ်ပါဘူး။ ကျွန်တော်သဘောကျတဲ့ ကာတွန်းလေးတွေ တင်ပေးချင်လို့ စကားချီးတွေ လုပ်နေရတာပါ။ ကာတွန်းကို တစ်ခါတည်း တင်ပေးလိုက်ရင်လည်း ရပါတယ်။ ကိုဉာဏ်ရဲ့ ထုံးစံအတိုင်း နည်းနည်းလေးတော့ လေရှည်ချင်သေးတာကိုးခင်ဗျ။ ကဲ... ကာတွန်းများကို ခံစားနိုင်ကြပါပြီခင်ဗျာ။ ကာတွန်းတွေရဲ့ အောက်မှာတော့ ကျွန်တော်တွေးမိတာလေးတွေကို ဖော်ပြထားပါသေးတယ်။ တိုက်ဆိုင်သည်ဖြစ်စေ၊ သဘောတူသည်ဖြစ်စေ၊ တစ်ထပ်တည်းကျသည်ဖြစ်စေ (တစ်ခုမှ သဘောမတူတာမပါဘူး၊း) ) သည်းခံဖတ်ရှု ပေးကြပါဦးခင်ဗျ။ ပျော်ရွှင်ဖွယ်ရာ အားလပ်ရက်လေး ဖြစ်ကြပါစေ။
(၁)
အထူးအထွေ ရှင်းပြဖို့မလိုတဲ့ အကြောင်းအရာတစ်ခုပါ။ ကျွန်တော်ကိုဉာဏ်လည်း အဆိုးမြင်ဝါဒီတစ်ပိုင်း ဖြစ်နေပြီဆိုတော့ မပြောတော့ပါဘူးဗျာ။ ငါးပွက်ရာ ငါးစာချတယ်လို့ ကျွန်တော်က ပြောရင်လည်း အဲဒီလူတွေက ပြန်ပြောဦးမယ်။ မိုးရွာတုန်း ရေခံတာပါလို့။ ဟုတ်ကဲ့ပါခင်ဗျ... မိုးရွာတုန်း ရေခံတာပဲဖြစ်ဖြစ်၊ လသာတုန်း ဗိုင်းငင်တာပဲဖြစ်ဖြစ် ကိုယ့်စီးပွားရေး ကိုယ်လုပ်တာဖြစ်တဲ့အတွက် ကျွန်တော်ကိုဉာဏ် ဘာမျှ မပြောလိုပါခင်ဗျား။ ဒါပေမယ့် စာအုပ်တွေကိုတော့ ဈေးနှုန်းလေး သက်သက်သာသာနဲ့ ထုတ်ဝေကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ နိုင်ငံရေးစာအုပ်တစ်အုပ်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ သုံးထောင်နဲ့ ငါးထောင်ကြားမှာ ရှိပါတယ်။ ဒီပိုက်ဆံပမာဏဟာ သာမန်လူတန်းတစ်ရပ်အတွက် အတော့်ကို စဉ်းစားရတဲ့ ငွေကြေးပါ။ မြို့နေလူတန်းစားတွေက ၀ယ်ဖတ်နိုင်ကြပေမယ့် နယ်မြို့တွေမှာရှိတဲ့ လူငယ်တွေအတွက်ကျတော့ အလှမ်းမီတဲ့ ဈေးနှုန်းမဟုတ်ပါဘူး။ ပြီးတော့ နိုင်ငံရေးစာအုပ်ဆိုတာကလည်း တစ်အုပ်လောက် ဖတ်ရုံနဲ့ အားလုံးကို သိသွားနိုင်တာမျိုး မဟုတ်ပါဘူး။ ဆက်စပ်ဖတ်ရှုရမှာတွေ၊ အခြားသော ဖတ်စရာတွေနဲ့ ရှိသေးတာပါ။ စာအုပ်တစ်အုပ်ကို သုံးထောင်ပဲထား၊ သာမန်လခစားတစ်ယောက်က