Friday, August 17, 2012

Pyithu Hluttaw Vs The Constitutional Tribunal of the Union



အခုလတ်တလော စိတ်ဝင်စားဖို့အကောင်းဆုံး နိုင်ငံရေးသတင်းကတော့ လွှတ်တော်တွေနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးတို့ အငြင်းပွားနေတဲ့ အရေးကိစ္စ ဖြစ်မယ်ထင်ပါတယ်။ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ရေးရာကော်မတီတွေဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ မဟုတ်တဲ့အကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပေါ်ပေါက်ခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။ အစကတော့ အဲဒီလောက် ကြီးကြီးကျယ်ကျယ် ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိတာ အမှန်ပါပဲ။ ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေးမှာကတည်းက စတင်ခဲ့တဲ့ အရေးကိစ္စ ဖြစ်ပါတယ်။ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ ဟုတ်မဟုတ် ဆိုတာကို သိချင်တဲ့အတွက် နိုင်ငံတော်သမ္မတကိုယ်စား ရှေ့နေချုပ်က ခုံရုံးကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

မူလအစကတော့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေ အနေနဲ့ လွှတ်တော်ကော်မတီတွေက ခေါ်ယူမေးမြန်းတာတွေ၊ စစ်ဆေးတာတွေကို မနှစ်မြို့တာကနေ စတာဖြစ်မယ်လို့ ကျွန်တော်ကိုဉာဏ် ယူဆမိပါတယ်။ ကြားသိရသလောက် ၀န်ကြီးတွေ ဒုဝန်ကြီးတွေအနေနဲ့ ကိုယ့်ဝန်ကြီးဌာနရဲ့ အလုပ်ကို လုပ်ဖို့မစဉ်းစားနိုင်ဘဲ ကော်မတီတွေက ဖိတ်သမျှ အစည်းအဝေးတွေကို တက်ရောက်ပြီး ဖြေရ၊ ပြောရ လုပ်နေခဲ့ကြရပါတယ်တဲ့။ ဒုဝန်ကြီးတို့၊ ညွှန်မှူးတို့ လွှတ်ပေးရင်လည်း ကော်မတီတွေက မကြိုက်ပါဘူးတဲ့။ ၀န်ကြီးနဲ့မှ စကားပြောချင်တဲ့ သဘောမျိုးတွေ ရှိကြတယ်လို့လည်း အချို့လူတွေပြောတာကို ကြားဖူးပါတယ်။ အဲဒီလို မေးမြန်းတဲ့အခါမျိုးမှာ အချို့ကိုယ်စားလှယ်တွေဆိုရင် မမေးသင့်တာတွေမေးတာ၊ ၀န်ကြီးကိုယ်တိုင် လာဖြေစရာမလိုတဲ့ မေးခွန်းမေးတာမျိုးအထိ ကြုံရပါတယ်တဲ့။ ပြီးတော့ သူတို့ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုတော့ သူတို့ကိုယ်သူတို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်ဆိုပြီး မာန်တက်ပြီး မောက်မာတဲ့ ကိုယ်စားလှယ်မျိုးကိုလည်း ကြုံတွေ့ရတတ်တယ်လို့ ၀န်ကြီးအချို့နဲ့ နီးစပ်သူတွေက ပြောတာကို ကြားဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်နိုင်တာကတော့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ လွှတ်တော်တွေက ဖွဲ့စည်းတဲ့ ကော်မတီတွေမှာ ပါဝင်တဲ့သူတွေက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ဆိုပြီး ခြေရာတိုင်းတာကို မခံမရပ်နိုင် ဖြစ်ကြတာက စတယ်လို့ပဲ မြင်မိပါတယ်။

