Saturday, August 25, 2012

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သဘောထားအမြင်များ



ဦးကျော်ဝင်း (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ၊ စာရေးဆရာ)
ကျွန်တော် ဉာဏ်မီသလောက်ပြောရရင် အခုကိစ္စက နှစ်မျိုးဖြစ်နိုင်မယ် ထင်တယ်။ ပထမအချက်ကတော့ အခြေခံဥပဒေအပေါ် နားလည်ချက်။ ဒါကို ရိုးရိုးသားသား မတူကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ မသိနိုင်၊ သိခွင့်မရှိတဲ့ နောက်ကွယ်က အကြောင်းရင်းတစ်ချို့ ရှိကောင်းရှိနိုင်တယ်။ ပြောရရင် လွှတ်တော်နဲ့ အစိုးရအဖွဲ့ အားပြိုင်မှုမျိုးလားပေါ့။

ပထမအချက် ဖြစ်နိုင်ခြေက အခြေခံဥပဒေကို ရိုးရိုးသားသား နားလည်ချက် မတူတာဆိုရင် ညှိနှိုင်းလို့ရမယ် ထင်ပါတယ်။ အထူးသဖြင့် ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲခဲ့သူတွေကို သက်ရှိထင်ရှား ရှိနေတဲ့ ခုလိုချိန်မှာ မူလအဓိပ္ပာယ် ပြန်ဖော်ဖို့က သိပ်ခက်မယ် မထင်ဘူး။ မူလအဓိပ္ပာယ်ကိုက လက်တွေ့အလုပ်လုပ်ရာမှာ အခက်အခဲ ဖြစ်သလိုရှိနေရင် ပြင်သင့်ပြင်ရမှာပါ။

ဒုတိယဖြစ်နိုင်ခြေ အားပြိုင်မှုဆိုရင်တော့ ဖြေရှင်းရခက်လိမ့်မယ်။ အားပြိုင်မှု ဘရိတ်ပေါက်ပြီး ပဋိပက္ခအသွင် ရောက်သွားရင် နုနယ်တဲ့ ဒီမိုကရေစီအတွက် အန္တရာယ်ကြီးတယ်။ ဒါကို နှစ်ဖက်စလုံး ထိန်းမှဖြစ်မယ်၊ ထိန်းကြပါလို့လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အာဏာသုံးရင် တစ်နည်းပြောရရင် မဏ္ဍိုင်သုံးခုဟာ အပြန်အလှန် ထိန်းကျောင်းဖို့ လိုသလို ညီညွတ်ဖို့လည်း လိုမယ်ထင်တယ်။

ကမ္ဘာကရော မြန်မာကပါ အသိအမှတ်ပြု လက်ခံနေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲမှာ ဦးသိန်းစိန်တို့၊ သူရဦးရွှေမန်းတို့ဆိုတာ ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တွေပါ။ လူပုဂ္ဂိုလ်အရပြောရရင် သူတို့နှစ်ယောက် ညီညွတ်ရေး၊ အဖွဲ့အစည်းအရ ပြောရရင် အစိုးရနဲ့လွှတ်တော် ပူးပေါင်းဆောင်ရွက်မှုဟာ ဒီကနေ့ အပြောင်းအလဲရဲ့ သော့ချက်လို့ ထင်ပါတယ်။

သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လူထုအများစု အသိအမှတ်ပြု လက်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားကြရင် အခက်အခဲအားလုံး ဖြတ်ကျော်ပြီး လိုရာခရီးကို အေးအေးညောင်းညောင်း ဆက်နိုင်မယ် ထင်တာပဲ။ အဲဒီတိုင်းပဲ ဖြစ်စေချင်ပါတယ်။


ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ကျွန်တော်နားလည်တာက ပြည်ထောင်စုအဆင့်ဆိုတဲ့ ဝေါဟာရကို ဖွင့်ဆိုတဲ့နေရာမှာ အရေးကြီးဆုံးအချက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပိုင်းဆိုင်ရာ ပဋိပက္ခပေါ့။ လက်တွေ့ကျကျ စဉ်းစားတာက နိုင်ငံတော်သမ္မတ သ၀ဏ်လွှာ၊ လွှတ်တော်ဥက္ကဋ္ဌ သ၀ဏ်လွှာ ဒီနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့လွှတ်တော်က ယူထားတာက လွှတ်တော်လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေကို ခေါ်ယူမေးမြန်း စုံစမ်းတဲ့အခါမှာ ပြည်ထောင်စုအဆင့်ဆိုတာ ရှိတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာက ဒီဘက်က လိုချင်တာ လုပ်ပိုင်ခွင့်။ သမ္မတရဲ့ သ၀ဏ်လွှာကို ကြည့်လိုက်တဲ့အခါကျတော့ ခံစားခွင့်၊ ခံစားပိုင်ခွင့်တွေ ဖြစ်လာတဲ့အတွက် ဒီဟာတွေပေးရမှာကို သမ္မတဘက်ကလည်း တွက်ချက်ပြီးတော့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြတာ။

အဲဒီတော့ ကျွန်တော့်အမြင် ပြောရရင် ဒီနှစ်ခုကို ညှိလိုက်ဖို့ လိုတယ်။ လွှတ်တော်က လိုလားတဲ့ ပြည်ထောင်စုအဆင့်သည် လုပ်ပိုင်ခွင့်ပဲ ဖြစ်တယ်ဆိုတာကို တစ်နည်းနည်းနဲ့ ဘောင်ခတ်လိုက်ပေါ့။ အဲဒါဆို သမ္မတကြီးပြောချင်တဲ့ ခံစားပိုင်ခွင့် ဆိုတဲ့ဟာမျိုးလည်း မရှိတော့ဘူး၊ အလုပ်ဖြစ်သွားပြီ။ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ အရှိန်မြင့်နေတဲ့ အချိန်မျိုးမှာ ဒီပြဿနာကြောင့် နှေးကွေးမှာ မလိုလားဘူး။

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဥက္ကဋ္ဌ)
ဒီပြဿနာက ဘယ်အရာကိုမှ ယတိပြတ် ပြောလို့မရဘူး။ အခြေခံဥပဒေမှာ ပါတာနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြဋ္ဌာန်းထားတာတွေက ဘာကိုမှ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း အဖြေပေးမထားဘူး။ အငြင်းပွားစရာ ဖြစ်နေတယ်။ မှီငြမ်းစရာ မရှိလို့ ၀ိဝါဒ ကွဲနေတာကိုး။ ဥပဒေပြုရေးအာဏာကတော့ အားလုံးလွှမ်းခြုံပြီး ရှင်းလင်းအောင် လုပ်လို့ရတာပေါ့။ အပြန်အလှန် ထိန်းကျောင်းဖေးမပြီး ညီညီညွတ်ညွတ်နဲ့သွားရင် ပိုအဆင်ပြေမယ်လို့ ထင်တယ်။

ကျွန်တော်တို့ ၁၀ ပါတီနဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့တုန်းကလည်း ပြောခဲ့ပါတယ်။ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာ ညီညီညွတ်ညွတ်သွားရင် နိုင်ငံအတွက် ပိုကောင်းမယ်ဆိုတာ ကျွန်တော်တို့ ပြောခဲ့တယ်။ အဲဒီလို ညီညွတ်နေမှ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲက ပိုသိမ်မွေ့ပြီး ပြေလည်နိုင်မယ်ထင်တယ်လို့ ပြောခဲ့တယ်။

ဒီကိစ္စက သမ္မတကြီးကနေ ရှေ့နေချုပ်ကတစ်ဆင့် တင်တဲ့ကိစ္စကို ပြန်ရုပ်ရင် အနည်းငယ် ပြေလည်လောက်တယ်။ အဲဒါမှ ခက်ခဲနေတယ်ဆိုရင် ခံစားချက်တွေ ပုဂ္ဂိုလ်ရေးဖယ်ရှားပြီး ဒီမိုကရေစီကျင့်စဉ်အရ ထိန်းကျောင်းဖေးမပြီး ညီညီညွတ်ညွတ်နဲ့ သွားသင့်တယ်။

မနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတနဲ့ တွေ့တယ်လို့ ကြားပါတယ်။ ဒီပြဿနာကို ဒေါ်အောင်ဆန်းစုကြည် တတ်နိုင်သလောက် ၀င်ရောက်ညှိနှိုင်းပေးနိုင်ရင် အကောင်းဆုံး ဖြစ်လာမယ် ထင်တယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရယ်၊ သမ္မတရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် ၀ိုင်းဝန်းဖြေရှင်းလိုက်ရင် ပြေလည်သွားလိမ့်မယ်လို့ ထင်တယ်။

ဒေါက်တာ အေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
ခုံရုံးရဲ့ သုံးသပ်ချက်ကို ခုံရုံးကပဲ ဆုံးဖြတ်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုံရုံးကို ဖွဲ့စည်းတာလည်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာ။ ခုံရုံးမှာ ပါသင့်ပါအပ်တဲ့ ခုံရုံးအဖွဲ့ဝင်တွေရဲ့ အရည်အချင်းကိုလည်း သတ်မှတ်ထားတာ ရှိတယ်။ ခုံရုံးကို ဘာကြောင့် ဖွဲ့စည်းသလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းဖို့ အဓိပ္ပာယ်ဖွင့်ဆိုတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ တစ်ခုချင်းကို အကျွမ်းဝင်ကြတဲ့ ပုဂ္ဂိုလ်တွေက အင်မတန် နည်းတယ်ဗျ။ ခုံရုံးမှာပါတဲ့ ပုဂ္ဂိုလ်တွေက (မနှိုင်းကောင်းပါဘူး) တိပိဋက အာဂုံဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေလို ဆိုရင်တော့ မေးနိုင်ထောက်နိုင်တာပေါ့။ ဒီပုဂ္ဂိုလ်တွေကိုက ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ တစ်ခုချင်းပေါ်မှာ ကျွမ်းကျွမ်းကျင်ကျင် အဓိပ္ပာယ်ဖွင့်နိုင်တဲ့ အရည်အချင်း ပြည့်ပြီလား၊ သူတို့ကိုယ်သူတို့ သုံးသပ်ရလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံက တကယ်တမ်း သူတို့ရေးခဲ့တဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။

ဦးအောင်တိုးဆိုရင် ကျွန်တော်မပြောဘူး။ အဲဒါကြောင့် သူတို့သည် အဓိပ္ပာယ် ဖွင့်ဆိုတဲ့အခါမှာ မမှားပါဘူးလို့ ပြောလို့မရဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဘာကို ရည်ရွယ်သလဲ။ ဒေါက်တိုင်ကြီး သုံးခု၊ မဏ္ဍိုင်ကြီး သုံးခု Check and Balance ပုံသဏ္ဌာန်ကို သွားချင်တာ။ ဒါမျိုးဖြစ်ဖို့ ဖန်တီးထားတဲ့ ပုဒ်မတွေ အများကြီးရှိတယ်။ ဥပမာ-ပုဒ် ၂၁၇၊ သူ့ရဲ့အတိုင်းအတာ၊ အာဏာစက်တွေ ရှိတယ်။ အုပ်ချုပ်ရေးလမ်းကြောင်းကတော့ ဟိုတုန်းကသွားသလို သွားချင်တာပဲ။ ဒါလည်း ဓမ္မတာ သဘာဝကျတာပဲ။ သူတို့က မပြောင်းလဲလိုဘူးလေ။ ခုပြောင်းလဲလိုတဲ့ စနစ်ကို တီထွင်တာမို့လို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပုဒ်မတစ်ခုချင်းမှာ သီးသန့်စီ ပေးထားတာ ရှိတယ်။ အဲဒီတော့ တကယ်တမ်း အဓိပ္ပာယ် ကျွမ်းကျွမ်းကျင်ကျင် ဖွင့်နိုင်တဲ့ ပုဂ္ဂိုလ်တွေရှိဖို့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှာ လိုအပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ တစ်ခုချင်းစီရဲ့အဓိပ္ပာယ်ကြွယ်ဝမှုကို ဖွင့်ဆိုနိုင်မှ ပြည်သူရော၊ အစိုးရရော၊ လွှတ်တော်တို့ရော မျှဝေခံစားနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် အရည်အချင်း ပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေ လိုတယ်။ ဒေါသ၊ ဆန္ဒစွဲ မပါရဘူး။