တစ်လကို တစ်အုပ် ၀ယ်ဖတ်တယ်ပဲဆိုဦးတော့။ ဒီနေ့လို ခေတ်ကြီးထဲမှာ တစ်လကို စာတစ်အုပ် ဖတ်ရုံနဲ့ ဘယ်လိုမျှ လူတောတိုးလို့ ရနိုင်မှာ မဟုတ်ပါဘူး။ တစ်ပတ်တစ်ပတ်ကို စာအုပ်ပေါင်းများစွာ၊ ဂျာနယ်ပေါင်းများစွာ ထွက်နေတဲ့ ဒီနေ့လို အချိန်မျိုးမှာ မြန်မာတွေ အလွယ်တကူ ဖတ်လို့ရတဲ့ ဈေးနှုန်းနဲ့ စာအုပ်ဈေးတွေ မဖြစ်သေးတာ ၀မ်းနည်းစရာပါ။ ပြည်သူတွေကို နိုင်ငံရေးအသိ မရှိဘူးတို့၊ အသံလွှင့်ဌာနတွေက ပြောတာကိုပဲ ယုံမနေကြနဲ့တို့ မပြောကြပါနဲ့ဦး။ ပြည်သူတွေ ကိုယ့်ဘာသာကိုယ်ဖတ်ပြီး ကိုယ့်ဘာသာကိုယ် စဉ်းစားဆုံးဖြတ်လို့ရအောင် အရင်းအမြစ်တွေဖြစ်တဲ့ စာအုပ်စာစောင်တွေကိုပဲ လူတိုင်းအလွယ်တကူ ဖတ်နိုင်တဲ့ ဈေးနှုန်းရောက်အောင် (စာအုပ်တွေ၊ ဂျာနယ်တွေရဲ့ ပုံနှိပ်မှတ်တမ်းမှာ ဖော်ပြထားတဲ့ ဈေးနှုန်းနှင့်ဆိုလျှင် သင့်လျော်မည်ထင်၏) ကြိုးစားကြပါဦးလို့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ထုတ်ဝေသူများကို တိုက်တွန်းလိုက်ပါရစေ။
(၂)
ဒီမိုကရေစီခေတ်ကို ကူးပြောင်းစ ယနေ့ကာလမှာ အတော်ကြီးကို ဟော့ဖြစ်တဲ့ အကြောင်းအရာပါပဲ။ ကျွန်တော်တို့ရဲ့ သမ္မတကြီးက တက်လာကတည်းက ကောင်းမွန်သောအုပ်ချုပ်မှု၊ သန့်ရှင်းသောအစိုးရဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ အတိအလင်း မိန့်ခွန်းပြောကြားပြီး ဖြစ်ပါတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ ခေတ်အဆက်ဆက်မှာ အောက်ခြေအဆင့်ကစပြီး ဟိုးအထက်အမြင့်ဆုံးအထိ တာဝန်ရှိသူတွေရဲ့ သတင်းမွှေးတွေက ရှိခဲ့တာကိုး။ တကယ်ပိုင်တာ မပိုင်တာ မပြောနဲ့ ကောလာဟလထွက်တဲ့ ကိန်းဂဏန်းပမာဏတွေကို ပြောရင်ပဲ ကျွန်တော့်မှာ အံ့သြလွန်းလို့ မူးမိုက်မတတ်ပါပဲ။ ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံလို့လည်း ပြောကြသေးတယ်။ ဒီကြားထဲက ဒီလူတွေက ဘယ်လိုဖြစ်ပြီး ဒီလောက်ချမ်းသာနေကြတာလဲဆိုတာ စဉ်းစားဖို့ လုံးဝဉာဏ်မမီခဲ့ဘူး။ နောက်တော့မှ စဉ်းစားကြည့်မိတယ်... စာရေးက လဘက်ရည်ဖိုးတောင်းမယ်၊ ရုံးအုပ်က ထမင်းဖိုးတောင်းမယ်၊ မန်နေဂျာက တစ်ပုလင်းဖိုးတောင်းမယ်၊ သူ့အထက်ကလူက ..........