Friday, August 17, 2012

စိတ်ချဉ်ပေါက်သမျှကို ပြောရဦးမယ်


ဘာမျှမရေးသေးခင် ကြိုတင်တောင်းပန်ပါရစေ။ ကျွန်တော်ကိုဉာဏ် အတော့်ကို စိတ်အချဉ်ပေါက်နေပါသဖြင့် ပို့စ်ထဲတွင် ကြမ်းတမ်းသော စကားလုံးများ ပါဝင်သွားခဲ့ပါက နားလည်မှုအပြည့်ဖြင့် ဖတ်ရှုပေးကြပါရန်။

သတင်းတွေကများ၊ ကြားရတာတွေကလည်းများ၊ ပြောစရာတွေကများ၊ စိတ်တိုရတာကလည်းများ၊ ......ကလည်းများ၊ ................များ။

သတင်း (၁)
လစ်လပ်နေတဲ့ ဒုတိယသမ္မတအဖြစ် ဦးဉာဏ်ထွန်းကို ရွေးချယ်တင်မြှောက်လိုက်တယ်၊ ကျမ်းသစ္စာ ကျိန်ဆိုပြီးသွားပြီဆိုတာကို စာဖတ်သူများအားလုံး သိရှိပြီး ဖြစ်ကြပါလိမ့်မယ်။ ဒုတိယသမ္မတသစ်ဟာ တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာတစ်ခုက ဗိုလ်ချုပ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တာပါပဲ။ အရင်တုန်းက ကာကွယ်ရေးဦးစီးချုပ် (ရေ) ဆိုတာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်နဲ့ပဲ ခန့်အပ်တာဝန်ပေးတာ ဖြစ်ပါတယ်။ အခု ဒုတိယသမ္မတသစ် ဦးဉာဏ်ထွန်းဟာ တပ်မတော် (ရေ) သမိုင်းမှာတော့ ပထမဆုံးသော ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။ အခုလို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရမယ်ဆိုတာ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သူနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မထွက်ခဲ့တာ၊ ဝေဖန်သံတွေ မညံခဲ့တာကတော့ ထူးခြားမှုတစ်ခုပါပဲ။ ပြောစရာ မရှိတာလား၊ သူ့အကြောင်းကို သိပ်မသိကြတာလားတော့ အခုအချိန်မှာ ပြောရခက်နေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဒုတိယသမ္မတသစ်ကို ကြိုဆိုလိုက်ပါတယ်။ နိုင်ငံနဲ့ လူမျိုးအကျိုးကို ဆထက်တစ်ပိုး ထမ်းရွက်နိုင်ပါစေလို့လည်း ဆုတောင်းလိုက်ရကြောင်းပါ။

သတင်း (၂)
EMG က သဘောထားတစ်ရပ် ထုတ်ပြန်ကြေညာတာ တွေ့လိုက်ရတယ်။ အချို့သော ကိစ္စရပ်တွေမှာ EMG ရဲ့ လုပ်ရပ်တွေကို ကျွန်တော့်အနေနဲ့ သဘောမကျပေမယ့် ဒီတစ်ခါ ကြေညာချက်ကိုတော့ လှိုက်လှိုက်လှဲလှဲကို ထောက်ခံလိုက်ပါတယ်။ စိတ်ထဲမှာ စဉ်းစားနေပြီးတာ ကြာပြီဖြစ်ပေမယ့် မရေးဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိတယ်။ သူများကို ဝေဖန်ရ၊ လက်ညှိုးထိုးရ၊ အပြစ်ပြောရတာကို ကျွန်တော် လုပ်ကိုမလုပ်ချင်တော့ဘူး။ ခက်တာက အလွယ်ဆုံးကလည်း သူများကို အပြစ်ပြောတဲ့အလုပ် မဟုတ်လား။ ဒါပေမယ့် စကားလုံးလေး ပြောင်းသုံးလိုက်မယ်ဗျာ။ ဝေဖန်ရေးပေါ့။ လိုရင်းကို ပြန်ဆက်ရရင် EMG က ထုတ်ပြန်ကြေညာတဲ့ သဘောထားကတော့ ဂျာနယ်လစ်တွေ မကြာခဏ စုရုံးတာ၊ ဆန္ဒပြတာကို မကြိုက်ဘူးဆိုတဲ့ အကြောင်းပါပဲ။ ဟုတ်ပါ့ဗျာ... မီဒီယာလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက်ချင်းကတောင် အဲဒီလို ပြောယူရတယ်ဆိုတော့ ကျန်တဲ့လူတွေအနေနဲ့ ဘယ်လောက်များ မျက်စေ့စပါးမွှေး စူးနေမလဲဆိုတာ စဉ်းစားသာကြည့်။ နိုင်ငံရေးသမားတွေတောင် သူတို့လောက် ဆန္ဒမပြကြဘူး၊ သူတို့လောက် ခဏခဏ မစုရုံးကြဘူး၊ သူတို့လောက် မစည်းဝေးကြဘူး။ ပေါလိုက်တဲ့ စာပေအဖွဲ့အစည်း၊ စာပေကော်မတီ၊ စာပေကောင်စီ၊ စာပေအဖွဲ့ ဆိုတာကလည်း တကယ့်ကို သြချရလောက်တယ်။ ပြီးတော့ သူတို့တောင်းဆိုသမျှကလည်း ဘာမျှ လောက်လောက်လားလား ဟုတ်တာမဟုတ်ဘူး။ အစိုးရကို တမင်ကို အကြပ်ရိုက်အောင်၊ ဖြေရှင်းရခက်အောင် မီးမွှေးနေတဲ့ ပုံစံမျိုးတွေပါ။ ဆရာကြီးမောင်စူးစမ်းသာ အခုအချိန် နိုင်ငံရေးစာပေတွေ ရေးဦးမယ်ဆိုရင် လမ်းပေါ်နိုင်ငံရေးကို ပုံဖော်နေတယ်လို့ သုံးသပ်ဝေဖန်မှာ အသေအချာပဲလို့ တွေးနေမိတယ်။ လူထုကို လမ်းပေါ်မရောက်ရောက်အောင် ဆွဲဆောင်နေတာတွေ၊ စည်းရုံးနေတာတွေ ရပ်တန်းက ရပ်ကြပါတော့လို့ ကျွန်တော်ကိုဉာဏ် ဒီနေရာကနေ တောင်းပန်ပါရစေ။ သူ့ဟာသူ ရှေ့ကိုသွားနေတဲ့ အစိုးရကို လမ်းလွဲသွားရအောင် လမ်းညွှန်ဆိုင်းဘုတ် အလွဲတွေကို မစိုက်ထူကြပါနဲ့။

သတင်း (၃)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက စုပေါင်းလက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ အပါအ၀င် ခုံရုံးအဖွဲ့ဝင်တွေကို ပြစ်တင်ရှုံ့ချမှု ပြုလုပ်ကြမယ်တဲ့။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။ မြန်မာ့ဒီမိုကရေစီရဲ့ အသက်ဟာ အခုမှ ၂ နှစ်သားတောင် မပြည့်သေးပါဘူး။ တစ်နှစ်သားမှာ တွားသွားမယ်၊ နှစ်နှစ်သားမှာ လမ်းလျှောက်မယ်၊ သုံးနှစ်သားမှာ ပြေးမယ်၊ ပြောမယ် စသဖြင့် သူ့အသက်အရွယ်နဲ့သူ သွားပါစေ။ ဘယ်နှယ့်ဗျာ၊ အခုမှ တစ်နှစ်သားလေးကို အတင်းကို ပြေးခိုင်းနေကြပါလားဟရို့။ အင်မတန်မှ အန္တရာယ်များပါတယ်။ အင်မတန်မှကို ကြောက်စရာ ကောင်းပါတယ်။ အင်မတန်မှကို ထိတ်လန့်စရာ ဖြစ်ပါတယ်။ ဒီမယ်... လွှတ်တော်ကိုယ်စားလှယ်များ မောင်မင်းတို့က ပြည်သူ့ကိုယ်စားလှယ်ဆိုပြီး လုပ်ချင်ရာ လုပ်နေကြတော့မှာလား။ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့တာကို မကျေနပ်တာနဲ့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ခုလုံးကို စွပ်စွဲပြစ်တင် ထုတ်ပစ်ကြမှာလား။ ဒီမယ် လူကြီးမင်းတို့..... ကျွန်တော်ကိုဉာဏ်က ဥပဒေပညာရှင် မဟုတ်ဘူး၊ ခင်ဗျားတို့လို ပြည်သူ့ကိုယ်စားလှယ်လည်း မဟုတ်ဘူး၊ ခုံရုံးအဖွဲ့ဝင်လည်း မဟုတ်ဘူး၊ ဒါပေမယ့် ဘေးကကြည့်နေတဲ့ နိုင်ငံရေးစိတ်ဝင်စားသူ ပရိသတ်တစ်ယောက်အနေနဲ့ မြင်တာတွေကို ပြောကြည့်မယ်။ မျက်စိမှိတ်ပြီး ဇွတ်ငြင်းတတ်တဲ့ ခင်ဗျားတို့တွေ လက်မခံမှန်း သိပေမယ့် ပြောချင်တာတွေ ပြောရဦးမယ်။ သီးသန့်ပို့စ်တစ်ခု ရေးထားပါတယ်။ လိုရင်းပြောရရင် အဲဒီလိုလုပ်မှာကို လုံးဝ (လုံးဝ) (လုံးဝ) ကန့်ကွက်ပါတယ်။ မှားတာ၊ မှန်တာထက် မလုပ်သင့်တဲ့ အလုပ်တစ်ခုလို့ မြင်မိပါတယ်။