စွပ်စွဲပြစ်တင်မှု လုပ်ရမှာပေါ့။ လုပ်ရမယ့်တာဝန်က ပြည်သူတွေက ပေးထားတာ။ လွှတ်တော်ကိုရောက်တဲ့ ပုဂ္ဂိုလ်တိုင်းက တည့်မတ်ပေးရမယ်။ ဒါပေမယ့် လုပ်ချင်မှလည်း လုပ်ဖြစ်မယ်။ တာဝန်သိသိနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ညှိနှိုင်းနိုင်မယ်ဆိုရင် ခုံရုံးက သူ့ဟာသူ နုတ်ထွက်သွားမှာ။ အဲဒါ အကောင်းဆုံးပဲ။

ဒေါ်ခင်ဝိုင်းကြည် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
တင်မယ်လို့ ကြားပေမယ့် တကယ်တမ်း ညှိလိုက်တဲ့အခါ တစ်မျိုးဖြစ်ချင် ဖြစ်သွားနိုင်တယ်လေ။ အခုအချိန်ထိတော့ Confirm (အတည်) မဖြစ်သေးဘူး။ အန်တီ့သဘောထားက အန်တီတို့နိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက် Trust (ယုံကြည်မှု) လိုတယ်။ Unity လိုတယ်။ နောက် Negotiation (ညှိနှိုင်းစေ့စပ်မှု) လိုတယ်။ နောက်ကျတော့မှ Peace တို့၊ Development တို့က လာမှာ။ Procedure (အဆင့်)တွေက အဲလိုရှိတယ်ဆိုတော့ အန်တီက စိတ်ရင်းအတိုင်း အကုန်လုံး Negatiate လုပ်တယ်။ ဆွေးနွေးတယ်။ ညှိနှိုင်းတယ်။ အဆင်ပြေတယ်။ အမြဲတမ်း အဲဒါမျိုးကိုပဲ လိုချင်တယ်။ လိုချင်တာဆိုတော့ တကယ်လို့သာ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းတိုင်ပင်လို့ အဆင်ပြေသွားတယ်ဆိုရင် အန်တီတို့က အရမ်းဝမ်းသာတယ်ပေါ့။ ပေါင်းလုပ်ကြရမယ့် သူတွေပဲလေ။ ဒါပေမဲ့ တစ်ခုရှိတာက ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူးလေ။ အဲဒီကျတော့ ဥပဒေပြုနေတဲ့သူတွေရဲ့ Role နဲ့ အဆင့်ကတော့ တစ်စုံတစ်ရာ အတိုင်းအတာ တစ်ခုအထိ Responsible (တာဝန်)ကျတဲ့ အဆင့်တစ်ခု ရှိရမယ်။ အဲဒီတော့ အန်တီပြောတဲ့ စကားလုံးတွေက ဘယ်ကို ဦးတည်နေသလဲ။ ဘယ်လို အဓိပ္ပာယ်ရှိတယ်ဆိုတာ သိမှာပဲ။

ဦးရဲထွန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
အကောင်းဆုံး ဖြစ်တာကတော့ နိုင်ငံတော်သမ္မတက နိုင်ငံတော်အဆင့် အဖွဲ့အစည်းဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒီခုံရုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်လိုဆိုထားသလဲ ဆိုပြီးတော့ အဓိပ္ပာယ်ဖွင့်ခိုင်းတာ။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကလည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည်မှာ ဆိုပြီးတော့ အဓိပ္ပာယ်ဖွင့်ရုံပဲ သူ့မှာ တာဝန်ရှိတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဒီဟာတွေ ညီမညီဆိုတာ ဘယ်ဟာတွေပဲ လုပ်ခွင့်ရှိသလဲဆိုတော့ ကျွန်တော်တို့ နောက်လွှတ်တော်မှာပြုမယ့် ဥပဒေတွေကျတော့မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ ဆိုတာကို လုပ်ရမယ့် တာဝန်ရှိတာ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က ပြုခဲ့တဲ့ ဥပဒေတွေရော အင်္ဂလိပ်လက်ထက်က ပြုခဲ့တဲ့ ဥပဒေတွေရော ညီမညီဆိုတာ သုံးသပ်ဖို့ သူ့ထဲမှာ မဖော်ပြထားဘူး။ အဲဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာလည်း မပါဘူး။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥပဒေထဲမှာလည်း မပါဘူး။

အဲဒီတော့ နိုင်ငံတော်သမ္မတက ပေးလိုက်တဲ့ တာဝန်ကတော့ ဥပဒေနဲ့ညီတယ်။ ဘယ်လိုပဲ ပြန်ပြီး ဖြေသင့်တာလဲဆိုရင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည်မှာ ပြည်ထောင်စု အစိုးရအဖွဲ့၊ ရွေးကောက်ပွဲကော်မရှင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး စသဖြင့်ပေါ့လေ အတိအကျ ဖော်ပြပြီးတော့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များဟာ ပြည်ထောင်စုအဆင့် ဥပဒေပြု အဖွဲ့အစည်းများ ဖြစ်တယ်လို့ အဓိပ္ပာယ် ကောက်ယူနိုင်ပါတယ်လို့ပြောရင် အဲဒါ နှစ်ဖက်စလုံးအတွက် ကောင်းတယ်။ အဲဒါက နိုင်ငံတော်သမ္မတကြီး လိုချင်တဲ့ အဖြေလည်း ရသွားတယ်။ ကျွန်တော်တို့ကိုလည်း ဒီအဆင့် အမှန်အတိုင်းပဲ။ ကျွန်တော်တို့က လိုချင်လို့ ပြဋ္ဌာန်းတဲ့ဟာ မဟုတ်ဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတာတော့ မဟုတ်ဘူး။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ ဥပဒေတွေထဲမှာ အတိအကျ ပါပြီးသား။

သူတို့က အဲဒီဥပဒေတွေကို လေ့လာသုံးသပ်ခွင့် မရှိတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာပါတဲ့ စာသားကိုပဲ လုပ်ရင် လုံလောက်ပြီ။ ထပ်မကွန့်နဲ့။ ထပ်ကွန့်ရင် သူ့ကို ပေးအပ်မထားတဲ့ တာဝန်ကို ထမ်းဆောင်လိုက်တာ ဖြစ်တဲ့အတွက် သူ့ရဲ့ ဆုံးဖြတ်ချက်ဟာလည်း ဥပဒေနဲ့ မညီတော့ဘူး၊ အာဏာမသက်ရောက်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပြည်သူ့လွှတ်တော်က ခုံရုံးရဲ့ ဆုံးဖြတ်ချက်နောက်ပိုင်းမှ ဖွဲ့စည်းတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေး ကော်မတီကို ပြည်ထောင်စု အဖွဲ့အစည်း ဖြစ်သည်လို့ ရေးထည့်ပေးတာလည်း မမှားဘူး။ မှန်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဆုံးဖြတ်ချက်က အာဏာ မသက်ရောက်လို့။

အဲဒီရဲ့ Concept ပေါ့။ အဲဒါကို ယူပြီးတော့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ရယ် ဒါကို ဆွေးနွေးတိုင်ပင်လိုက်ရင် ဘာမှ လုပ်စရာ မလိုဘဲနဲ့ ကျွန်တော်တို့လည်း သူတို့ကို ဖြုတ်စရာမလို၊ သူတို့လည်း နုတ်ထွက်စရာ မလို၊ ဆုံးဖြတ်ချက်က အလိုအလျောက် ပြယ်သွားပြီ ဆိုပြီးတော့ လုပ်လို့ရတယ်။

(The VOICE Weekly ဂျာနယ်၊ အတွဲ ၈၊ အမှတ် ၃၄၊ စာမျက်နှာ ၂၂၊ ၂၃ မှ ပြန်လည်ကူးယူဖော်ပြပါသည်။) 

No comments:

Post a Comment

 
Web Statistics