တောင်းမယ်၊ သူတို့အထက်ကလူက .........တောင်းမယ်၊ သူတို့အထက်... သူတို့အထက်.... သူတို့အထက်.... အင်း ဒီလိုနဲ့ တက်သွားလိုက်တော့ တိုက်တောင်းတာတွေ၊ မြေကွက်တောင်းတာတွေ၊ ကားတောင်းတာတွေ၊ ရှယ်ယာတောင်းတာတွေ၊ တစ်ဆင်စာတောင်းတာတွေ၊ ဘဏ်စာရင်းမှာ ထည့်ခိုင်းတာတွေ၊ စသည်ဖြင့်ပေါ့လေ ရှိနိုင်တယ်လို့ တွေးမိပါတယ်။ (ကျွန်တော်တွေးကြည့်မိတာတွေပါ၊ လက်တွေ့မှာ အဲဒီလို တကယ်လုပ်မလုပ် ကျွန်တော်ကိုဉာဏ် တကယ်မသိပါဘူးနော်၊ စိတ်ကူးသက်သက်ပါ) တစ်ခုတော့ ဖြေတွေးတွေးလို့ ရပါတယ်။ ဂုဏ်ယူမယ်ဆိုပြီး ဂုဏ်ယူစရာပေါ့။ တချို့က ပြောတတ်ကြတယ်လေ။ ခေတ်ပျက်ကြီးတို့၊ ဆုတ်ကပ်တို့ စသည်ဖြင့်ပေါ့။ ကျွန်တော်တို့နိုင်ငံကတော့ ဘယ်လောက်ပဲ ခေတ်မီတိုးတက်တယ်၊ နိုင်ငံခြားယဉ်ကျေးမှုတွေ ၀င်လာတယ်၊ ရိုးရာဓလေ့စရိုက်တွေ ကွယ်ပျောက်တယ်ပဲပြောပြော လူကြီးသူမတွေ၊ ကိုယ့်ထက်ကြီးတဲ့သူတွေကို ဂါရ၀ပြုတဲ့ဓလေ့၊ သိတတ်တဲ့ဓလေ့၊ ချဉ်းကပ်တဲ့ဓလေ့ (ခြင်းကပ်ခြင်း မဟုတ်ပါ) ကတော့ မပျောက်မပျက်ဘဲ ယနေ့တိုင် ထိန်းသိမ်းထားနိုင်ဆဲပါလားဆိုပြီး ကျွန်တော်ကိုဉာဏ်ဖြင့် အသားလွတ်ကြီး ဂုဏ်ယူမိကြောင်းပါခင်ဗျား။
(၃)
စာပေစိစစ်ရေးက ကြိုတင်စိစစ်ဖြတ်တောက်တဲ့ လုပ်ငန်းတွေကို မလုပ်တော့ဘဲ ထုတ်တင်စနစ်ကို ပြောင်းပေးလိုက်ပြီ ဖြစ်ပေမယ့် အများစုက မယုံမရဲနဲ့ စောင့်ကြည့်နေဆဲ၊ ထိန်းထိန်းသိမ်းသိမ်း လုပ်နေဆဲ အချိန်အခါမျိုးမှာ တကယ့်ကို ကွက်တိကျတဲ့ ကာတွန်းတစ်ကွက်ပါပဲ။ ရေးကြည့်ပါလားဆိုတော့ ကျွန်တော်ကိုဉာဏ်က အရင်အပတ်ကထုတ်တဲ့ ပြည်သူ့ခေတ်ဂျာနယ်ထဲက ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်ရဲ့ ဆောင်းပါးကို ညွှန်းဆိုချင်သဗျ။ ကျွန်တော့်ဘလော့ဂ်မှာလည်း