သားသမီးတွေ အများကြီးရှိတယ်။ သားကြီး၊ သမီးကြီးတွေက လိမ္မာတယ်။ ပညာတွေတတ်ကြတယ်။ အငယ်ဆုံးလေးကတော့ ရပ်ကွက်ထဲမှာ ဟိုလူနဲ့ရန်ဖြစ်၊ ဒီလူနဲ့ရန်ဖြစ်ပေါ့။ သူ့အစ်မကြီးကို စော်ကားမော်ကားပြောရင်လည်း သူက ရန်ဖြစ်ရတာပဲ။ လူကြီးဆီရောက်ပြီး မိဘက လက်မှတ်ထိုးရတာပဲ။ သူ့အစ်ကိုကြီးကို မကောင်းပြောတဲ့လူတွေကိုလည်း သူက ချပစ်လိုက်တာပဲ။ အချုပ်ထဲရောက်၊ ဘာရောက်ပေါ့။ အဲဒီတော့ အဖေဖြစ်သူက သားကြီးသမီးကြီးတွေကို မျက်နှာသာပေးတယ်။ အငယ်ဆုံးကောင်ကိုတော့ စာလည်းအဖြစ်ရှိအောင်မသင်၊ စီးပွားရေးလည်းမလုပ်၊ ပြဿနာပဲရှာနေတဲ့အကောင်၊ ငါတို့မျက်နှာကို အိုးမည်းသုတ်တဲ့အကောင်ဆိုပြီး နည်းနည်းလေးမျှ ကြည့်မရဘူး။ သူဘာပဲလုပ်လုပ် အကောင်းမမြင်ဘူး။ အငယ်ဆုံးကောင်ကလည်း သူဟာ သူ့အစ်ကိုကြီးတွေ၊ အစ်မကြီးတွေလို ပညာတွေမတတ်တာမှန်တယ်၊ သူတို့လို စီးပွားမရှာတတ်တာလည်းမှန်တယ်။ ဒါပေမယ့် ဒီမိသားစုကို သူဘယ်လောက်ချစ်တယ်၊ သူဘယ်လောက်ခင်တွယ်တယ်၊ သူဘယ်လောက်သံယောဇဉ်ရှိတယ်ဆိုတာ သူကိုယ်တိုင်ပဲသိတယ်။ အဖေက ဘာပြောပြော၊ အစ်ကိုကြီးတွေ၊ အစ်မကြီးတွေက ဘာပြောပြော သူက လုံးဝကို အမှတ်မထားဘူး။ သူ့ကို ချစ်လို့ပြောတာလို့ပဲ မှတ်ထင်ထားတယ်။ အဖေက အသိအမှတ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူ့ဝတ္တရားတွေကိုတော့ မပြတ်အောင် ပြုစုတယ်။
သားကြီး၊ သမီးကြီးတွေက သူတို့ဘ၀တွေကို တစ်ဆင့်မြင့်အောင် ပညာတွေထပ်သင်ပေးနိုင်မယ့် မွေးစားမိဘတွေဆီလိုက်သွား၊ အတောင်အလက်တွေစုံတော့ စီးပွားရေးပိုအဆင်ပြေမယ့် ယောက္ခမတွေဆီကို လိုက်သွားနဲ့ နောက်ဆုံးတော့ အိမ်မှာ ငပေငတေ အငယ်ဆုံးကောင်ရယ်၊ မိဘတွေရယ်ပဲ ကျန်ရစ်ခဲ့ရတယ်။ အငယ်ဆုံးကောင်လေးကတော့ ၀မ်းတွေသာလို့ပေါ့။ သူ့အတွက် ဘုရားသခင်ကပေးတဲ့ ဆုလာဘ်ပဲဆိုပြီး မိဘတွေကို ပြုစုတယ်၊ သူလုပ်နိုင်သမျှ အလုပ်တွေလုပ်ပြီး ရှာဖွေကျွေးမွေးတယ်။ ဒါပေမယ့် အဖေလုပ်သူကတော့ အဲဒီကောင်ကို လုံးဝကို အကောင်းမမြင်ဘူး။ သူ့သားကြီး၊ သမီးကြီးတွေက သူတို့အဖေကို လာခေါ်မှာပဲ၊ သူတို့အဖေဆီ ပြန်လာမှာပဲလို့ သူက အမြဲတွေးနေတယ်။ အချိန်တွေ အတော်ကြာလာပေမယ့်လည်း သူ့ကိုလည်း လာမခေါ်၊ သတင်းလည်း မကြားရဆိုတော့ အဖေလုပ်သူက နည်းနည်းတော့ အားလျော့သွားတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေတာပေါ့။ ဒါပေမယ့် သူက သူ့သားကြီး၊ သမီးကြီးတွေ အောင်မြင်နေတာ၊ ချမ်းသာနေကြတာကို သွားသွားခိုးကြည့်ပြီး ကျေနပ်ဂုဏ်ယူနေသေးတယ်လေ။ အဝေးကနေပြီး ဒါမှ ငါ့သားကြီး၊ ဒါမှ ငါ့သမီးကြီးဆိုပြီး တိတ်တိတ်လေး ဂုဏ်ယူနေရှာတာ။ အငယ်ဆုံးကောင်ကလည်း ထိုနည်းတူပါပဲ၊ သူကသာ ပညာတွေမတတ်၊ ဘွဲ့တွေမရ၊ ဘာကောင်မှသာ မဟုတ်တယ်၊ သူ့အစ်ကိုကြီးတွေ၊ သူ့အစ်မကြီးတွေ အောင်မြင်နေကြတာကို သူက ပျော်ရွှင်ကျေနပ်ပြီး ဂုဏ်ယူနေတတ်တယ်။ သူ့အမေကို ပြောသလိုလိုနဲ့ သူ့အဖေ မကြားကြားအောင် သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး အိမ်မှာ ပြန်ပြောပြတတ်တယ်။ အစ်ကိုကြီးကတော့ ဘာဘွဲ့ထပ်ရသွားပြီ၊ အစ်မလတ်ကတော့ စီးပွားရေးတွေ ဘယ်လောက်အောင်မြင်နေတယ်၊ အစ်မကြီးကတော့ ဘယ်ကုမ္ပဏီမှာ ဘာရာထူးဖြစ်သွားပြီ စသဖြင့်ပေါ့လေ။ အဲဒီလိုတွေ ကြားရလေ၊ အဖေလုပ်သူက သူ့သားအငယ်ဆုံးကို မကျေမနပ်ဖြစ်လေပဲ။ မင်းကတော့ လုံးဝကို အသုံးမကျတဲ့ကောင်ပဲ၊ အဖြစ်ကို မရှိဘူး၊ ငါ့သားကြီး၊ သမီးကြီးတွေက ဘယ်လောက်တော်လဲ တွေ့လား၊ မင်းက ငါ့သားမဟုတ်ဘူး စသဖြင့် ဆူပူကြိမ်းမောင်းတတ်တယ်။ အငယ်ဆုံးကောင်လေးက စိတ်မကောင်းဖြစ်ရှာတာပေါ့။ ဒါပေမယ့် သူဘာမှ ပြန်မပြောပါဘူး။ တစ်ယောက်တည်းပဲ ကြိတ်ပြီးကြေကွဲရှာတယ်။ ပြုမြဲဝတ္တရားတွေကို မပြတ်ပြုစုတယ်၊ လုပ်ကျွေးတယ်။ သူ့အဖေ အသိအမှတ်ပြုတာ၊ မပြုတာက သူ့အတွက် အရေးမကြီးဘူး၊ သူ့မိဘတွေကို ပြုစုလုပ်ကျွေးခွင့် ရတာကိုကပဲ သူ့အတွက် ဆုလာဘ်တစ်ခု ဖြစ်နေတာကိုး။
ဒီလိုနဲ့ အဖေလုပ်သူ ကျန်းမာရေးချူချာလာတော့ ဇာတ်လမ်းကစပြီ။ အငယ်ဆုံးလေးက အစ်ကိုကြီးတွေ၊ အစ်မကြီးတွေဆီသွားပြီး အဖေတော့ ကျန်းမာရေးမကောင်းကြောင်း၊ အစ်မကြီး၊ အစ်ကိုကြီးတွေကို လွမ်းနေကြောင်း သွားပြောတာပေါ့။ ဟိုလူတွေကလည်း ဘယ်ရမလဲ၊ သိတဲ့အတိုင်းပဲ၊ မအားသေးဘူးတို့၊ နင်က ဆေးခန်းမပြဘူးလား၊ ဂရုမစိုက်ဘူးလား၊ နင်က အဲဒီလိုချည်းပဲ အဖေ့ကို ဂရုမစိုက်ဘဲ ပစ်ထားတော့ ဖြစ်ပြီပေါ့၊ အဖေသာ တစ်ခုခုဖြစ်လို့ကတော့ နင်မလွယ်ဘူး ဘာညာပေါ့။ မြန်မာစကားမှာ ဘာတဲ့... ငပြူးကပဲ ပြဲတယ်ဆိုလား၊ ကောက်ညှင်းကမစေး ဆန်ကြမ်းကစေးဆိုလား၊ ငါးဖယ်ကပြောင်းပြန် ဆိုလားပဲ ပြောတတ်ကြတယ်ဗျာ..... အဲဒီအတိုင်းပဲ။ ပြောဆိုပြီးတော့ ရော့... ပိုက်ဆံယူသွား၊ အဖေ့ကို ဂရုစိုက်လိုက်ဆိုပြီး ပြောကြတာပေါ့။ အငယ်ဆုံးလေးက အတော်ကြီးကို စိတ်နာသွားတယ်။ သူလိုချင်တာ ပိုက်ဆံမဟုတ်ဘူးလေ... သူ့အဖေက သူ့သားကြီး၊ သမီးကြီးတွေကို လွမ်းနေတယ်ဆိုတာ သူကသိတာကိုး။ အဲဒါကြောင့် သူက တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ကျွန်တော် ပိုက်ဆံလိုချင်လို့လာတာ မဟုတ်ဘူး၊ အဖေခံစားနေရတာကို မကြည့်ရက်လို့ လာခေါ်တာ၊ မလာချင်လည်းနေ၊ အဖေသေရင်တောင် အစ်မကြီးတို့၊ အစ်ကိုကြီးတို့ မလာကြနဲ့ လို့ ပြောပြီး၊ ပိုက်ဆံတွေကို လွှင့်ပစ်ပြီး ပြန်လာမှာပေါ့။
အိမ်ရောက်တော့ သူ့အဖေကို ပြောမယ်၊ အစ်ကိုကြီး၊ အစ်မကြီးတွေက မအားကြဘူး၊ သူတို့က အရမ်းအလုပ်များကြတာ၊ အဖေ့ဆီ ချက်ချင်းလိုက်လာချင်ပေမယ့် သူတို့ကိစ္စတွေက ဖြတ်လို့မရလို့ ဘာညာပေါ့။ ဒါပေမယ့် အဖေက အဖေပဲ သိတာပေါ့။ တိုတိုပြောရရင် အဖေဖြစ်သူဟာ သူ့သားသမီးတွေအကြောင်းကို သူကောင်းကောင်းသိသွားတဲ့အတွက် သူ့စိတ်အမှောင်တွေ ဖုံးလွှမ်းနေတာကို ပယ်ရှားပစ်လိုက်တဲ့အခါ အမှန်ကို သူကောင်းကောင်းမြင်သွားတယ်။ သူ့ကို တကယ်ချစ်တာ၊ အနွံတာခံတာဟာ ဘယ်သူလဲဆိုတာ သူကောင်းကောင်း သိသွားတယ်။ နားလည်လက်ခံသွားတယ်။
တစ်နေ့သောအချိန် အစ်မကြီးတွေ၊ အစ်ကိုကြီးတွေ အိမ်ကိုပြန်လာတဲ့အခါမှာ ထုံးစံအတိုင်း အငယ်ဆုံးလေးနဲ့ စကားများကြတာပေါ့။ ခင်ဗျားတို့ အခုမှ လာစရာမလိုဘူး၊ ဘာညာပေါ့။ အစ်ကိုကြီး၊ အစ်မကြီးတွေကလည်း သူတို့မှားပါတယ်၊ သူတို့တွေ အခုနောင်တရပါပြီ ဘာညာပေါ့၊ တောင်းပန်ကြမယ်၊ အဖေနဲ့အမေကို ကန်တော့ကြမယ်။ ပြီးတော့ မိသားစုတွေ စည်းစည်းလုံးလုံး၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားကြလေသတည်းပေါ့။
စာဖတ်သူတွေကို ဒီအထိရောက်အောင် ဖတ်ခိုင်းရတဲ့အတွက် အားနာပါတယ်။ အထူးသဖြင့် မြန်မာဗီဒီယိုဇာတ်လမ်းတွေ ကြည့်နေကျ ပရိသတ်တွေကို ပိုလို့တောင် အားနာရပါတယ်။ ငါတို့ ကြည့်နေကျ ဇာတ်လမ်းကို ပြန်ရေးထားတာပဲလို့ တွေးနေကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကြည့်ဖူးနေကျ မြန်မာဗီဒီယိုဇာတ်လမ်း သဘောတွေကို ပြန်ရေးထားတာပါ။ ဟာကွာ... ဒါကိုများ အထူးအဆန်းလုပ်ပြီး ဘာလို့ပြန်ရေးထားတာလဲလို့ မေးသင့်ပါတယ်။ ကျွန်တော်ကလည်း အဲဒီဟာကို ဖြေချင်ပါတယ်။
အဲဒီဇာတ်လမ်းတွေကြောင့်များ ကျွန်တော်တို့တွေရဲ့ လက်ရှိအခြေအနေတွေ အခုလို ဖြစ်နေရသလားလို့ တွေးနေမိလို့ပါ။ ဇမ္ဗူဒီပါတောင်ကျွန်း သြဘာနိမိတ်ထွန်း ဆိုတဲ့စကား ရှိတယ်မဟုတ်လား။ ကျွန်တော့်အတွေးပါ။ စာဖတ်သူတွေလည်း ဖြန့်ကျက်ပြီး ဆက်တွေးကြည့်စေလိုပါတယ်။
သြော်... တစ်ခုပြောဖို့ ကျန်ပါသေးတယ်။ ဇာတ်လမ်းတွေထဲမှာတော့ အပေါ်ကလိုတွေ ဖြစ်တဲ့အခါ အဖေလုပ်သူကို အငယ်ဆုံးလေးက ဘယ်လိုချစ်ကြောင်း၊ သူ့အဖေကို ဘယ်လိုဂရုစိုက်ကြောင်း ဘေးကနေ တဖွဖွ ပြောပြတတ်တဲ့ အမေတစ်ယောက် အမြဲပါတတ်ပါတယ်။ သူဟာ အငယ်ဆုံးလေးကို အချစ်ဆုံးလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့တွေမှာလည်း အဲဒီလို အမေတစ်ယောက် ရှိလိမ့်မယ်လို့ ယုံကြည်ပါကြောင်းနဲ့ ဇာတ်လမ်းထဲကလိုသာ ဇာတ်သိမ်းလိုပါကြောင်း...........။
ကြိုးစားလျက်ပါခင်ဗျား..........။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၀၈ မိနစ်တွင်ပြီး၏။
ဇာတ်ကားအညွှန်း
၁။ မြေကြီး၊ ကျော်သူ၊ မေသဉ္ဇာဦး၊ ဖိုးသောကြာ၊ ဆုပန်ထွာ။
၂။ အာပလာ၊ ပြေတီဦး၊ ဖွေးဖွေး၊ ဇင်ဝိုင်း၊ စိုးမိုးကြည်။
၃။ အခြားဇာတ်ကားများ
ကိုဉာဏ်ရေ အပေါ်ကဇာတ်လမ်းကို ဖတ်ရင်းနဲ့ မောင်တောင်သူရဲ့ အဖေပြောတာ သတိရလို့ ရေးလိုက်တယ်။သိပြီးသားလဲ ဖြစ်မှာပါ။အဖေပြောတာက ပုံပြင်တစ်ပုဒ်။နာမည်က "အချိန်ကပြောသော ပုံပြင်"တဲ့။နေရာက ရေထဲမှာ။အချိန်က ငါးလေးနဲ့ ငါးဖားလောင်း ဥမှစပေါက်ချိန်။နှစ်ကောင်တွေ့တော့ ငြင်းကြပြီ။ငါးလေးက သူသာငါးအစစ်ဖြစ်ကြောင်း ငါးဖားလောင်းလေးကလည်း သူသာ ငါးအစစ်ဖြစ်ကြောင်းပေါ့။ဒါပေမယ့် အချိန်က စကားပြောပြီ။ဘယ်ကောင်ကငါး ဘယ်ကောင်ဖါးဆိုတာ။ပုံပြင်က ဒါပါပဲ။မောင်တောင်သူတို့ နိုင်ငံမှာလည်း အချိန်ကပြောပါပြီ။ ဘယ်သူကငါး ဘယ်သူကဖား ဆိုတာ။ဒါပေမယ့် ပုံပြင်မဟုတ် သမိုင်းပဲ ဖြစ်လိမ့်မည်။မောင်တောင်သူ ရဲ့ အထင်ပါ။
ReplyDeleteကိုဉာဏ်ရေ အပေါ်ကဇာတ်လမ်းကို ဖတ်ရင်းနဲ့ မောင်တောင်သူရဲ့ အဖေပြောတာ သတိရလို့ ရေးလိုက်တယ်။သိပြီးသားလဲ ဖြစ်မှာပါ။အဖေပြောတာက ပုံပြင်တစ်ပုဒ်။နာမည်က "အချိန်ကပြောသော ပုံပြင်"တဲ့။နေရာက ရေထဲမှာ။အချိန်က ငါးလေးနဲ့ ငါးဖားလောင်း ဥမှစပေါက်ချိန်။နှစ်ကောင်တွေ့တော့ ငြင်းကြပြီ။ငါးလေးက သူသာငါးအစစ်ဖြစ်ကြောင်း ငါးဖားလောင်းလေးကလည်း သူသာ ငါးအစစ်ဖြစ်ကြောင်းပေါ့။ဒါပေမယ့် အချိန်က စကားပြောပြီ။ဘယ်ကောင်ကငါး ဘယ်ကောင်ဖါးဆိုတာ။ပုံပြင်က ဒါပါပဲ။မောင်တောင်သူတို့ နိုင်ငံမှာလည်း အချိန်ကပြောပါပြီ။ ဘယ်သူကငါး ဘယ်သူကဖား ဆိုတာ။ဒါပေမယ့် ပုံပြင်မဟုတ် သမိုင်းပဲ ဖြစ်လိမ့်မည်။မောင်တောင်သူ ရဲ့ အထင်ပါ။
ReplyDelete