သတင်း (၄)
ရခိုင်ပြည်နယ်အရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။ သမ္မတလက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပေးလိုက်တာပါ။ ထုံးစံအတိုင်း မကျေနပ်တဲ့လူတွေက မကျေနပ်ကြပါဘူး။ ဝေဖန်တဲ့လူတွေက ဝေဖန်ကြပါတယ်။ ရခိုင်ကိစ္စမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ NGO နဲ့ INGO အဖွဲ့အစည်းအချို့က ပုဂ္ဂိုလ်အချို့ကို လွှတ်ပေးလိုက်ပါတယ်။ ထုံးစံအတိုင်းပါပဲ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာတစ်ခုက ဝေဖန်ကြသူတွေ၊ အပြစ်တင်ကြသူတွေ အနေနဲ့ ကိုယ့်ခံစားမှုတစ်ခုတည်းနဲ့ မဆုံးဖြတ်ကြဖို့ပါ။ ဦးသိန်းစိန်အစိုးရအတွက် ဒီကိစ္စတွေဟာ တကယ့်ကို အခက်အခဲကြီးတွေပါ။ ဒီနေ့လို ခေတ်ကာလကြီးထဲမှာ တစ်ကမ္ဘာလုံးက မျက်စေ့ဒေါက်ထောက်ပြီး ကြည့်နေကြချိန်မှာ ကိုင်တွယ်ပုံ၊ ဆုံးဖြတ်ပုံ မှားယွင်းသွားတာနဲ့ အားလုံးက ၀ိုင်းအော်ကြမှာပါ။ ၀ိုင်းပြီးတော့ လက်ညှိုးထိုးကြမှာပါ။ တစ်ဖက်ကလည်း ကိုယ့်ပြည်တွင်းက တိုင်းရင်းသားတွေရဲ့ စောင့်ကြည့်မှု၊ ဝေဖန်မှု၊ အကြံပြုမှု၊ တောင်းဆိုမှုတွေကလည်း ရှိနေပါသေးတယ်။ အဲဒီ အစွန်းနှစ်ခုဟာ အတော်ကြီးကို ဝေးကွာပါတယ်။ ပြဒါးတစ်လမ်း သံတစ်လမ်းလို့တောင် ပြောနိုင်ပါလိမ့်မယ်။ အဲဒီအစွန်းတွေနဲ့ အနီးစပ်ဆုံးဖြစ်အောင်၊ အားလုံးအတွက် လူလိုနတ်လိုဖြစ်အောင်၊ ၀င်း-၀င်း ဖြစ်အောင်၊ မလွှဲရှောင်နိုင်တဲ့ ပြဿနာကို ဖြေရှင်းရင်းနဲ့ တစ်ဆက်တည်း ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်းကို တစ်ကမ္ဘာလုံးသိအောင်၊ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို ကမ္ဘာ့အလည်မှာ ကောင်းမွန်မှုနဲ့ ထင်ရှားအောင် ကိုင်တွယ်ဖြေရှင်း ဆှောင်ရွက်နေတဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ အစိုးရကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ကြည့်ပေးကြဖို့၊ ၀ိုင်းဝန်းအားပေးကြဖို့၊ ကူညီကြဖို့၊ ထောက်ခံကြဖို့ လိုအပ်ပါတယ်။ ရဲရဲတောက် မှတ်ချက်စကားကို ပြောကြားထားပြီးသား ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံ နစ်နာစေမယ့် လမ်းကြောင်းတွေကို ရှောင်ကြဉ်လိမ့်မယ် ဆိုတာကိုတော့ ကျွန်တော်က လုံးဝ ယုံကြည်ပါတယ်။ သမ္မတကြီးရဲ့ လုပ်ဆောင်မှုများ အောင်မြင်ပါစေ။