တင်ပေးထားပါတယ်။ ပညာဟူသည် မြတ်ရွှေအိုး ဆိုတဲ့အမည်နဲ့ပါ။ ဖတ်ပြီးတဲ့သူတွေကတော့ သိလောက်ပါတယ်။ အဲဒီထက်ရေးရရင်တော့ နာမည်တပ်ပြီး ဆဲတဲ့ဟာကို ဂျာနယ်ထဲမှာရေးဖို့ပဲ ကျန်ပါတော့တယ်။ ဒီနေရာမှာ ကျွန်တော်ကိုဉာဏ် တွေးမိတာက စာနယ်ဇင်းတွေအနေနဲ့ လွတ်လပ်ခွင့် မရှိဘူး၊ လွတ်လွတ်လပ်လပ် မရေးရဘူးဆိုတာ ဘာကိုပြောတာလဲလို့ တစ်ခါတစ်ခါ တွေးမရပါဘူး။ ဆိုလိုတာက သူတို့တွေက ဘယ်လိုရေးချင်တာလဲ။ လွတ်လပ်စွာရေးသားခွင့် ဆိုတာကို သူတို့တွေက ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုသလဲဆိုတာကို သိချင်ပါတယ်။ ဒီနေ့အထိတော့ ကျွန်တော်ကိုဉာဏ်ကပဲ ထုံလွန်းအလွန်းတာလား မသိပါဘူး။ လွတ်လွတ်လပ်လပ် ရေးတယ်ဆိုတာ ဒီလိုဒီလို ရေးတာကွဆိုပြီး ရှင်းပြတာမျိုးကို မဖတ်ဖူးသေးပါဘူး။ သူများအတွင်းရေးကို ပုတ်သင်ဥပေါ်အောင် ဖော်ထုတ်ရေးသားမှ လွတ်လပ်စွာ ရေးသားခွင့်လို့ ဆိုလိုတာလားလို့လည်း မကြာမကြာ တွေးမိပါတယ်။ ကျွန်တော်တို့တွေက ခေတ်ကြီးကို ပြင်ချင်ကြတာမဟုတ်လား၊ ကောင်းမွန်တဲ့၊ တရားမျှတတဲ့ ခေတ်တစ်ခုကို ဖန်တီးချင်ကြတာ မဟုတ်လား။ အခုဖြစ်နေတဲ့ တစ်ချို့သော ကိစ္စတွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆန်ဆန်၊ လက်သီးပုန်းထိုးခြင်းဆန်ဆန်၊ ရန်တိုက်ပေးခြင်းဆန်ဆန်၊ အပုပ်ချခြင်းဆန်ဆန် ဖြစ်နေတယ်လို့ မြင်မိပါတယ်။ မီဒီယာတွေကို ဝေဖန်တာနဲ့ ပတ်သက်လို့လည်း ကျွန်တော့်ဆီကို အီးမေးလ်တွေနဲ့ ကောင်းချီးပေးကြသူတွေ၊ မေတ္တာပို့ကြသူတွေ ရှိပါတယ်။ ဟုတ်ကဲ့.... ကျွန်တော်စာတွေကို စွဲစွဲမြဲမြဲ ဖတ်ဖြစ်တဲ့ အချိန်ကတည်းကစပြီး ယနေ့အချိန်အထိ မပြောင်းမလဲဘဲ ရှိနေတဲ့ ခံယူချက်တစ်ခုကတော့ ဓားသွားထက် ကလောင်သွားထက်တယ် ဆိုတာပဲဖြစ်ပါတယ်။ နောင်လည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ကျွန်တော်ကိုဉာဏ်ဟာ ဘယ်လိုလူလဲ၊ ဘယ်သူ့ဘက်ကလည်းဆိုတာ သိလောက်မယ် ထင်ပါရဲ့ဗျာ။
(၄)
ကျွန်တော်အင်မတန်မှ သဘောကျမိတဲ့ ကာတွန်းလေးပါ။ ဒီနေ့အထိလည်း ကျွန်တော်နားမလည်နိုင်သေးတဲ့ အချက်က လမ်းပြင်နေသည် ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး လမ်းပေါ်မှာ ကျောက်ခဲတွေဖြည့် ကတ္တရာလောင်းပြီး အခုထိ ဘာလို့ဖြစ်နေသလဲဆိုတာပါပဲ။ လွှတ်တော်မှတ်တမ်းမှာ ဖတ်ဖူးတာလေးတစ်ခုကို ပြန်သတိရမိပါတယ်။ နာမည်ကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)က ဦးလှဆွေက သူ့ဒေသမှာ လမ်းတွေမကောင်းလို့ ပြင်ပေးဖို့ပြောရင်းနဲ့ စိတ်အချဉ်ပေါက်ပြီး ပြောလိုက်တယ်နဲ့ တူပါတယ်။ အဲဒီမှတ်တမ်းကိုဖတ်ပြီး ကျွန်တော့်မှာ ရယ်လိုက်ရတာ အူတွေကို နာလို့ဆိုသလိုပါပဲ။ မျက်စေ့ထဲမှာလည်း ကွက်ကွက်ထင်ထင်ကြီး မြင်မိတာကိုး။ ဦးလှဆွေက လမ်းပြင်တယ်ဆိုတာကလည်း ဘုရားစူးလမ်းပြင်ကြတာပါ၊ ကျောက်ခဲလေး နည်းနည်းပါးပါးခင်း၊ အပေါ်ကနေ လမ်းကြိတ်စက်နဲ့ကြိတ်၊ ပြီးတော့ အပြေးအမြန်ဆုံးလူကို ကတ္တရာပုံးဆွဲပြီး ပြေးခိုင်းတာပါတဲ့။ ကဲ.... မျက်စေ့ထဲသာ မြင်ယောင်ကြည့်ပါတော့ဗျာ။ အခု ကျွန်တော့်ရုံးရှေ့မှာ လမ်းဖာနေကြတယ် (အဲ..ဆောရီးဗျာ၊ လမ်းပြင်နေကြတယ်)။ မေးကြည့်တော့ စည်ပင်က ၀န်ထမ်းတွေလည်း မဟုတ်ဘူး။ စပ်စုကြည့်တော့ ကန်ထရိုက်ပေးပြီး လုပ်ခိုင်းတာတဲ့။ ကျွန်တော်သဘောပေါက်သွားတယ်။ ဟိုးအပေါ်မှာ တင်ပြခဲ့တဲ့ ကာတွန်းနဲ့ ဆက်စပ်မိသွားပြီဗျ။ ဆက်တွေးကြည့်တယ်။ သေချာတာကတော့ စည်ပင်ကပြင်ရတာဆိုပါစို့၊ သေချာကတော့ စည်ပင်ဟာ ကန်ထရိုက်ကို လမ်းပြင်ဖို့အတွက် သူရထားတဲ့ ဘတ်ဂျက်အတိုင်း ပေးမှာမဟုတ်ဘူး ဆိုတာပါပဲ။ သဘောမတူသူတွေ ရှိရင်လည်း ခွင့်လွှတ်ဗျာ။ :P ဆိုလိုတာက ဒီလမ်းပြင်ဖို့ ဘတ်ဂျက်က သိန်းတစ်ရာရထားရင် သူက ကန်ထရိုက်ကို သိန်းတစ်ရာပေးပြီး ခိုင်းမှာမဟုတ်တာ သေချာတယ်။ အဲဒါကိုပြောတာ။ ကန်ထရိုက်ကလည်း သူယူထားတဲ့ တန်ဖိုးအတိုင်း အဲဒီလမ်းကို ခင်းမှာမဟုတ်တာ သေချာတယ်ဗျ။ ဆိုလိုတာက သိန်း ၈၀ နဲ့ယူပြီး ကန်ထရိုက်က လုပ်တယ်ဆိုရင် အဲဒီလမ်းကို သူက သိန်း ၆၀ ဖိုးလောက်ပဲ ခင်းနိုင်တယ်ဗျ။ ဒါမှ သူ့အတွက် ကျန်မှာကိုး။ သိန်း ၆၀ ဖိုးတော့ မကပါဘူးကွာလို့ ပြောသူတွေရှိရင်လည်း ကျွန်တော့်ကို ခွင့်လွှတ်ဗျာ။ ကဲ... အဲဒီလမ်းက ကောင်းနိုင်ပါဦးမလား စဉ်းစားကြည့်ကြပေါ့ဗျာ။ အဲဒီလိုသာဆိုရင် (ကာတွန်းကြောင့်ပြောတာနော်) ကျွန်တော်တို့မြန်မာပြည်မှာ ရှိသမျှလမ်းတွေဟာ ဖာလမ်းတွေချည်းပဲဗျ။ မင်းဘယ်လမ်းမှာ နေသလဲဆိုရင် ကျွန်တော်ကတော့ ဖာလမ်းမှာ နေတယ်ခင်ဗျလို့ ဖြေလိုက်မယ်လို့ စဉ်းစားမိတယ်။ ဒါပေမယ့် သေချာတွေးကြည့်တော့ သိပ်တော့မနိပ်လှပါဘူးဗျာ။ ခင်ဗျားတို့ရော ဘယ်လမ်းမှာနေသလဲဗျ။ အဟီး။ စိတ်မဆိုးပါနဲ့ဗျာ။
(၅)
ဘာပြောရမှန်းတောင် မသိတော့တဲ့ ကာတွန်းတစ်ကွက်ပါပဲ။ မပြုံးဘဲ ၀ါးလုံးကွဲရယ် ဆိုသလိုမျိုးတော့ ဖြစ်နေပြီထင်ပါရဲ့။ ဒီကာတွန်းကိုတော့ ကျွန်တော်ကိုဉာဏ် တကူးတကန့် ရှင်းပြဖို့ လိုမယ်မထင်ဘူးလို့ ဆိုချင်ပါရဲ့။ ခေတ်အခြေအနေအရ ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာ စာဖတ်သူတွေက ပိုသိပါတယ်။ အငြိမ့်ထဲက လူရွှင်တော်တွေ နောက်သလိုသာ နောက်လိုက်ချင်တော့တယ်။ အဲဒီကာတွန်းလည်း ဖတ်ပြီးရော ကျွန်တော်ကိုဉာဏ်က လူရွှင်တော်လေသံနဲ့ အူဝဲ... အူဝဲ.... အူဝဲ.... လို့ပဲ အော်လိုက်မိပါတယ်ဗျာ။ ပြုံးပျော်ရွှင်မြူးနိုင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၀၅ မိနစ်တွင်ပြီး၏။
၁။ဆရာအောင်ထွဋ် ပြောသွားဖူးတယ် ကုန်ဈေးနှုန်းကြီးတယ်လို့မယူဆပါနဲ့တဲ့။ဝင်ငွေနဲနေသေးတယ်လို့ယူဆပါတဲ့။လူတွေဝင်ငွေများလာရင် စာအုပ်ဈေးနှုန်းတွေကနည်းသွားမှာပါ။
ReplyDelete၄။ ဆင်းရဲခြင်းသံသရာကနေမလွတ်သရွေ့ ဖာလမ်းမှာပဲနေရဦးမှာပါပဲ။အဲဒါပေမယ့် ကျွန်တော်ကတော့ နေပြည်တော်မှာနေပါတယ်။
ReplyDeleteဖာလမ်း ဖာလမ်း ဆိုတော့ ဖင်ကြိမ်းသကွဲ့ ။တချောင်းချောင်းနဲ့ ဆောင့်သကိုး။
ReplyDelete