Wednesday, September 26, 2012

ဆရာဂျက်ကိုသာ တမ်းတမိပါတယ်...



တစ်ခါသော် နယ်မြို့ကလေးတစ်မြို့သို့ ဂျက် ရောက်သွား၏။ ပင်လယ်ကြီးနှင့် မလှမ်းမကမ်းမှ လပွတ္တာမည်သော မြို့ကလေးတည်း။ သစ်စိုးဟူသော စာပေသမားလေး ဦးစီးကာ လူငယ်တစ်သိုက်နှင့် စကားဝိုင်းဖွဲ့ရချေ၏။ စကားဝိုင်းသည် ဆရာမောင်ထင်၏ ငဘ ၀တ္ထုဆီသို့ ရောက်သွား၏။ တစ်ဦးက ငဘသည် လယ်သမားဘ၀ကို သရုပ်ဖော်သည်ထက် လယ်သမားတို့ကို လှောင်ပြောင်သရော်ထားခြင်း ဖြစ်သည်ဟူသော ဆရာမောင်သာနိုး၏ ဝေဖန်မှုကို ဆွေးနွေး၏။ အနှီတွင် ဂျက်က….
“ဦးထင်ဖတ်ရဲ့ ငဘက ဂျပန်ခေတ် လယ်သမားဘ၀ ပေါ်လွင်ပါပေတယ်ဗျာ။ အဲ… သဟာနဲ့ မစကားမစပ် ကိုခင်မောင်တင့်ကလည်း လယ်သမားနောက်ခံဝတ္ထုတော့ ရေးဖူးသေးတာပါပဲ။ ဦးကြီးဘထိုက် (သို့မဟုတ်) မိုးနှင့်မြေကို အောင်နိုင်ခြင်းဗျာ။ အနို့သော် ကိုခင်မောင်တင့်က လယ်သမားဘ၀ကို သိပ်အကျွမ်းမ၀င်လှဘူး။ သူက ခမ်းနားတဲ့ အချစ်ဝတ္ထုကြီးတွေ၊ ရသသဘောတရားတွေ၊ သမိုင်းနောက်ခံ ၀တ္ထုတွေမှာပဲ အားသန်တာ”

ကျွန်ုပ်က ဆရာမောင်ထင်ကို ဦးထင်ဖတ်၊ ဆရာတက္ကသိုလ်ဘုန်းနိုင်ကို ကိုခင်မောင်တင့် စသည်ဖြင့် လုပ်ထည့်လိုက်ရာ ကိုသစ်စိုးက မျက်စိကလေး ပေကလပ် ပေကလပ် ဖြစ်နေသော သူ့ရဲဘော်ကလေးများကို ဦးထင်ဖတ် ညီမျှခြင်း မောင်ထင်၊ ကိုခင်မောင်တင့် ညီမျှခြင်း တက္ကသိုလ်ဘုန်းနိုင် စသည်ဖြင့် တီးတိုးကလေး ရှင်းပြနေချေ၏။ သို့စဉ်တော့မှ တစ်ယောက်က…
“တက္ကသိုလ်ဘုန်းနိုင်ကို ဆရာကြီးဂျက် ကြိုက်သလားခင်ဗျ”
“အဟက် ရင်ခုန်ခဲ့ချေသပေါ့။ ကိုမောင်မောင်ကြီးကိုလည်း ကြိုက်တာပါပဲ။ ငွေတောင်လို သုတေသနစာအုပ် ရေးခဲ့သူက အချစ်ဝတ္ထုစကားပြေမှာလည်း ညက်ပေသဗျာ”

အနှီတွင် ကိုသစ်စိုးက ကိုမောင်မောင်ကြီး ညီမျှခြင်း ငြိမ်းကျော် ဟူ၍ တီးတိုးရှင်းပြနေရပြန်ပါချေ၏။ အချုပ်ကို ဆိုရသော် လပွတ္တာသားကလေးတို့ ဂျက်ကို ဖြုံသွား တုန်သွားဘိတော့ချေသည်တကား။

(***)
တစ်ရံရောအခါ၌ ဂျက်ကွမ်းခြံကုန်းတည်းဟူသော ပင်လယ်ကူး သင်္ဘောကြီးသည် တောင်တွင်းကြီးမြို့သို့ ဆိုက်ရောက်၏။ ပေလေးပင် ရှင်လေးပါးအစ ရှင်ဥက္ကဋ္ဌအလယ်၊ ဆရာအောင်သင်းအဆုံး၊ မောင်ခင်သာ (တောင်တွင်း)၊ မောင်ကြည်သာ (တောင်တွင်း)၊ တောင်တွင်း မောင်မုန်းမာန်၊ တောင်တွင်းမောင်သင်းကျော် စသည် စသည်ဖြင့် တရုန်းရုန်း မြို့ကလေး၌ မောင်မုန်းမာန်ဦးဆောင်သော လူငယ်တစ်သိုက်တို့က ဂါရ၀ပြု စာပေ၀ိုင်းကလေးဖြင့် ခင်းကျင်းဧည့်ခံ၏။ တူးလက်စ ဗိဿနိုးမြို့ဟောင်းဆီ စကားရောက်သွားကြကာ မဟူရာမေတ္တာ အစချီသော ရာဇ၀င်နောက်ခံ ၀တ္ထုများဆီသို့ ရောက်သွားကြသည်တွင်…
“ပသို့ဆိုစေ ရာဇ၀င်နောက်ခံခေါ်ခေါ် သမိုင်းနောက်ခံဆိုဆို ကိုကျော်စွာကို ချန်ထားလို့ကတော့ မဖြစ်ချေဘူးပေါ့။ ခုနစ်အိမ်တန်းက မိဂျမ်းဘုံလို ဟာသကလွဲရင် ကိုကျော်စွာဟာ”

အနှီသို့ စကားဆိုနေစဉ်အတွင်း မောင်မုန်းမာန်ကလေးက ကိုကျော်စွာ ညီမျှခြင်း ချစ်ဦးညို၊ ကိုကျော်စွာ ညီမျှခြင်း ချစ်ဦးညိုနှင့် တီးတိုးရှင်းပြနေခဲ့ရာ တောင်တွင်းသားတို့ ကျွန်ုပ်ကို အံ့အံ့သြသြ ငေးငေးမောမောနှင့်ပေတကား။

(***)
အကြင်တစ်ခေါက်ကမူ ဂျက်သည် ရတုဘုရင်ကြီး နတ်ရှင်နောင်၏ ကေတုမတီ တောင်ငူမြို့တော်သို့ ရောက်သွားမိပြန်ပါချေ၏။ အနှီတွင်လည်း တပင်ရွှေထီး ထန်းတောအတွင်း၌ မြန်မာကဗျာရှေ့ရေး ဆွေးနွေးဖြစ်ကြလေရာ မောင်နီမွန်၏ ဦးဆောင်မှုနှင့်အတူ အောင်ခိုင်မြတ်ကလေးတို့၊ မောင်ထင်ဘိုကလေးတို့၊ အောင်လွန်းမြိုင် ကလေးတို့သည် ကျွန်ုပ်၏ မျက်နှာကို ငေးမောကာ လာရောက်နားထောင်ကြချေ၏။

“ကိုသန်းဝင်း ဆိုတဲ့လူက နည်းနည်းရမ်းချင်တယ်ဗျ။ ကာရန်ဝါဒ ကျဆုံးပါစေဆိုတော့ ဆရာဦးဌေးမြိုင် ဘယ်လောက်ခံစားရမလဲ။ တစ်ဖန် စာပေ ဓမ္မန္တရာယ်ဆိုပြီး ထိုးနှက်လိုက်တာ ဦးဇော်မြင့် ရင်နာလေမပေါ့”

အနှီတွင် မောင်နီမွန်ကြီးက ကိုသန်းဝင်း ညီမျှခြင်း အောင်ဝေး၊ ဦးဌေးမြိုင် ညီမျှခြင်း ဆရာဒဂုန်တာရာ၊ ဦးဇော်မြင့် ညီမျှခြင်း ဆရာဇော်ဇော်အောင် စသည် စသည်ဖြင့် ရှင်းပြနေခဲ့ရာ တောင်ငူသားကလေးတို့ အတင်းလိုက်မှတ်နေကြရှာလေ၏။

အနို့နှင့် နှစ်ကာလများ ရှည်လျားထွေပြား မနေမနားစွာ မောင်းနှင်လျက် ရှိကြချေကုန်၏။

ဂျက်ကား မည်သည့်အနုသုခုမသမားကိုမှ အနုပညာအမည် မခေါ်တော့။

ဆရာကြီးရွှေဥဒေါင်းကို ဦးဖေသိန်း၊ ဆရာဇော်ဂျီကို ဦးသိန်းဟန်၊ ဆရာနတ်နွယ်ကို ကိုလှမြင့်၊ ဆရာထင်လင်းကို ဦးသိန်းမောင်၊ ဆရာမောင်ဝံသကို အစ်ကို ကိုစိုးသိမ်း၊ ကိုအော်ပီကျယ်ကို ကိုဝင်းနိုင် စသည် စသည်ဖြင့် ပြောဆို ဆွေးနွေး ဝေဖန် သုံးသပ်လျက်ရှိတော့ရာ စာပေလောကကြီးတစ်ခုလုံး ဂျက်သည် ထိုပုဂ္ဂိုလ်ကျော်များနှင့် တကယ့် အတွင်းလူဟု ထင်မှတ်သွားတော့ကာ ဂျက်ကွမ်းခြံကုန်းသည်လည်း ရောရောယောင်ယောင် သောက်ရှူးကြယ်ရောင် ထွန်းလင်းလျက် ရှိတော့ပါချေ၏။
…………
……………………
………………………………………

အနို့နှင့် တစ်ခါသားသော် ကျွန်ုပ်သည် ရန်ကုန်မြို့ရှိ မဂ္ဂဇင်းတိုက်တစ်ခုဝယ် အယ်ဒီတာ ဖြစ်လျက်ရှိ၏။

သို့ရှိစဉ် တစ်နေ့သော် ဂျက်ထံ လူငယ်တစ်ဦး ရောက်လာ၏။

“စာမူပို့ချင်လို့ပါ”
“ရပါတယ် မောင်ရင်”
“ကဗျာအကြောင်း ဆောင်းပါးကလေးပါ”
“ဘယ်သူ့ကဗျာအကြောင်းပါလိမ့်”
“အန်ကယ် ကိုမြတ်စံပါ”
“ဘယ် ကိုမြတ်စံလဲ၊ မြောက်ဒဂုံကလား”
“ကဗျာဆရာ အန်ကယ် ကိုမြတ်စံလေဗျာ”
“ကိုမြတ်စံ”
ဤနေရာ၌ ဂျက်ကွမ်းခြံကုန်း စိတ်ရှုပ်နေသည်။
“မဲဇာတောင်ခြေရေးတဲ့ အန်ကယ်ကိုမြတ်စံလေဗျာ”
“လက်ဝဲသုဒ္ဒရ မဟုတ်လားကွ မောင်ရင်ရဲ့”
“အဲ… ဟုတ်ပ ကျွန်တော်က ကိုမြတ်စံပဲ နှုတ်စွဲနေလို့”
“တောက်…. မင်းနှယ်ကွာ”
ဂျက်ဆရာကား လက်မပါအောင် မနည်းထိန်းသိမ်းလိုက်ရချေသည်တမုံ့။

(ဂျက်ကွမ်းခြံကုန်း၊ ဆင်တော်မှာ ခလောက်ကိုဆွဲပါလို့၊ အမည်သညာခေါ်စရာကား အန်ကယ်ကိုမြတ်စံ မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်)

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ကျွန်တော့်စကား။ အမြဲတစေ ကြုံနေရတာဖြစ်ပေမယ့် အခုတလော ပိုပြီးတော့ ကြုံလာရလို့ တင်ပေးလိုက်တာပါ။ ဘယ်ဘလော့ဂ်ကတော့ ဘယ်သူရေးတာ၊ ဘယ်သူကတော့ ဘာနာမည်နဲ့ ရေးနေတာ၊ အဲဒီဘလော့ဂ်ဂါက ဘယ်သူကြီးလေ စသည်ဖြင့် ကျွန်တော့်ကို ပြောတတ်ကြသော မိတ်ဆွေများအတွက် ရည်ရွယ်ပါသည်။ နာမည်ကြီး စာရေးဆရာကြီးများသော်မှ နာမည်အများအပြားထားလျက် စာရေးတတ်ကြသည်ကို အားလုံးအသိ ဖြစ်ပါသည်။ သို့သော် အချို့သော စာရေးဆရာကြီးများသည် သူတို့၏ ကလောင်အမည်အားလုံးကို ပရိသတ်သိရှိရန် လိုလားကြသည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသည်ကို စာရေးသူတိုင်း နားလည်နိုင်ကြပါသည်။ တစ်ခါတစ်ရံတွင် စာဘယ်လောက်ပင်ကောင်းကောင်း နာမည်အောက်သို့ ရောက်သွားသည့်အတွက် ပေးလိုသည့် အကြောင်းအရာ အချက်အလက်များကို စာဖတ်သူများ မရဘဲ ရှိတတ်သောကြောင့် ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ သို့သော် သေချာသည်ကတော့ မိမိ၏ ကလောင်အမည်များကတော့ ဒါတွေ၊ ဒါတွေပါဟု ထုတ်ဖော်မပြောလျှင် မပြောသည့်အတိုင်း ထားလိုက်သည်က အကောင်းဆုံးဖြစ်ပါသည်။ ဘလော့ဂ်များတွင် နာမည်အမျိုးမျိုးတပ်၍ ရေးသားနေကြသူများတွင်လည်း သူတို့အကြောင်းနှင့်သူတို့ ရှိကြပါလိမ့်မည်။ အချို့က ပေါ်ပေါ်တင်တင် သူဘယ်သူပါဟု ပြောဆိုရေးသားကြပါမည်။ အချို့ကလည်း နာမည်ဝှက်၊ ကလောင်ဝှက်များဖြင့် ရေးသားကြပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဘယ်သူဘယ်ဝါ ဆိုသည်ထက် ဘယ်စာက ပိုအရေးကြီးသည်ဟု ကျွန်တော်မြင်ပါသည်။ ကျွန်တော့်အယူအဆ မှားကောင်းမှားပါလိမ့်မည်။ သို့သော် ကျွန်တော့်ခံယူချက်ကတော့ ထိုအတိုင်းပဲ ဖြစ်ပါသည်။ အထက်တွင် ကျွန်တော်ပြောခဲ့သည့်အတိုင်း ဘယ်ဘလော့ဂ်ကလေ ဘယ်သူရေးနေတာသိလား၊ ဘယ်သူကတော့ ဘာနာမည်နဲ့ ဘယ်သူတွေကို ကစ်နေတာ စသည်ဖြင့် ကျွန်တော့်ကို လာပြောတတ်သည့် မိတ်ဆွေများခင်ဗျား၊ ကျွန်တော်ကိုဉာဏ် ထိုအကြောင်းအရာများကို စိတ်မ၀င်စားပါ။ ထို့ပြင် စိတ်ပူမိသည်ကား အခြားသူများကိုသွား၍ ကိုဉာဏ်ကတော့ ဘယ်သူလေ၊ ဘယ်ဝါလေဟု အားအားလျားလျား စကားစများ ရောင်းဝယ်ဖောက်ကားမှာကို ဖြစ်ပါသည်။ ကျွန်တော်ကိုဉာဏ် ဘယ်သူဘယ်ဝါ ဖြစ်သည်ဆိုသည်ထက် ကျွန်တော်ရေးသည့်စာများက ပိုအရေးကြီးပါသည်။ ရေးသည့်စာများ ညံ့လျှင် ကျွန်တော့်ကို ဝေဖန်နိုင်၊ ဆဲနိုင်၊ ဆိုနိုင်၊ ပြောနိုင်ပါသည်။ မကောင်းဘူးထင်လျှင် မဖတ်ဘဲ နေနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ ဆရာဂျက်၏ သရော်စာထဲကလို ဆိုလျှင်ဖြင့် အင်း.... လက်မပါအောင် မနည်းပင် ထိန်းရချေမည်တမုံ့။ 

No comments:

Post a Comment

 
Web Statistics