(၁)
မြန်မာ့လေကြောင်း လေယာဉ်လက်မှတ်ခ (ရန်ကုန်-စစ်တွေ)က အရင်ငါးလလောက်က ကျွန်တော်သွားခဲ့တုန်းက ၅ သောင်းကျပ်၊ အခွန်က တစ်ထောင်ကျပ်၊ စုစုပေါင်း ငါးသောင်းတစ်ထောင်ကျပ်၊ အခု ဈေးတက်သွားတော့ လေယာဉ်လက်မှတ်ခက ခြောက်သောင်းငါးထောင်ကျပ်၊ အခွန်က တစ်ထောင်၊ စုစုပေါင်း ခြောက်သောင်းခြောက်ထောင်ကျပ်။ ကျွန်တော့်အတွက် အတော့်ကို အီစလံဝေသွားတဲ့ ဈေးနှုန်းပါပဲ။ ရတဲ့လစာက လေယာဉ်အသွားအပြန်စီးရင် ကုန်သလောက်ဖြစ်ပြီ။ လေယာဉ်မစီးပြန်ရင်လည်း အခြားသွားလာရေးက အဆင်မပြေဘူး။ ကားလမ်းကသွားရင် အခုလို မိုးတွင်းဆိုရင် သုံးညအိပ်လေးရက်တို့၊ တစ်ခါတစ်လေ လေးညအိပ်ငါးရက်တို့ ကြာတတ်တယ်။ သင်္ဘောခရီးစဉ်ဆိုတာကတော့ သိတဲ့အတိုင်းမို့ မပြောတော့ပါဘူး။ အဲဒါကြောင့် လေယာဉ်နဲ့ ခရီးသွားခြင်းဟာ ရခိုင်ဒေသအတွက် အင်မတန်မှ အရေးပါတဲ့ကဏ္ဍ ဖြစ်ပါတယ်။ လေကြောင်းလိုင်းတွေများ မပြေးဆွဲဘူးဆိုရင် တကယ့်ကို မလွယ်ကြောပါပဲ။ လေယာဉ်စီးခ တက်သွားတဲ့အတွက် သိသာထင်ရှားတာလို့ ကျွန်တော်ထင်တာကတော့ လေယာဉ်ပေါ်မှာကျွေးတဲ့ မုန့််ပုံးလေး သပ်သပ်ရပ်ရပ် ဖြစ်သွားတာပါပဲ။ အရင်က ပလတ်စတစ်ဗူးနဲ့ ပုံတုံးတုံးကြီး ထည့်ပေးရာက အခုတော့ စက္ကူဗူးတွေ ဘာတွေနဲ့ တော်တော်ကို သပ်ရပ်သွားပါတယ်။ မုန့်တွေလည်း ပိုကောင်းလာတာ တွေ့ပါတယ်။ Premier ကော်ဖီလေးတစ်ခွက်နဲ့ တကယ့်ကို ကျေနပ်စရာပါဗျာ။
(၂)
စစ်တွေကိုရောက်တော့ အရင်တုန်းကလို ပျားပန်းခပ်မျှ မည်းမည်းသည်းသည်းနဲ့ သည်းသည်းလှုပ်မြင်ကွင်းတွေ အခု မမြင်ရတော့ဘူး။ လေဆိပ်ကလည်း တကယ့်ကို စည်းကမ်းအပြည့်နဲ့၊ အရင်လို ဟိုခရီးသည်ကိုဆွဲ၊ ဒီခရီးသည်ကို အတင်းခေါ် မရှိတော့ဘူး။ အားလုံးဟာ တကယ့်ကို ပုံစံခွက်တစ်ခုအလားပေါ့။ လေဆိပ်ကိုတော့ တပ်မတော်သားတွေ လုံခြုံရေးချထားတာ တွေ့ရပါတယ်။ လေယာဉ်ပေါ်က ဆင်းလာတဲ့အချိန်မှာ သတိထားမိတာကတော့ အရင်ကလို ခေါင်းမြီးခြုံခရီးသည်၊ မုတ်ဆိတ်ဖွားခရီးသည်၊ ကာလာစုံခရီးသည်တွေ မများတော့တာပါပဲ။ လိုက်ကြည့်မိသမျှတော့ ကျွန်တော်တို့လေယာဉ်မှာ နှစ်ဦးပဲပါတာ တွေ့ရတယ်။ စစ်တွေမြို့ဟာ အရင်တုန်းက အရောင်းသွက်စတိုးဆိုင်က အရောင်းဈေးသည်လေးတွေနဲ့ တူတယ်လို့ ခိုင်းနှိုင်းမယ်ဆိုရင် အခုတော့ ယောက္ခမတွေနဲ့ မိတ်ဆက်ပေးနေတဲ့ အချိန်မှာ တကယ့်ကို ဟန်တစ်လုံး ပန်တစ်လုံးနဲ့ တည်ကြည်နေတဲ့ အပျိုမလေးနဲ့ တူတယ်လို့ ဆိုရပါလိမ့်မယ်။