ခုံရုံးတစ်ခုလုံးကို စွပ်စွဲပြစ်တင်မှုသာ ပြုလုပ်ခဲ့လို့ကတော့ လွှတ်တော်တွေအတွက် တကယ့်ကို မဟာအမှားကြီးတစ်ခု ဖြစ်ပါလိမ့်မယ်။ သမိုင်းမှာ အမည်းစက်အနေနဲ့ ကျန်ခဲ့ပါလိမ့်မယ်။ ဘာကြောင့်လဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ဖွဲ့စည်းထားတဲ့ စနစ်ကို ပထမဆုံး ပြောကြရအောင်။ ခုံရုံးကို ဥက္ကဋ္ဌအပါအ၀င် ကိုးဦးနဲ့ ဖွဲ့စည်းထားတယ်။ အဲဒီ ကိုးဦးကို ဘယ်လိုရွေးထားလဲဆိုတာ ကြည့်ရအောင်ပါ-
(က) နိုင်ငံတော်သမ္မတက ရွေးချယ်သူ ၃ ဦး
(ခ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သူ ၃ ဦး
(ဂ) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သူ ၃ ဦး
(ဃ) စုစုပေါင်း ၉ ဦး
ကဲ.... အဲဒီဖွဲ့စည်းပုံမှာ ကြည့်တာနဲ့တင် အတော်ကြီးကို နားလည်ဖို့ သင့်နေပါပြီ။ ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အစိုးရကို ဘက်လိုက်ချင်ရင်တောင် သမ္မတက ရွေးပေးထားတာက ၃ ဦးပဲရှိတယ်။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်က ရွေးပေးထားတာ ၆ ဦးတောင်ရှိတယ်။ သဘောကတော့ လွှတ်တော်ရဲ့ ကိုယ်စားလှယ်က သုံးပုံနှစ်ပုံပေါ့။ တစ်ဖက်ဖက်ကိုသာ ဘက်လိုက်ပြီး ဆုံးဖြတ်ကြေးဆိုရင် လွှတ်တော်အတွက် ဘယ်လိုမှ နစ်နာစရာမရှိတဲ့ အခြေအနေ မဟုတ်ဘူးလား။ ထားပါတော့ ဒါက ကလေးဆန်ပါတယ်။ အခြားအကြောင်းတွေ ပြောကြပါဦးစို့။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း (၆)၊ တရားစီရင်ရေး ဆိုတဲ့ အခန်းအောက်မှာ ပါရှိပါတယ်။ ပြောချင်တာက အခုဖြစ်တဲ့ ကိစ္စဟာ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အားပြိုင်မှု ဆိုတာကိုပါ။ အဲဒီအချက်ကလည်း ပြဿနာကို စဉ်းစားရာမှာ အရေးပါတယ်လို့ မြင်မိပါတယ်။

ကျွန်တော့်အနေနဲ့ ဥပဒေပညာရှင် မဟုတ်တဲ့အတွက် ဥပဒေကြောင်းအရ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်လို့ မပြောလိုပါဘူး။ ဘေးကရပ်ကြည့်နေသူ နိုင်ငံရေးပရိသတ် တစ်ဦးအနေနဲ့ပဲ မြင်တာကို ပြောချင်ပါတယ်။

တကယ်လို့သာ လွှတ်တော်တွေက ဆန္ဒရှိနေတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ခုလုံးဟာ နုတ်ထွက်သွားတယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံအတွက် တကယ့်ကို အမည်းစက်ပါပဲ။ ဘာကြောင့်လဲ။ အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေ မှတ်သားရမယ့် အချက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဆိုတာ လွှတ်တော်တွေအလိုကျ အဓိပ္ပါယ်ဖွင့်ဆိုပေးရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သွားတော့မှာပါ။ နောက်ကာလတွေမှာလည်း အခုလိုမျိုး အခြားသော အငြင်းပွားမှုတွေ ပေါ်ပေါက်ဦးမှာပါပဲ။ အဲဒီအခါကျရင်လည်း လွှတ်တော်တွေအနေနဲ့ သူတို့လက်မခံနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်ခဲ့မယ်ဆိုရင် အခုလိုပဲ လက်မှတ်ထိုး၊ အဆိုတင်၊ ကန့်ကွက်၊ ရှုံ့ချ၊ စွပ်စွဲပြစ်တင် လုပ်ကြဦးမှာပါပဲ။ ဒါဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုတာ လွှတ်တော်အလိုကျ ဖွဲ့စည်းထားတဲ့ ရုပ်သေးရုပ်ခုံရုံး ဖြစ်သွားပြီး မူလရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ပျောက်သွားပါလိမ့်မယ်။ ဘယ်သူကမှလည်း ဒီခုံရုံးကို အလေးထားမှာ၊ တန်ဖိုးထားမှာ မဟုတ်တော့ပါဘူး။

ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို စော်ကားတာ၊ ဖောက်ဖျက်တာ၊ မလိုက်နာတာနဲ့ အတူတူပါပဲ။ ကျွန်တော့်သဘောအရ ဆိုရင်တော့ အဲဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် အခုလွှတ်တော်တက်နေတဲ့ လွှတ်တော်ဥက္ကဋ္ဌတွေအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် အားလုံးကို စွပ်စဲပြစ်တင်ပြီး ကိုယ်စားလှယ်အဖြစ်ကနေ ရပ်စဲစေကြဖို့ ဖြစ်ပါတယ်။ ဒီနေ့ ကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေ၊ လွှတ်တော်တွေ၊ သမ္မတ၊ တရားသူကြီးချုပ်တွေ ရှိနေတယ်ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပါတယ်။ ဒါကိုမှ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါရှိတဲ့ အချက်တွေကို ရိုးမယ်ဖွဲ့ ရမယ်ရှာပြီး လုပ်နေကြမယ်ဆိုရင်တော့ ဖွဲ့စည်းပုံကို စော်ကားတာနဲ့ အတူတူပဲလို့ ဆိုချင်ပါတယ်။

 မနေ့က သတင်းစာမှာလည်း ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အစုံ ဖော်ပြပေးထားတာကို စာဖတ်သူများ ဖတ်ရှုကြပြီး ဖြစ်ပါလိမ့်မယ်။ ဒါကိုမှ လွှတ်တော်တွေက ဆက်တိုးမယ်ဆိုရင်တော့ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရပါမယ်။ ၀င်း-၀င်း ဖြစ်စရာအကြောင်းကတော့ လုံးဝမရှိတာ အမှန်ပါပဲ။ ပြီးတော့ ဘယ်ဘက်ကပဲ နိုင်သည်ဖြစ်စေ ကြားသူ၊ ဖတ်သူ ဘယ်သူမှ ၀မ်းမသာနိုင်တဲ့ အဖြစ်မျိုးပဲ ဖြစ်ပါလိမ့်မယ်။

ကဲ... ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးပြီး တောင်းဆိုထားပြီဆိုတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ လေ့လာကြည့်ပါမယ်။

  • ခုံရုံးအဖွဲ့အနေနဲ့လည်း သူတို့မှာ အမှားမရှိတဲ့အတွက် သူ့တို့ဘာသာသူတို့ နုတ်ထွက်ကြမယ် မဟုတ်ဘူးလို့ ကျွန်တော် သုံးသပ်မိပါတယ်။ အဲဒါကြောင့်လည်း သတင်းစာမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အစုံ ဖော်ပြပေးတာ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
  • ပြည်သူ့လွှတ်တော်က ဆက်လုပ်မယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ သူတို့လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ် စုစုပေါင်းရဲ့ အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံဖို့ လိုအပ်ပါတယ်။ (သဘောကတော့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း ၄၄၀ ဦး ရှိတဲ့အတွက် မဲခွဲလို့ အခုလို စွပ်စွဲပြစ်တင်ခြင်းကို ထောက်ခံတဲ့ ကိုယ်စားလှယ် ၂၉၄ ဦး မပြည့်ဘူးဆိုရင် စွပ်စွဲပြစ်တင်ခြင်းကို ဆက်လုပ်ဖို့ မလိုပါဘူး) သုံးပုံနှစ်ပုံက ထောက်ခံတယ်ဆိုရင်တော့ စွပ်စွဲပြစ်တင်ခြင်းကို ဆက်လုပ်ပါတယ်။
  • ပြည်သူ့လွှတ်တော်က စွပ်စွဲပြစ်တင်တာ ဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။ (ဒီနေရာမှာ စုံစမ်းစစ်ဆေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပဲ ဖွဲ့စည်းရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတာ မရှိပါဘူး။ ဒါဟာ စိတ်ဝင်စားစရာပါ။ ကျွန်တော့်အမြင်ကတော့ ပညာရှင်တွေပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် သို့မဟုတ် အဖွဲ့ စိတ်ကြိုက်ဖွဲ့ပြီး စစ်ဆေးနိုင်တာမျိုးပါ။ လွှတ်တော်ကပဲ စုံစမ်းစစ်ဆေးမယ် ဆိုရင်လည်း စစ်ဆေးနိုင်ပါတယ်။)
  • အဲဒီလို အမျိုးသားလွှတ်တော်က စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာ အဲဒီစုံစမ်းစစ်ဆေးချက်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့အကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ ၁၅၀ ဦးက ထောက်ခံဖို့ လိုအပ်ပါတယ်။ (စုံစမ်းစစ်ဆေးတဲ့အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်ထားတဲ့ အချက်တွေဟာ မှန်ကန်တယ်လို့ ဆုံးဖြတ်ခဲ့ရင်တောင် ကိုယ်စားလှယ် ၁၅၀ ဦးက အဲဒီဆုံးဖြတ်ချက်ကို မထောက်ခံရင် စွပ်စွဲပြစ်တင်မှုကို ဆက်လုပ်စရာ မလိုပါဘူး။)
  • စုံစမ်းစစ်ဆေးတဲ့အဖွဲ့ကလည်း အပြစ်ရှိတဲ့အကြောင်း ဆုံးဖြတ်တယ်၊ ကိုယ်စားလှယ် သုံးပုံနှစ်ပုံကလည်း ထောက်ခံတယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော် နာယကထံကို တင်ပြရပါမယ်။
  • နာယကအနေနဲ့ အဲဒီလို တင်ပြလာရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ရာထူးမှ ရပ်စဲကြောင်း ကြေညာရမှာ ဖြစ်ပါတယ်။ 


အထက်ပါအချက်တွေဟာ လတ်တလော ဖြစ်ပျက်နေမှုအရ ဖြစ်နိုင်တာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ စဉ်းစားကြည့်တာပါ။ ဒီနေရာမှာ ထူးခြားတာတစ်ခုက လွှတ်တော်တွေက မဟုတ်ဘဲ သမ္မတက စွပ်စွဲပြစ်တင်ခဲ့မယ်ဆိုရင်လည်း လွှတ်တော်ကပဲ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ လုပ်ငန်းစဉ်တွေနဲ့ ကွဲပြားပါတယ်။ သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမယ်။ နာယကက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရမယ်။ အဲဒီအဖွဲ့မှာ လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်ဦးရေ တူညီစွာ ပါဝင်ရမယ်။ စုံစမ်းတွေ့ရှိချက်ကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံဖို့လိုတယ်။

ကျွန်တော့်အမြင်အရကတော့ အခုအခြေအနေအရ ပြည်သူ့လွှတ်တော်မှာ ထောက်ခံမဲ သုံးပုံနှစ်ပုံ ရရှိအောင် လုပ်ဖို့အတွက်ကို အတော်ကြိုးစားရပါမယ်။ ဒါ့အပြင် အမျိုးသားလွှတ်တော်ကလည်း အခုလို စွပ်စွဲပြစ်တင်မှုကို သဘောတူပါ့မလားဆိုတာ စဉ်းစားစရာပါ။ ပုံမှန်အားဖြင့် လွှတ်တော်နှစ်ရပ်ဟာ အတူတူပဲလို့ ထင်စရာရှိပေမယ့် မတူတာတွေ ရှိနေတဲ့အတွက်ပါ။ ဥပဒေပြုရေး လွှတ်တော်နှစ်ရပ်မှာကို မတူညီမှုတွေ၊ အရေးပေးခံရမှုတွေ ရှိနေပါတယ်။ အဲဒီအကြောင်းအရာတွေကို ကျွန်တော်ရေးသားဖို့ စီစဉ်ထားတာ ရှိပါတယ်။ အချက်အလက်တွေ မပြည့်စုံသေးတဲ့အတွက် မရေးဖြစ်သေးတာပါ။ ရေးတဲ့အချိန်ကျမှ အသေးစိတ် ရေးသားတင်ပြပါမယ်။ အခုတော့ ပြောလိုတာက အမျိုးသားလွှတ်တော် အနေနဲ့လည်း ပြည်သူ့လွှတ်တော်နဲ့ အမြဲတစေ ထပ်တူထပ်မျှ ရှိနေတယ်လို့ မမှတ်ယူစေလိုတာသာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာပါ။

အခုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဘာဆက်လုပ်မယ်ဆိုတာ စောင့်ကြည့်ပါမယ်။ သူ့အပေါ်မှာ အများကြီး မူတည်ပါတယ်။ သမိုင်းဝင် အမှားကြီးတစ်ခုကို ကျူးလွန်ပြီး ရထားတဲ့ ဂုဏ်သတင်းတွေ၊ နာမည်ကောင်းတွေကို စွန့်လွှတ်ပစ်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ နောင်တစ်သက်လုံး ပြန်စဉ်းစားလို့ ၀မ်းသာစရာကိစ္စ ဖြစ်မလားဆိုတာကို ကိုယ်စားလှယ်တွေအားလုံး အလေးအနက် စဉ်းစားကြစေလိုပါတယ်။

ဒီမိုကရေစီ ခေတ်ပြောင်းကာလမှာ မဏ္ဍိုင်သုံးရပ်ဟာ အပြန်အလှန် ထိန်းကျောင်းတာ မဟုတ်ဘဲ အပြန်အလှန် အပြစ်တင်သလို ဖြစ်နေကြတယ်လို့ အများသူငါ လက်ညှိုးထိုးတာမျိုးကို အဖြစ်ခံကြမယ် မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်အရေးကောင်းတွေ အများကြီး အပ်နှင်းထားခြင်းခံရတဲ့ လွှတ်တော်တွေအနေနဲ့ ရထားတဲ့ အခွင့်အရေးကို လက်နက်သဖွယ် အသုံးချပြီး ကျန်မဏ္ဍိုင်နှစ်ရပ်ကို ခြိမ်းခြောက်နေမယ့်အစား အချင်းချင်း တက်ညီလက်ညီနဲ့ လက်တွဲဆောင်ရွက်ရင်း အပြန်အလှန် ထိန်းကျောင်းပြီး ချီတက်ကြမယ်ဆိုရင် နိုင်ငံအတွက် ပိုမိုအကျိုးရှိမယ်လို့ ယုံကြည်မိကြောင်းပါခင်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်၊ သောကြာနေ့။
ည ၁၀ နာရီ ၄၆ မိနစ်တွင်ပြီး၏။
ကိုးကား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ 

1 comment:

  1. ပုံမှန်အားဖြင့် လွှတ်တော်နှစ်ရပ်ဟာ အတူတူပဲလို့ ထင်စရာရှိပေမယ့် မတူတာတွေ ရှိနေတဲ့အတွက်ပါ။ ဥပဒေပြုရေး လွှတ်တော်နှစ်ရပ်မှာကို မတူညီမှုတွေ၊ အရေးပေးခံရမှုတွေ ရှိနေပါတယ်။ အဲဒီအကြောင်းအရာတွေကို ကျွန်တော်ရေးသားဖို့ စီစဉ်ထားတာ ရှိပါတယ်။ အချက်အလက်တွေ မပြည့်စုံသေးတဲ့အတွက် မရေးဖြစ်သေးတာပါ။ ရေးတဲ့အချိန်ကျမှ အသေးစိတ် ရေးသားတင်ပြပါမယ်။ အခုတော့ ပြောလိုတာက အမျိုးသားလွှတ်တော် အနေနဲ့လည်း ပြည်သူ့လွှတ်တော်နဲ့ အမြဲတစေ ထပ်တူထပ်မျှ ရှိနေတယ်လို့ မမှတ်ယူစေလိုတာသာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာပါ။

    When are you going to post it?

    ReplyDelete

 
Web Statistics