သတင်း (၅)
သင်္ကြန်တစ်ခုဆီက ဗုံးကွဲလို့ လူတွေ သေကြ၊ ဒဏ်ရာရကြ၊ ထိတ်လန့်တကြား ဖြစ်ခဲ့ရ၊ စိတ်တိုခဲ့ရ၊ တက်ခေါက်ခဲ့ရ၊ ဆဲဆိုခဲ့ရ၊ ငိုယိုခဲ့ကြတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဗုံးခွဲတဲ့ တရားခံကို ချက်ချင်း မဖမ်းဆီးပေးနိုင်လို့ဆိုပြီး အဲဒီတုန်းက အုပ်ချုပ်သူဖြစ်တဲ့ တပ်မတော်အစိုးရနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြ၊ ဆော်ခဲ့၊ နှက်ခဲ့ကြတာကို မမေ့လောက်ကြသေးပါဘူး။ အစိုးရကလည်း တရားခံကို ဖမ်းဆီးနိုင်ဖို့အတွက် သေသေချာချာ ဆောင်ရွက်နေကြောင်း၊ ကွင်းဆက်တွေ ဖော်ထုတ်နိုင်အောင် စုံစမ်းစစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက လက်မခံခဲ့ကြပါဘူး။ ဒေါသတကြီးနဲ့ ဝေဖန်ခဲ့ကြ၊ ပြစ်တင်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ဗုံးဖောက်ခွဲမှု တရားခံကို ဖော်ထုတ်ပေးခဲ့ပါတယ်။ နိုင်ငံပိုင် သတင်းစာတွေမှာလည်း အကျယ်တ၀င့် ဖြစ်စဉ်များ၊ ကွင်းဆက်များ၊ ဆက်သွယ်မှုများနဲ့တကွ ပြည့်ပြည့်စုံစုံ ဖော်ပြပေးခဲ့ကြပါတယ်။ ဟော... ဒီနေ့တော့ အခြေအနေက တစ်မျိုးဖြစ်ကုန်ပါရော့လား။ အဲဒီတရားခံကို လူသားချင်း စာနာထောက်ထားမှု ရှုထောင့်ကနေ သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ တရားခံဟာ လေဖြတ်နေသလို၊ ကင်ဆာရောဂါကိုလည်း ခံစားနေရတယ်၊ မကြာခင်မှာပဲ လူ့လောကကို စွန့်ခွာရမယ်လို့ သိရပါတယ်။ လွှတ်ပေးလိုက်တာကို ဘာမျှ မပြောလိုပေမယ့် အဲဒီကျေးဇူးရှင် ဖြိုးဝေအောင်ဆိုတဲ့ကောင်က ငြိမ်ငြိမ်မနေဘူးဗျ။ လွှတ်ပေးတဲ့ သမ္မတကြီးရဲ့ မျက်နှာကိုမျှမထောက် ပြောချင်ရာတွေပြော၊ ဆိုချင်ရာတွေဆို လုပ်နေပါရော့လား။ ငယ်ငယ်ကတည်းက လူကြီးတွေ ပြောဖူးတဲ့ ဘယ်သူခိုးကမျှ ခိုးတယ်လို့ ၀န်မခံဘူးဆိုတာ အခုမှပဲ ကောင်းကောင်းသဘောပေါက်တယ်။ ထားပါတော့ သူက တရားခံမို့ သူ့ဘာသာသူ မလုပ်ခဲ့ပါဘူးပဲပြောပြော၊ အပြစ်မရှိပါဘူးပဲဆိုဆို၊ ခက်တာက ကျုပ်တို့ရွှေမြန်မာ ဂျာနယ်တွေက အဲဒီတရားခံကို သူရဲကောင်းဖြစ်အောင် ၀ိုင်းဝန်းပုံဖော်နေကြတာပဲဗျ။ ကျုပ်ဖြင့်လေ စိတ်တိုလွန်းလို့ ဒေါသစိတ်နဲ့ တဆတ်ဆတ်နဲ့တောင် တုန်မိတယ်။ ကျုပ်တို့ဆီက မီဒီယာတွေဟာ ဟုတ်မှဟုတ်သေးရဲ့လားလို့လည်း စဉ်းစားနေမိတယ်။ ကြမ်းပိုးကို လိပ်ဖြစ်အောင် လုပ်ရင် လူတွေက မကြိုက်ကြဘူးတဲ့။ ကျုပ်တို့ဆီက မီဒီယာတွေက ကြမ်းပိုးကို လိပ်ဖြစ်အောင် မလုပ်ကြဘူး၊ ကင်းကောင်တို့၊ ဂေါ်ဇီလာတို့ဖြစ်အောင် လုပ်နေကြသဗျ။ ရင်လေးမိပါသေးသဗျာ။ ကျုပ်ကတော့ သူတို့အတွက် ဆောင်ပုဒ်တစ်ခု တွေးမိသဗျ။ ဂျာနယ်တိုက်တွေမှာ ကပ်ထားသင့်တယ်လို့လည်း အကြံပေးချင်တယ်။ ဒီလိုဗျာ... ဒီလို....။
ထောင်ကျဖူးသူတိုင်း နိုင်ငံရေးသူရဲကောင်းဖြစ်အောင် ကျွန်ုပ်တို့ဂျာနယ်တိုက်က တာဝန်ယူသည်၊ အာမခံသည်။ အမြန်ဆက်သွယ်ပါ။
ကောင်းရဲ့မဟုတ်လား။ စစ်အုပ်ချုပ်ရေးခေတ်မှာ ဆိုင်းဘုတ်ကိုင်လို့ ထောင်ချခံရတဲ့လူကလည်း အခုအချိန်မှာ နိုင်ငံရေးသူရဲကောင်း၊ သူများတွေ လမ်းလျှောက်နေတာတွေ့လို့ လိုက်ပြီးတော့ လမ်းလျှောက်ရင်း ဟိုပြောဒီပြော ပြောခဲ့တဲ့လူကလည်း အခုအချိန်မှာ နိုင်ငံရေးခေါင်းဆောင်၊ တပ်မတော်အစိုးရကို အော်ဆဲလို့ ထောင်ကျပြီး လွတ်လာတဲ့လူကလည်း ဒီမိုကရေစီသူရဲကောင်း၊ ကိုယ့်ဘာသာကိုယ် အသုံးမကျလို့၊ အပြစ်ရှိလို့ အလုပ်ကနေ ထုတ်ပယ်ခံရတဲ့လူကလည်း အခုမှထပြီး စံပြသူရဲကောင်း၊ ကဲ ကျုပ်တို့ မြန်မာပြည်လောက် သူရဲကောင်းပေါတဲ့နိုင်ငံ ရှိဦးမလားဗျာ။ ဂျာနယ်တိုက်တွေဆိုတာ ဂျာနယ်တွေ မွေးထုတ်တာ မဟုတ်ဘဲ နိုင်ငံရေးသူရဲကောင်းတွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေ မွေးထုတ်တဲ့နေရာ ဖြစ်နေပါရောလား။ ကိုင်းကိုင်း.... လိုရင်းကိုဆက်ရရင် ဖြိုးဝေအောင်ဆိုတဲ့လူကို ဂျာနယ်တွေက တခမ်းတနား တလေးတစားနဲ့ သူရဲကောင်းဇာတ်သွင်းနေတာကို ကျွန်ုပ်ကိုဉာဏ် လုံးဝ (လုံးဝ) ကန့်ကွက်ရှုံ့ချပါကြောင်း ခင်ဗျား။

ကဲ... ဒီပို့စ်တွင် ဒီမျှနှင့် တော်ဦးမည်။ နောက်ပို့စ်များမှ ဆက်ကြဦးမည်။ မေတ္တာတော်အနန္တကို ခံယူလျက်ရှိကြောင်းပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်၊ သောကြာနေ့။
ည ၉ နာရီ ၀၅ မိနစ်တွင်ပြီး၏။ 

No comments:

Post a Comment

 
Web Statistics