(၃)
တွေ့ကြုံဆက်ဆံရတဲ့လူတွေနဲ့ စကားပြောကြည့်ရသမျှတော့ သူတို့စိတ်ထဲမှာ တစ်ခုခုကို အခုအချိန်အထိ အလိုမကျသလို၊ စိတ်မချမ်းသာသလို ဖြစ်နေတယ်လို့ ကျွန်တော်မြင်မိတယ်။ ဘာလဲဆိုတာ သေချာ မပြောနိုင်ပေမယ့် သူတို့ရင်ထဲမှာ တစ်ခုခုရှိနေတာ အသေအချာဆိုတာတော့ ကျွန်တော်သိတယ်။ လေ့လာရဦးမယ်။ အရင်ကဆိုရင် ကျွန်တော့်ရုံးကို သွားတဲ့လမ်းမှာ ဆိုက္ကားတွေဆိုတာ ဒုနဲ့ဒေး။ နိုင်ငံခြားက ဘတ်စ်ကားတွေ ငါးမိနစ်ခြားတစ်ခါလောက် မှတ်တိုင်မှာ ရပ်တာလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်။ ဆိုက္ကားတစ်စီးနဲ့ ကျွန်တော်က ဈေးမေးနေတုန်းက အခြားသုံးလေးစီးက ဘေးမှာ အဆင်သင့်စောင့်နေပြီးသားပဲ။ ကျွန်တော်နဲ့ ဈေးပြောနေတဲ့ ဆိုက္ကားသမားရဲ့ တောင်းတဲ့ပိုက်ဆံကို သူတို့ကြားနေပြီးသား။ ကျွန်တော်က ဈေးမကြိုက်လို့ မစီးရင် အဲဒီဈေးအောက် လျော့ပေးနိုင်တယ်ဆိုတဲ့ ဆိုက္ကားဆရာက အဆင်သင့်။ ဘယ်လောက်ပဲပေးပါ။ တက်စီး။ လိုရာရောက်။ အိုကေပေါ့။ အခုတော့ ဆိုက္ကားတစ်စီးလာဖို့အရေး စောင့်လိုက်ရတာ၊ လာတဲ့ဆိုက္ကားတွေကလည်း ခရီးသည်ပါတာများတယ်။ အတော်ကြာမှ တစ်စီးရလို့ ဈေးစကားတွေ ဘာတွေညာတွေ ပြောမနေတော့ဘဲ စီးလိုက်တယ်။ ထုံးစံအတိုင်း စကားစမြည်ပြောကြတာပေါ့။ အမှန်ကတော့ ကျွန်တော်က လူလည်ကျတာလို့ ပြောလို့ရပါတယ်။ ကုန်ကြမ်းရှာတဲ့ သဘောတွေလည်း ပါပါတယ်။ ခင်ဗျားတို့တော့ အတော့်ကို ဟန်ကျသွားတာပဲဗျ။ အခုဆိုရင် ဆိုက္ကားကလည်း နည်းနည်းလေးရယ်။ တစ်နေ့တစ်နေ့ ၀င်ငွေတွေ အများကြီးရမှာပေါ့ မေးရပြောရတယ်။ ဆိုက္ကားနင်းတဲ့လူက ပြန်ပြောတယ်။ အဲလိုလည်း မဟုတ်ပါဘူးတဲ့။ အရင်လိုပါပဲတဲ့။ ခရီးသည်တော့ အရင်လို အကြာကြီး မမျှော်ရဘူးပေါ့တဲ့။ ဒါပေမယ့် ဆိုက္ကားနင်းတာက ဆိုင်ကယ်လို၊ ကားလိုမဟုတ်တော့ ကိုယ့်သတ်မှတ်ထားတဲ့ အခေါက်ရေရောက်ရင် နားလိုက်တာပါပဲတဲ့။ ခရီးသည်ရတိုင်း နင်းနေရင် သူတို့ကျန်းမာရေးအတွက် မကောင်းဘူးတဲ့။ အင်း၊ ဒါလည်း ဟုတ်တာပဲ။ ခရီးသည်ရတယ်ဆိုပြီး တစ်နေကုန် ထိုင်နင်းနေလို့မှ မရတာပဲ။ ကျွန်တော် အတွေးချော်သွားတယ်။ လမ်းမှာ သတိထားမိတာတစ်ခုက ဆိုက္ကားဆရာဟာ လုံခြုံရေးယူထားတဲ့ အစိမ်းရောင်ဝတ်တွေကို လိုက်နှုတ်ဆက်နေတာပါပဲ။ ထမင်းစားပြီးပြီလားမေးလိုက်၊ ဟိုဘက်သွားမလို့ပြောလိုက်နဲ့။ ကျွန်တော်လည်း တအံ့တသြနဲ့ အသိတွေလားလို့ မေးမိတယ်။ ဆိုက္ကားဆရာက မဟုတ်ဘူးတဲ့။ သူတို့တွေကြောင့် ကျွန်တော်တို့ အခုလို ဆိုက္ကားနင်းလို့ ရတာတဲ့။ အစကဆိုရင် ဘယ်သူမှ အပြင်ထွက်ကြတာ မဟုတ်ဘူးတဲ့။ ကျွန်တော်တို့ကတော့ စစ်တပ်က လုံခြုံရေးယူထားတာပဲဆိုပြီး အရဲစွန့်ပြီး အရင်ဆုံး ပြန်နင်းတဲ့အထဲမှာ ပါတယ်တဲ့။ စောစောက နှုတ်ဆက်တဲ့ ရဲဘော်တွေက နာမည် ဘယ်သူဘယ်ဝါဆိုတာ မသိဘူးတဲ့။ နေ့စဉ် ဆိုက္ကားနင်းရင်း သူတို့ကို မြင်နေရတော့ မျက်မှန်းတန်းမိပြီး ရင်းနှီးနေတာတဲ့။ တစ်ခါတစ်လေဆို သူတို့က သတင်းတွေဘာတွေရရင် ဘယ်ဘက်ကိုတော့ ဆိုက္ကားမလိုက်နဲ့တို့၊ ဘယ်နေ့တော့ ခဏနားလိုက်ဦးတို့ ပြောတတ်တယ်တဲ့။ ကျွန်တော် အတော်လေးကို အံ့သြမိတာ အမှန်ပါ။ ကျွန်တော်ရခိုင်မှာ နေလာတဲ့ တစ်နှစ်ခွဲကျော် ကာလအတွင်းမှာ ရခိုင်လူမျိုးတစ်ယောက်ရဲ့ ပါးစပ်ကနေ စစ်သားတွေကို အကောင်းပြောတာ ဒီတစ်ခါပဲ ကြားဖူးတယ်။ ကျွန်တော်တောင် တော်တော်စဉ်းစားရခက်သွားတယ်။ လမ်းဘေးမှာ လုံခြုံရေးယူနေတဲ့ ရဲဘော်တွေကို သူနှုတ်ဆက်တိုင်း ကျွန်တော်ပါ ရောယောင်ပြီး ပြုံးပြနေမိတယ်။ အတော်ခက်တဲ့ ဆိုက္ကားဆရာ၊ သူနဲ့ပေါင်းမှပဲ ကျွန်တော်လည်း အပြုံးတွေ လက်ဆောင်ပေးရတော့တယ်။ ဆက်ရရင် ကျွန်တော်နေတဲ့ တည်းခိုနေရာကို ရောက်တဲ့အချိန်မှာ နောက်ထပ် ထူးဆန်းတာတစ်ခု ကြုံရပြန်တယ်။ ဘယ်လောက်ပေးရမလဲဆိုတော့ ဆရာအဆင်ပြေသလို ကြည့်ပေးပါတဲ့။ ကျွန်တော် နည်းနည်းတော့ အံ့သြသွားတယ်။ ဒါနဲ့ အကြွေအတင်းရှာပြီး မဖြစ်နိုင်တဲ့ ဈေးကို စဉ်းစားကြည့်တယ်။ နှစ်ရာတန်တစ်ရွက် ထုတ်ပေးပြီး သူ့ကို ပေးလိုက်တယ်။ သူက ကျေးဇူးပဲဆရာဆိုပြီး လှည့်ပြန်ဖို့လုပ်တယ်။ ကျွန်တော်က ဟေ့လူနေဦး၊ ဒီမှာ အကြွေရှိသေးတယ်ဆိုပြီး နောက်ထပ်နှစ်ရာ ပေးလိုက်တယ်။ ပြီးတော့ မနေနိုင်မထိုင်နိုင် မေးလိုက်မိတယ်။ ခင်ဗျားကလည်းဗျာ၊ ဒီလမ်းက သုံးရာ ဒါမှမဟုတ် လေးရာပေးရတာ ကျွန်တော်သိပါတယ်။ ဘာလို့ မတောင်းတာလဲလို့ မေးမိတယ်။ သူက ဘာပြန်ဖြေတယ်မှတ်လဲ။ ဆရာရယ်၊ အခုအချိန်က လူတွေမှာ ပိုက်ဆံရှားတယ်တဲ့၊ အလုပ်အကိုင်တွေလည်း ကောင်းတာမဟုတ်ဘူးတဲ့၊ အပြင်ထွက်တယ်၊ သွားတယ်လာတယ် ဆိုတဲ့လူတွေကလည်း မသွားမဖြစ်၊ မလုပ်မဖြစ်လို့သာ သွားလာနေကြတာတဲ့။ အများစုက အိမ်မှာပဲ လုံလုံခြုံခြုံ နေကြတာ များတယ်တဲ့။ အဲဒါကြောင့် ကျွန်တော်က အခုဆိုက္ကားစီးတဲ့လူတွေကို ဘယ်လောက်ပေးပါလို့ မတောင်းဘူးတဲ့။ သူတို့ပေးတဲ့အတိုင်း ယူလိုက်တာပါပဲတဲ့။ ကဲ... ကောင်းရော။ ကျွန်တော့်မှာ ဘာပြောရမှန်းတောင် မသိတော့ဘူး။ ဆရာမင်းသိင်္ခလို ရေးတတ်ရင်လည်း မောင်မင်းကြီးသား ဆိုက္ကားဆရာ ဆိုပြီး ၀တ္ထုတစ်ပုဒ် ရေးပါတယ်ဗျာ။ အတော်လာတဲ့ ဆိုက္ကားဆရာဗျ။ မှတ်တမ်းတင်လိုက်ပါတယ်ဗျာ။
(၄)
ကျန်တာကတော့ ကျွန်တော့်ကိုယ်ရေးကိုယ်တာတွေမို့ မရေးတော့ပါဘူး။ ဒီမှာ အရမ်းပူတယ်။ မိုးမရွာတာ နှစ်ရက်လောက် ရှိပြီလို့ ပြောပြကြတယ်။ မိုးများထားတာတော့ သိသာပါတယ်။ ကြည့်လေရာမှာ ရေတွေဖွေးဖွေး၊ ကန်တွေပြည့်ပြည့်၊ မြက်တွေစိမ်းစိမ်း၊ ပင်တွေလန်းလန်း ဖြစ်နေတာကိုး။ မရောက်တာကြာတဲ့ နေရာတစ်ခုကို ပြန်ရောက်ရတော့ စိတ်ထဲမှာ နေရာသစ်တစ်ခုလို ပြန်ဖြစ်သွားတယ်။ တော်ပါသေးရဲ့ လုပ်ဖော်ကိုင်ဖက်တွေက လူဟောင်းတွေပဲမလို့။ သူတို့ကြောင့်သာ ကျွန်တော့်ကိုယ်ကျွန်တော် အထီးကျန်တယ်လို့ မခံစားရတာပါ။ ကိုယ့်ဆွေမျိုးတွေကို ပြန်တွေ့ရသလို ခံစားရတယ်။ အတွေ့အကြုံတွေ ပြောပြရတာ မ၀နိုင်အောင်ပါပဲ။
(၅)
အခု ကျွန်တော် အင်တာနက်သုံးနေတယ်။ အမှန်ဆိုရင် ဒီလိုအချိန်မှာ ကျွန်တော်လုပ်ချင်တဲ့အလုပ်က လောကာနန္ဒာဘုရားကိုသွားပြီး ဘုရားကန်တော့ ပန်းကပ်၊ ပြီးရင် မြို့ထဲမှာဖွင့်တဲ့ မိုးလင်းဆိုင်က ခေါက်ဆွဲကဘားကြော် သွားစားချင်တာပါ။ ဒါပေမယ့် ညမထွက်ရအမိန့် ရှိတယ်မဟုတ်လား။ မနူဟာဘုရားကို ချက်ချင်းသတိရမိတယ်။ ပြီးတော့ ကျွန်တော့်အခန်းက ပြတင်းပေါက်တွေကို ဆွေးဆွေးမြေ့မြေ့ ကြည့်နေမိတယ်။ အသက်ရှူတွေတောင် ကြပ်လာတယ်လို့ ခံစားမိလိုက်တယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၉ နာရီ ၃၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment