(က)
ဒီရက်ပိုင်းအတွင်း အချိန်အားလေးတွေရတိုင်း ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သုံးသပ်မှုတွေ လုပ်ဖြစ်ခဲ့တယ်။ လုပ်ဖြစ်တဲ့ အကြောင်းရင်းက ဘလော့ဂ်မှာရှိတဲ့ ပို့စ်အဟောင်းတွေကို ပြန်ဖတ်ဖြစ်တာကနေ စတာပါပဲ။ အရင်တုန်းက ပို့စ်အဟောင်းတွေကို ပြန်ဖတ်ပြီးချိန်မှာ ကျွန်တော် အတော်ကြီးကို အံ့သြရသလို လန့်လည်းလန့်သွားမိတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတစ်နှစ်အတွင်းမှာ ကျွန်တော့်အတွေးအခေါ်တွေ အများကြီး ပြောင်းလဲသွားတာကို မြင်လိုက်ရလို့ပါ။ "ငါဟာ စက်ရုပ်လား... လူလား..." လို့တောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိတယ်။ ဒီဘက်ပိုင်းတွေမှာ ရေးသမျှပို့စ်တွေ အကုန်လုံးက နိုင်ငံရေးအကြောင်း၊ မျက်မှောက်ခေတ်အကြောင်း၊ သတင်းတွေအကြောင်းတွေချည်းပဲ။ အသိသာဆုံးကတော့ ကျွန်တော့်ကွန်ပျူတာရဲ့ Desktop Wallpaper ဟာ မပြောင်းမလဲဘဲနဲ့ လနဲ့ချီပြီး ရှိနေတာပါပဲ။ အရင်တုန်းကဆိုရင် တစ်နေ့ကိုတစ်ကြိမ်၊ တစ်ခါတစ်လေ တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ် ပြောင်းဖြစ်တယ်။ ရှုခင်းပုံလေးတွေ၊ အလှအပပုံလေးတွေကို အမြဲတမ်း ပြောင်းတင်ထားတတ်တယ်။ အခုတော့....။ ကျွန်တော်သိပ်ကြိုက်တဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေအကြောင်း၊ ကျွန်တော့်အသည်းစွဲ မန်ချက်စတာယူနိုက်တက်အကြောင်း၊ ကျွန်တော်လေးစားတဲ့ ဖာဂူဆန်အကြောင်း ကျွန်တော်မရေးဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲလို့ ဘလော့ဂ်မှာ ပြန်ဖတ်ကြည့်တဲ့အခါ မယုံနိုင်အောင်တောင် ဖြစ်ရတယ်။ တစ်ချိန်တုန်းက ခေါင်းထဲမှာ မြင်သမျှကို စာစီပြီး ကဗျာဖွဲ့ဖို့ပဲ ကြိုးစားခဲ့ဖူးတဲ့ ကိုဉာဏ်ဆိုတဲ့ လူတစ်ယောက်ဟာ ဒီနေ့မှာတော့ နိုင်ငံရေးသတ္တ၀ါတစ်ကောင် ဖြစ်နေတာကိုလည်း သုံးသပ်မိတယ်။ တစ်ချိန်တုန်းက မြန်မာဗီဒီယိုဇာတ်ကား ၂ ကားမှ မကြည့်ရရင် ညအိပ်လို့မရတဲ့ လူတစ်ယောက်က အခုတော့ တစ်နေကုန်တစ်နေခန်း Facebook မှာ သတင်းတွေလိုက်ဖတ်၊ ဘလော့ဂ်မှာ သတင်းတွေရေး၊ ဆောင်းပါးတွေရေးနဲ့ အချိန်တွေကုန်သွားတာကိုလည်း မကျေမနပ် ဖြစ်မိတယ်။ လက်ရှိအချိန်မှာ ကျွန်တော်ဟာ ခံစားချက်တွေ ပျောက်ဆုံးနေတဲ့ စက်ရုပ်တစ်ရုပ် ဖြစ်နေတယ်လို့ ခံစားနေမိပါတယ်။
(ခ)
ဒီအပတ် စနေ၊ တနင်္ဂနွေရက်တွေဟာ ကျွန်တော့်အတွက် ကောင်းသောအချိန်အခါတွေပါပဲ။ အရင်သီတင်းပတ်တွေလို အလုပ်တွေမရှုပ်သလို၊ အရှုပ်တွေလည်း မလုပ်ရဘူး။ စာတွေ ဖတ်ဖြစ်တယ်။ ထူးထူးခြားခြား ဖတ်ဖြစ်တာကတော့ မြန်မာသံတော်ဆင့် ဂျာနယ်ပါပဲ။ မနေ့က နေ့လည်ပိုင်းအထိ The VOICE က ဂျာနယ်မတင်ပေးတဲ့အတွက် လူကလည်း အရမ်းဖတ်ချင်နေလေတော့ စာအုပ်ဆိုင်မှာပဲ သွားဝယ်ခဲ့ရတယ်။ အဲဒီလို သွားဝယ်ရင်းနဲ့ မြန်မာသံတော်ဆင့် ဂျာနယ်ကိုတွေ့လို့ ဖတ်ကြည့်လို့ရအောင် ၀ယ်ခဲ့လိုက်ပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်တစ်ခါမျှ မဖတ်ဖူးတဲ့ ဂျာနယ်ပါ။ အဲဒီဂျာနယ်နဲ့ ကျွန်တော်နဲ့က ဓာတ်တည့်တယ်၊ ပဋ္ဌာန်းပါတယ်နဲ့ တူပါရဲ့ဗျာ။ ကျွန်တော် ပထမဆုံး ဖတ်ဖြစ်တဲ့ ဂျာနယ် (အတွဲ ၁၊ အမှတ် ၂၆) ကပဲ ကျွန်တော့်ကို အထင်ကြီးမှုတွေ အများကြီး ဖြစ်စေခဲ့တယ်။ ကျွန်တော် အရမ်းသဘောကျသွားတယ်။ ဂျာနယ်ရဲ့ စီအီးအိုတွေ၊ အယ်ဒီတာတွေဟာ ကျွန်တော်တို့ အလွယ်တကူသိတဲ့ နာမည်ကြီးတွေ မဟုတ်ကြတာတော့ သေချာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ကျွန်တော်ချီးကျူးလိုက်ပါတယ်။ သူတို့ရဲ့ ဆောင်ပုဒ်လို့ ပြောရမလား၊ ကြွေးကြော်သံလို့ပြောရမလား၊ မူဝါဒလို့ ပြောရမလား၊ ကြိုက်သလိုပြောဗျာ... ဂျာနယ်မှာ ဖော်ပြထားတဲ့ စာသားလေးတွေကို ခံစားကြည့်ပါဦး...။
အမျိုးဘာသာ၊ ဆင်းရဲ-ချမ်းသာ မရွေး။
အဖွဲ့အစည်း-ပါတီ၊ ခေါင်းဆောင်မရွေး။
သတင်းအမှန် ဖော်ပြရန်အသင့်။
မြန်မာသံတော်ဆင့်....
ကဲ... ကျွန်တော်အမြဲစောင့်ဖတ်ရမယ့် ဂျာနယ်တစ်ခု ထပ်တိုးသွားတာပေါ့ဗျာ။ ကျွန်တော့်မိတ်ဆွေတွေကိုလည်း ဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ မင်းမပြောခင်ကတည်းက ဖတ်ဖူးပြီးသား၊ ငါတို့အမြဲတမ်း ဖတ်နေတဲ့ဂျာနယ်ကွ ဟု ပြောမည့်သူများကိုတော့ ကျွန်တော်ကိုဉာဏ်က အနည်းငယ် အပြစ်တင်လိုကြောင်းပါခင်ဗျား။ ဟင်းကောင်းတွေ စားရချိန်မှာ ကျွန်တော့်ကို သတိမရချင် ရှိပါစေ၊ စာကောင်းပေမွန်များ ဖတ်မိလျှင်တော့ ကျွန်တော့်ကို လက်တို့ကြစေလိုပါသည်ခင်ဗျား။
(ဂ)
ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ စစ်တွေမြို့ကို စက်တင်ဘာလ ၇ ရက်နေ့က ရောက်ပါတယ်။ ဆရာမောင်ဝံသနဲ့တွေ့ပြီး ပြောစရာတွေ၊ ပေးစရာတွေ ရှိတဲ့အတွက် သူတို့သွားမယ်လို့ စာရင်းထဲမှာပါတဲ့ ဘုန်းတော်ကြီးကျောင်း (ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့်) ကနေ စောင့်နေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့က ကော်မရှင်အဖွဲ့တွေက လေယာဉ်ရောက်တာ နောက်ကျတဲ့အတွက် အစီအစဉ် ဆွဲထားတဲ့အတိုင်း မသွားဖြစ်ကြပါဘူး။ လောကာနန္ဒာဘုရားမှာပဲ စစ်တွေမြို့က ဆရာတော်ကြီးတွေ၊ မြို့မိမြို့ဖတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဆရာမောင်ဝံသနဲ့တွေ့ဖို့ အကြောင်းမဆုံသေးဘူးလို့ မှတ်ထင်လိုက်ပါတယ်။
(ဃ)
စစ်တွေမြို့ထဲကိုသွားတိုင်း လူငယ်တွေ ၀တ်ထားတဲ့ အင်္ကျီတစ်ခုကို သတိထားမိတယ်။ ဆရာတော် ဦးဥတ္တမပုံနဲ့ တီရှပ်အင်္ကျီပါ။ လှုပ်ရှားမှုတစ်ခုအနေနဲ့ မဟုတ်သော်လည်း အတော်များများက ၀တ်ကြတာကို တွေ့ရပါတယ်။ လမ်းဘေးက ဆေးဆိုးပန်းရိုက်ဆိုင်တွေမှာလည်း ချိတ်ဆွဲပြီး ရောင်းချနေတာကို တွေ့ရပါတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင် ဒီဇိုင်းတွေ မတူတာကိုလည်း သတိပြုမိခဲ့ပါရဲ့။ တစ်ခါတစ်ခါတော့လည်း တွေးမိပါတယ်။ ဒီမိုကရေစီခေတ်မှာ လက်ငင်းအကျိုးကျေးဇူး အခံစားရဆုံး လူတန်းစားကတော့ ဆေးဆိုးပန်းရိုက်လုပ်ငန်းတွေနဲ့ ဗီနိုင်းလုပ်ငန်းတွေများ ဖြစ်နေမလားလို့ပါ။ ကျွန်တော့်အတွေးသက်သက်ရယ်ပါ။
(င)
မပြောဖြစ်အောင် အတန်တန် ထိန်းချုပ်ထားပါလျက်နဲ့ မနေနိုင်တော့လို့ ပြောချင်တဲ့အကြောင်းတစ်ခုကို ပြောပါရစေဦး။ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ စစ်တွေမြို့ရဲ့ ညရှုခင်း အနေအထားကိုပါ။ စိတ်ထဲမှာ ဒွိဟဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ ည ၇ နာရီကျော်ရင် အပြင်မထွက်ရတော့ဘူးဆိုတာ အားလုံးသိတဲ့ကိစ္စပါ။ ဒါပေမယ့် ည ၈ နာရီလောက်အထိ စစ်တွေမြို့လယ်မှာ ဆိုင်ကယ်တွေ၊ ဆိုက္ကားတွေ၊ မော်တော်ကားတွေ၊ သုံးဘီးဆိုင်ကယ်တွေ၊ လမ်းသွားလမ်းလာတွေ ရှိနေတာကို ကျွန်တော့်အဆောင်ကနေ နေ့တိုင်းမြင်နေရပါတယ်။ သူတို့တွေကိုကြည့်ရတာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကို နည်းနည်းလေးမျှကို အလေးဂရုထားပုံ မရပါဘူး။ ကြောက်ကြောက်လန့်လန့် မဟုတ်ဘဲ အေးအေးဆေးဆေးပဲ ပုံမှန်အတိုင်း သွားလာနေကြတာပါ။ ကျွန်တော့်မှာသာ ကျွန်တော့်ရုံးက ၀န်ထမ်းတွေကို ည ၇ နာရီကျော်ရင် အပြင်မထွက်ဖို့ လိုက်ပြီး ကြီးကြပ်ရ၊ လက်မှတ်တွေထိုးခိုင်းရနဲ့ အလုပ်တွေရှုပ်နေရတာ၊ အဲဒီလိုတွေ သွားလာနေတာတွေကို မြင်နေရလေတော့ ကျွန်တော့်ဝန်ထမ်းတွေကို မျက်နှာပူမိတာ အမှန်ပါပဲ။ ပြည်နယ်အစိုးရအဖွဲ့ဟာ ဒီကိစ္စကို ဘာကြောင့်များ မသိချင်ယောင် ဆောင်ထားရသလဲဆိုတာကို တွေးနေမိတယ်။ သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားတဲ့အမိန့်၊ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုချက်ယူပြီး အသက်ဝင်နေတဲ့ အမိန့်တစ်ခုကို နိုင်ငံသားတွေက ဘာကြောင့်များ လေးလေးစားစား မလိုက်နာရသလဲလို့ တွေးမိတဲ့အခါ ကျွန်တော်ဖြင့် သက်ပြင်းရှည်ကြီးသာ ချလိုက်မိပါရဲ့ဗျာ။ အခြားအကြောင်းအရာတွေမှာတော့ အာဘောင်အာရင်းသန်သန်နဲ့ ဆွေးနွေးပြောဆို ထောက်ပြဝေဖန်တတ်တဲ့ ဒေါက်တာအေးမောင်ကလည်း ဒီလိုမျိုး ကိစ္စတွေမှာတော့ ဘာကြောင့်များ မသိကျိုးကျွံ ပြုထားသလဲ၊ လွှတ်တော်မှာ မတင်ပြသလဲလို့ တွေးနေမိတယ်။ ဘယ်မီဒီယာတွေကမျှလည်း ဒီလိုသတင်းတွေကို မဖော်ပြကြတာကို သတိထားမိတယ်။ မမြင်မသိတာတော့ လုံးဝမဖြစ်နိုင်ပါဘူး။ နေ့စဉ်မြင်တွေ့နေရတဲ့ မြင်ကွင်းတွေမို့ပါ။ ကျွန်တော်ကိုဉာဏ်ဖြင့် အခန်းပြတင်းပေါက်ကနေ မြို့လယ်လမ်းမကို ငေးကြည့်နေမိရင်း ဆိုင်ကယ်သံတွေ၊ ကားသံတွေကြားမှာ ရခိုင်ပြည်နယ်အရေးကို ရင်လေးနေမိပါကြောင်းခင်ဗျား။
(စ)
ဒီနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဖလားကို ရန်ကုန်ယူနိုက်တက်အသင်း ရရှိသွားတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်အားပေးတဲ့ ရတနာပုံအသင်းကတော့ တတိယနဲ့ပဲ ကျေနပ်လိုက်ရတာကို တွေ့ရပါတယ်။ ချန်ပီယံဖလားကို မောရှမ်းဌာနေကို အရောက်သယ်မယ်လို့ အားခဲထားခဲ့တဲ့ ကမ္ဘောဇအသင်းကတော့ ဒုတိယနဲ့ပဲ ကျေနပ်လိုက်ရတာကို တွေ့ရပါတယ်။ ကျွန်တော် တစ်ခုပဲ မကျေနပ်တာက အဆုံးအဖြတ်ပွဲတွေ ဖြစ်ပါလျက်နဲ့ အမှတ်ပေးပွဲ နောက်ဆုံးပွဲစဉ်တွေကို ဘာဖြစ်လို့ တစ်ရက်တည်းမှာ မကစားရသလဲ ဆိုတာကိုပါ။ ကမ္ဘောဇအသင်းက တစ်ရက်ကြိုပြီး နောက်ဆုံးပွဲ ကန်ထားရတယ်။ အနိုင်လည်း ရထားတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာကန်မယ့် ရန်ကုန်ယူနိုက်တက်နဲ့ ဧရာဝတီယူနိုက်တက်ပွဲကို စောင့်ကြည့်နေရတယ်။ ရန်ကုန်ယူနိုက်တက်ကလည်း သူသာ အနိုင်မရရင် ချန်ပီယံဆုနဲ့ လွဲမယ်ဆိုတာ သိနေတယ်၊ ဧရာဝတီယူနိုက်တက်ကလည်း ချန်ပီယံဆုအတွက် ဘာဖိအားမှ မရှိတော့တဲ့အသင်း၊ အဲဒီလို အခြေအနေမျိုးမှာ သူတို့တွေ ဘယ်လောက်ပဲ ရိုးသားကြပါတယ်ပြောပြော ဘေးကလူတွေအတွက်တော့ ပြောစရာဖြစ်နေမှာ အမှန်ပါပဲ။ တာဝန်ရှိသူတွေအနေနဲ့ ဘောလုံးအသင်းတွေ၊ ဘောလုံးသမားတွေကိုချည်းပဲ ကောင်းအောင်လုပ်ကြဖို့ တိုက်တွန်းမနေဘဲ မိမိတို့ရဲ့ စီမံခန့်ခွဲမှုကိုလည်း ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်သင့်ကြပြီလို့ အကြံပြုလိုက်ပါတယ်။
ဒီမျှနှင့် တော်ဦးမည်...။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၁၀ နာရီ ၁၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment