တစ်နေ့က နေ့လည်ပိုင်း ထမင်းစားနေတဲ့အချိန်မှာ အတွေးတွေ တွေးမိတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သတင်းမီဒီယာလုပ်ငန်းတွေ ဘာကြောင့် အောင်မြင်ရသလဲဆိုတာပါ။ မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ ရုပ်သံလိုင်းတွေ၊ သတင်းစာတွေ၊ စာအုပ်တွေ၊ စာစောင်တွေ အောင်မြင်ပြီဆိုရင် ပိုက်ဆံတွေများ မလိုချင်လောက်အောင် ရတတ်တာမျိုးကိုး။ ကျွန်တော်တို့နိုင်ငံမှာရော အဲဒီလို ဖြစ်နိုင်ပါ့မလားလို့ တွေးမိတယ်။ (ဒါက ပထမအတွေး)
သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ ဆရာဝန်တွေ၊ ရှေ့နေတွေကို ကြည့်ရတာ သိပ်မနိပ်ပါဘူးကွာတဲ့။ ကျွန်တော်လည်း ဘာဖြစ်လို့လဲလို့ ပြန်မေးမိတယ်။ သူကပြန်ဖြေတယ်။ မင်းစဉ်းစားကြည့်လေ၊ လူသားတွေအားလုံး လောဘ၊ ဒေါသ၊ မောဟတွေ ငြိမ်းအေးပြီး ဘာအမှုအခင်းမှ မရှိဘူးဆိုရင် ရှေ့နေတွေက ဘာနဲ့ ထမင်းသွားစားမလဲတဲ့။ အဲဒီတော့ သူတို့တွေက အမှုအခင်းများတာ ကြိုက်မလား၊ အမှုအခင်းနည်းတာကို ကြိုက်မလားတဲ့။ ကျွန်တော်နည်းနည်းတော့ ကြောင်သွားတယ်။ တစ်ခုခု ပြန်ဖြေချင်ပေမယ့် အသေအချာ စဉ်းစားမရတဲ့အတွက် ဘာမျှ ပြန်မပြောဖြစ်ဘူး။ ကိုယ့်ဘာသာကိုယ် ဆက်တွေးမိတာက အဲဒီလိုသာဆိုရင် သတင်းစာတွေထဲမှာ ဘယ်လမှာတော့၊ ဘယ်နှစ်မှာတော့ မှုခင်းဖြစ်ပွားမှု ကျဆင်းသွားခဲ့တယ်ဆိုတဲ့ သတင်းတွေဆိုရင် ရှေ့နေတွေက ဖတ်တောင် ဖတ်ပါ့မလားလို့ တွေးမိတယ်။ သူကဆက်ပြောတာက ဆရာဝန်တွေလည်း ထို့အတူပဲတဲ့။ ဆေးခန်းထိုင်တဲ့ ဘယ်ဆရာဝန်ကမျှ ဒီနေ့တော့ မမာမကျမ်းဖြစ်တဲ့လူတွေ မရှိပါစေနဲ့၊ ဒီနေ့တော့ ဖျားနာတဲ့လူတွေ မရှိပါစေနဲ့၊ ဒီနေ့တော့ လူနာတွေ မလာပါစေနဲ့လို့ ဆုမတောင်းဘူးတဲ့။ မြတ်စွာဘုရား... ကျွန်တော့်သူငယ်ချင်းကို ကျွန်တော် အတော်လန့်သွားတယ်။ ဒါပေမယ့် ဘာပြန်ပြောရမှန်းတော့ မသိပါဘူးဗျာ။ သူက ဆက်ပြောသေးရဲ့။ ဟေ့ကောင်၊ ဆရာဝန်ဆိုတဲ့လူမျိုးက သူ့ဆေးခန်းကို လူနာမလာသေးရင် လမ်းပေါ်က ဖြတ်သွားသမျှ လူတိုင်းကို လူနာလို့ သဘောထားပြီး လိုက်ကြည့်နေတတ်တာမျိုးကွတဲ့။ သူငယ်ချင်းက ဟာသတွေ ပြောတယ်လို့ပဲ ကျွန်တော်ဖြေတွေးခဲ့မိပါတယ်။ (ဒါက ဒုတိယအတွေးပါ။)
ဘယ်နားမှာတော့ မီးလောင်လို့တဲ့၊ ဘယ်ရပ်ကွက်မှာတော့ ဘယ်သူသေပြန်ပြီတဲ့၊ ဘယ်မြို့မှာတော့ ဆန္ဒဖော်ထုတ်ပွဲ လုပ်ကြသတဲ့၊ ဘယ်နေရာမှာတော့ ကားမတော်တဆမှု ဖြစ်သတဲ့၊ စတဲ့ စတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီဆိုရင် ၀မ်းသာအားရ အပြေးအလွှား သွားကြသူတွေက သတင်းထောက်တွေပါတဲ့။ လူ့စိတ်သဘာဝအရ မြင်တွေ့ကြားသိနေရတဲ့ ဒုက္ခတွေအပေါ်မှာ သနားစိတ်၊ ကရုဏာစိတ် ဖြစ်ကောင်းဖြစ်ပေမယ့် ကိုယ့်အတွက် သတင်းတစ်ခု ရတာဖြစ်တဲ့အတွက် ကျေနပ်ကြရပါတယ်တဲ့။ အဲဒီလို သတင်းတွေ မလိုက်ချင်ပါဘူးဗျာလို့ ဘယ်လောက်ပဲပြောပြော အဲဒီသတင်းမျိုးကို အမြဲတမ်း နားစွင့်ထားတတ်ကြပါတယ်။ ပြီးတော့ သူတို့က ပြောတတ်ကြသေးတယ် လူတွေကလည်းခက်တယ်ဗျာ သတင်းဆိုတာနဲ့ အဲဒီလို မီးလောင်တာ၊ လူသတ်တာ၊ တိုက်ပြိုကျတာ၊ ဆန္ဒပြတာ၊ စတာတွေကိုပဲ ဖတ်ချင်တာတဲ့။ ဘယ်ဘုန်းတော်ကြီးကျောင်းမှာ ဘယ်သူက အလှူလုပ်တယ်၊ ဘယ်မြို့မှာတော့ သစ်ပင်စိုက်တယ်၊ စတဲ့သတင်းတွေကို မဖတ်ချင်ကြဘူးတဲ့။ အင်း.. ခက်တော့ ခက်ချေပြီတကား။ (ဒါက ကျွန်တော့်စိတ်ရဲ့ အမည်းဘက်ခြမ်းက တွေးမိတာတွေပါ။)
အခုတလော သတင်းတွေကလည်း ဖြစ်သလားမမေးနဲ့။ ကျွန်တော့်မှာ သတင်းတွေ ဖတ်ရမှာတောင် လန့်လာတဲ့အထိပါပဲ။ ကွန်ပျူတာဖွင့်ပြီး အင်တာနက်သုံးရမှာတောင် ကြောက်လာတဲ့အထိ ဖြစ်ရတယ်။ စိတ်ချမ်းသာစရာသတင်းတွေ ဖတ်ရကြားရသလို စိတ်ညစ်စရာ၊ ၀မ်းနည်းစရာ သတင်းတွေလည်း ဒုနဲ့ဒေးပါပဲ။ ကျွန်တော်သတိပြုမိသမျှ သတင်းတွေကို ဆွေးနွေးပါရစေ။
ကျွန်တော်တို့ရဲ့ သမ္မတကြီး ဦးသိန်းစိန် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောတဲ့ သတင်းကိုတော့ လူတိုင်းသိပြီးသားမို့ အထူးအဆန်းလုပ်ပြီး မပြောတော့ပါဘူးဗျာ။ ဒါပေမယ့် ပြည်တွင်းရုပ်သံလိုင်းတွေကနေ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ၊ မြန်မာမီဒီယာတွေမှာသာမကဘဲ ပြည်ပက နိုင်ငံတကာမီဒီယာတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အလေးအနက်ထား ဖော်ပြခဲ့ကြတာ၊ ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးအသိအမှတ်ပြုတဲ့ စကားတွေကို မိန့်ခွန်းအတွင်းမှာ ထည့်သွင်းပြောကြားခဲ့တာ၊ အမေရိကန်မှာ ရောက်ရှိနေတဲ့ ဦးသိန်းစိန်ကို ကြိုတင်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က လာရောက်တွေ့ဆုံ ဂါရ၀ပြုနှုတ်ဆက်ခဲ့တာ၊ သတင်းဌာနတွေရဲ့ မေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ အပြုံးမပျက် ဖြေကြားပေးခဲ့တာ၊ စတဲ့စတဲ့ အချက်တွေကတော့ တကယ့်ကို မှတ်တမ်းတင်ထားရမယ့် အချက်တွေပါပဲ။ အထူးသဖြင့် သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်မှာ မြန်မာနိုင်ငံက ပို့ကုန်တွေအပေါ် ပိတ်ဆို့ထားတဲ့ အမေရိကန်ရဲ့ အရေးယူမှုကို ဖယ်ရှားပေးခဲ့တာကတော့ အကြီးမားဆုံး အမြတ်ထွက်မှုလို့ ပြောရမယ်ထင်ပါတယ်။ မြန်မာ့အထည်အလိပ်တွေ အပါအ၀င် အခြားကုန်စည်တွေ အမေရိကန်ဈေးကွက်ကို ပြန်ရောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အခြားသော နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတွေလည်း အခြားနိုင်ငံတွေကို ခရီးသွားရောက်ကြတာတွေ တွေ့ရပါတယ်။ တစ်ချိန်က အပယ်ခံနိုင်ငံဘ၀ကနေ အခုလိုမျိုး ကမ္ဘာက လိုလိုလားလားနဲ့ ကြိုဆိုဖိတ်ခေါ်တာတွေ မြင်ရတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ၀မ်းသာမိတာ အမှန်ပါပဲ။ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့် စတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေလည်း နိုင်ငံခြားခရီးစဉ်တွေကနေ အတွေ့အကြုံကောင်းတွေ ရလာခဲ့မယ်လို့ ယုံကြည်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတစ်ဦးကို စွပ်စွဲပြစ်တင်မယ်ဆိုတဲ့ ကိစ္စကလည်း အခုလတ်တလော စိတ်ဝင်စားမှုအခံရဆုံး သတင်းတစ်ပုဒ်ပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးပိုင်းဟာ မလွဲမသွေ ပွတ်တိုက်မှုတွေ ကြုံကြရမှာပါ။ ကြုံချင်သည်ဖြစ်စေ၊ မကြုံချင်သည်ဖြစ်စေ အခြေခံဥပဒေရဲ့ ပေးထားချက်အရ ကြုံကိုကြုံရမှာပါ။ ဒီအပေါ်မှာ နှစ်ဖက်စလုံးက ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းသလဲ ဆိုတာကပဲ အရေးကြီးပါတယ်။ စစ်ပွဲတွေဆိုတာ နိုင်ငံရေးလုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်လို့ ပြောတတ်ကြပါတယ်။ အဲဒီလိုပါပဲ စွပ်စွဲပြစ်တင်ခြင်းဆိုတာ ညှိနှိုင်းအဖြေရှာခြင်းရဲ့ နောက်ဆုံးအဆင့်သာ ဖြစ်စေလိုပါတယ်။ ကျွန်တော့်အမြင်အရကတော့ အခုလုပ်မယ့် စွပ်စွဲပြစ်တင်မှုဟာ တကယ့်ကို နောက်ဆုံးအဆင့်ပါပဲ။ ဧရာဝတီတိုင်းဒေသကြီးမှာ အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေးအကြား ပွတ်တိုက်နေခဲ့တာ ကြာပါပြီ။ အခုတော့ ပွတ်တိုက်မှုကနေ မီးပွားဖြစ်လာခဲ့ပါပြီ။ ၀န်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုအချို့ဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ သေသေချာချာလည်း ဖြေရှင်းပေးနိုင်မှု မရှိခဲ့ပါဘူး။ လွှတ်တော်ကို မထီမဲ့မြင်သဘောမျိုး လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေ ရှိတဲ့အတွက် အခုအဆင့်အထိ ဖြစ်လာခဲ့တယ်လို့ ကျွန်တော်က မြင်ပါတယ်။ ဒီကိစ္စမှာတော့ ကျွန်တော်ကိုဉာဏ်ဟာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဘက်ကပါခင်ဗျား။ (ဘာအမြင်တွေ၊ ဘာအတွေးတွေ၊ ဘာပုဂ္ဂိုလ်ရေးတွေနဲ့မှ ပြောတာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်အတိုင်း မတွက်တဲ့လူတိုင်းကို အမှတ်မပေးတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ စိတ်မျိုးသက်သက်နဲ့ပါ။ အခုလုပ်ရပ်မှာတော့ ဧရာဝတီလွှတ်တော်ဟာ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ကျွန်တော်အပြည့်အ၀ ယုံကြည်ပါတယ်။)
မြန်မာတစ်နိုင်ငံလုံးမှာ ဆန္ဒပြမှုတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ ဟိုနားဖြစ်လိုက်၊ ဒီနားဖြစ်လိုက် ဖြစ်နေတာကို ကျွန်တော်ကိုဉာဏ် လုံးဝကို မနှစ်သက်ပါဘူး။ ဒါတွေဟာ ဒီမိုကရေစီရဲ့ အငွေ့အသက်တွေပဲလို့ ကျွန်တော့်ကို အီဂျစ်လေသံ၊ ဆီးရီးယားလေသံနဲ့ လာမပြောပါနဲ့။ ကိုယ့်မြန်မာတွေအကြောင်း ကိုယ်တွေ အသိဆုံးပါ။ နောက်ဆက်တွဲ ဖြစ်လာမှာတွေကို ကြိုတွေးကြစေလိုပါတယ်။ ကျွန်တော်တို့ မြန်မာတွေက လူစုမိသွားရင် ပြဿနာရှာတတ်တဲ့ အမျိုးအစားထဲမှာ ပါပါတယ်။ ဒီစကားဟာ နှစ်သက်စရာကောင်းတဲ့ စကားမဟုတ်မှန်း၊ လူတိုင်း လက်ခံမယ့်စကား မဟုတ်မှန်း ကျွန်တော်သိပေမယ့် အမုန်းခံပြီး ရေးပါရစေ။ အခုဖြစ်နေတာတွေဟာ ဥပဒေအတိုင်း လုပ်နေတာတွေ မဟုတ်ဘူးဆိုတာ မျက်လုံးဖွင့်ပြီး ကြည့်ကြစေချင်ပါတယ်။ ဉာဏ်ရှေ့ပန်းပြီး သုံးသပ်ကြစေချင်ပါတယ်။ ကျွန်တော်တို့တွေဟာ တွန်းတော့တွန်းနေကြတယ်၊ ရှေ့ကိုရောက်အောင် တွန်းနေတာလား၊ နောက်ကို ပြန်တွန်းနေတာလားဆိုတာ တွန်းနေတာကိုရပ်၊ ဦးတည်ရာကို ကြည့်ပြီးမှ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ တွန်းစရာရှိတယ်၊ တွန်းရမယ့်ဟာရှိတယ်၊ တွန်းမယ့်လူရှိတယ်ဆိုပြီး တွေ့ရာကို တွန်းနေလို့ကတော့ ဘေးတွေချော်၊ နောက်တွေဆုတ် ဖြစ်ကုန်ပါလိမ့်မယ်။
မြန်မာဂျာနယ်တွေအားလုံးကို ဒီနေရာကနေ အပြစ်တင်လိုပါတယ်။ အစိုးရမကောင်းတဲ့ သတင်းတွေ၊ အစိုးရက မဖြည့်ဆည်းပေးနိုင်တဲ့ လိုအပ်ချက်တွေကိုတော့ အချိန်နှင့်တပြေးညီ တင်ပြပေးရ၊ သုံးသပ်ပြရနဲ့ အတော်ကို တာဝန်ကျေကြပါတယ်။ ဒါပေမယ့် နိုင်ငံသားတွေကို ဥပဒေနဲ့အညီ လိုက်နာကျင့်ကြံနေထိုင်တဲ့ နိုင်ငံသားကောင်းတွေဖြစ်အောင် ပညာပေးစည်းရုံးမှုမှာတော့ လုံးဝကို အားရစရာ မရှိပါဘူး။ ခက်ခက်ခဲခဲတွေ မစဉ်းစားပါနဲ့။ အခုဒီမိုကရေစီခေတ်မှာကျမှ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုတော့ လိုက်နာအောင် စည်းရုံးသင့်၊ တိုက်တွန်းသင့်ပါတယ်။ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကိုလည်း ဥပဒေနဲ့မညီကြောင်း ထောက်ပြပြောဆိုနိုင်ရပါမယ်။ ဥပမာပြောရရင် ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေ ပြဋ္ဌာန်းထားပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေအားလုံးက အဲဒီအတိုင်း မဆောင်ရွက်ကြတာကို ကျွန်တော်တို့ မဖတ်ချင်အဆုံး သတင်းတွေဖတ်ရပါတယ်။ အချက်အလက် တိတိကျကျနဲ့ ရေးသားကြပါတယ်။ တာဝန်ကျေပါတယ်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ ထုတ်ပြန်ထားတယ်။ နိုင်ငံသားတွေဟာ အဲဒီဥပဒေအတိုင်း စီတန်းလှည့်လည်တာ၊ ဆန္ဒဖော်ထုတ်တာ၊ စုဝေးတာ လုပ်ကြရပါမယ်။ အဲဒီလိုမှ မဟုတ်ရင် ဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်တဲ့အကြောင်း ဂျာနယ်တွေက ထောက်ပြနိုင်ရပါမယ်၊ ထောက်ပြရဲရပါမယ်။ အခုတော့ ဂျာနယ်စောင်ရေကျမှာ စိုးရိမ်တာတစ်ခု၊ စာဖတ်သူတွေ ငြိုငြင်မှာကို စိုးရိမ်တာတစ်ခု၊ အစိုးရကို ထောက်ခံသူလို့ တံဆိပ်ကပ်ခံရမှာကို စိုးရိမ်တာတစ်ခု စတာစတာတွေကြောင့် နှာစေးနေလိုက်ကြတာများ ယိမ်းတိုက်ထားသလိုပဲ ဂျာနယ်တွေအားလုံး ညီညွတ်ကြပါပေ့ဗျာ။ ကျွန်တော်ကိုဉာဏ် မှတ်တမ်းတင်ထားလိုက်ပါတယ်။
အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပရိုဖိုင်တွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးနိုင်ရင် သိပ်ကောင်းမှာပဲတဲ့။ ဒါမှ ပြည်သူတွေက သူတို့အကျိုးကို ဆောင်ရွက်နေတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ သေသေချာချာ သိနိုင်မှာပါလို့ ဂျာနယ်တွေက ထောက်ပြရေးသားကြတာကို ကျုပ်ကိုဉာဏ် လှိုက်လှိုက်လှဲလှဲ ထောက်ခံသဗျ။ သူများတိုင်းပြည်က သမ္မတအစ ရုံးစာရေးအဆုံး သူတို့အကြောင်းကို သိချင်ရင် အင်တာနက်မှာ ခလုတ်တစ်ချက်ခေါက်ရုံနဲ့ သိရတယ်။ ကျုပ်တို့နိုင်ငံက ခေါင်းဆောင်တွေများကျတော့ အနေအထိုင် သိပ်ပိရိတာပဲ။ သူတို့က အသက်ဘယ်လောက်ရှိပြီလဲ၊ သူတို့ဇနီးတွေက ဘယ်သူတွေလဲ၊ သားသမီးဘယ်နှယောက်ရှိသလဲ စတာတွေကိုတောင် သိခွင့်မရကြဘူး။ အင်း... ဒါပေမယ့် အဲဒါတွေကိုသာ ထောက်ပြနေကြတယ်။ ထောက်ပြတယ်ဆိုတာကလည်း အစိုးရကို လက်ညှိုးထိုးတာပါပဲ။ ခင်ဗျားတို့အစိုးရက သတင်းမထုတ်ပြန်ဘူး၊ အချက်အလက်တွေ မဝေမျှဘူး၊ မပွင့်လင်းဘူး ဘာညာပေါ့ဗျာ။ ထားပါတော့။ အဲဒီလိုဆိုရင် အခုတလော သိပ်ကို နာမည်ကြီးအောင်လုပ်နေတဲ့ လူစိတ်ပေါက်နေတဲ့ သင်္ကန်းဝတ် နိုင်ငံရေးသမား အရှင်ဝီရသူအကြောင်းကျတော့ ဘယ်ဂျာနယ်ကမျှ ပရိုဖိုင်တွေဘာတွေ မဖော်ပြကြပါလားဗျ။ အဲဒီသင်္ကန်းဝတ်ဟာ အသက်ဘယ်လောက်မှာ သာမဏေ၀တ်တယ်၊ ဘာစာတွေသင်ခဲ့တယ်၊ ဘာဘွဲ့တွေရခဲ့တယ်၊ ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေလုပ်ခဲ့တယ်၊ သူ့အပေါ် ဆရာတော်ကြီးတွေရဲ့ သဘောထားက ဘယ်လိုရှိတယ် စသည်ဖြင့် ဘယ်သူမှ မလုပ်ကြပါလားဗျ။ အခြားသူတွေ စိတ်ဝင်စားစား မစားစားဗျာ၊ ကျွန်တော်ကိုဉာဏ် စိတ်ဝင်စားတယ်ဗျ။ ရေးကြပါဦး၊ ဖော်ပြကြပါဦး။ နိုင်ငံရေးလှုပ်ရှားတွေကို ဒီလောက်တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ လူတစ်ယောက်အကြောင်းကို ကျွန်တော်တို့ သိချင်တယ်ဗျ။ ဒါမှလည်း ပြည်သူတွေကိုယ်စား ဟိုနေရာဝင်ပါ၊ ဒီနေရာဝင်ပါ (ရခိုင်လည်းပါ၊ မန္တလေးလည်းပါ၊ ပြင်ဦးလွင်လည်းမချန်၊ စစ်ကိုင်းလည်းကူး၊ မုံရွာလည်းရောက်၊ ၀က်မှေးလည်း မကျန်ရစ်၊ ဒေါ်စုတောင် သူလောက် အလုပ်မလုပ်နိုင်ဘူး) လုပ်နေတဲ့ ခေါင်းဆောင်တစ်ယောက်ကို ကျွန်တော်တို့တွေက ယုံယုံကြည်ကြည် အားကိုးရမှာ မဟုတ်လား။ လုပ်ကြပါဦး ကိုရွှေဂျာနယ်တို့ရေ....။
ဘလော့ဂ်နဲ့ ကာလအတန်ကြာ အဆက်ပြတ်သွားတဲ့အတွက် ပထမဦးစွာ တောင်းပန်လိုပါတယ်။ ဒုတိတတောင်းပန်လိုတာကတော့ အခုလိုမျိုး သူများကို ဝေဖန်သလိုလို၊ ခနဲ့သလိုလို၊ သရော်သလိုလို စာတွေကို မရေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် စိတ်ထဲမှာ ဘယ်လိုမှကို မနေနိုင်တော့တဲ့အတွက် လူကနေတယ် လက်ကမနေဘူး ဆိုသလိုပဲ ရေးလိုက်မိတာကို တောင်းပန်ပါတယ်။ အရိုင်းအစိုင်း စကားလုံးတွေအတွက် နားလည်ခွင့်လွှတ်ပေးကြဖို့ တောင်းပန်လိုက်ပါတယ်နော်။
အားလုံးကို လေးစားလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ စနေနေ့။
မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင်ပြီး၏။
ပျဉ်းမနားမြို့သို့အသွား မိုးရွာသဖြင့် အင်တာနက်ဆိုင်တွင် မိုးဝင်ခိုရင်း ရေးသားသည်။
ဒီလို အကျိုးနဲ့အကြောင်းနဲ့ ဝေဖန်တာ တော်တော်ကောင်းပါတယ်။ ကြိုဆိုပါတယ်။ တချို့အမြင်တွေတော့ မတူဘူးပေါ့ဗျာ။ ဥပမာ..ဆရာဝန်တွေ၊ ရှေ့နေတွေနဲ့ပတ်သက်တာမျိုးမှာပဲဖြစ်ဖြစ်.. သတင်းထောက်တွေနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်.. သူတို့ရဲ့ တစ်ဦးချင်း ခံစားချက်တွေမှာ မူတည်ပါလိမ့်မယ်။ ဥပမာ.. ဆရာဝန်တွေ၊ ရှေ့နေတွေဟာ.. လူတွေရဲ့ အခက်အခဲကို ကူညီပေးသူဖြစ်တယ်လို့ ခံယူထားပြီး သူ့အလုပ်ကို သူလုပ်နေရင် ဘာမှ ပြဿနာ မရှိပါဘူး။ ဘာလို့လဲဆိုတော့..လူရယ်လို့ဖြစ်လာရင် အမှုအခင်းတွေ၊ ကျန်းမာရေးတွေဟာ မလွဲမသွေကြုံရမှာ သဘာဝပဲမဟုတ်လား..ဖြစ်ကောင်းစေလို့ တမင်ကို ဆုတောင်းနေစရာမှမလိုတာ.. သတင်းထောက်တွေနဲ့ဆိုရင်လည်း..ဒီလိုပါပဲ..သူတို့တာဝန်ကိုက ဘယ်မှာဘာဖြစ်တာဆိုတာကို လူတွေသိအောင် သတင်းရေးကြရမှာပါ။ လူတွေ ..ကမ္ဘာမှာရှိတဲ့လူတွေအများစုက အဲ့လို မှုခင်းတွေ မတော်တဆဖြစ်မှုတွေ..ဒါတွေကို ပိုပြီးစိတ်ဝင်စားကြတာ သဘာဝပါ။ စောင်ရေအများဆုံးမှာ နေရာယူကြတာလည်း ဒါမျိုးတွေပဲဆိုတော့..မထူးဆန်းဘူးပေါ့ဗျာ။ သတင်းတစ်ခုရလာရင် ၀မ်းသာတယ်ဆိုတဲ့နေရာမှာ.. ငါတော့ လူတွေသိအောင်တင်ပြခွင့်ရပြီလို့ ၀မ်းသာတဲ့သတင်းထောက်တွေ ရှိကြမှာပါ။ အစိုးရကို ထောက်ပြတာ ဝေဖန်တာတွေများနေတာက... ပိတ်ဆို့ထားတာ နှစ်၅၀လောက်ဆိုတော့.. အခုလျှံထွက်ခွင့်ရချိန်မှာ..အစပိုင်းမှာ.. အရှိန်မြင့်နေတဲ့သဘောပါ။ နောက်ပိုင်းမှာတော့..တဖြေးဖြေးနဲ့ ပုံမှန် ပြန်ဖြစ်သွားနိုင်ပါတယ်။ အရင်က ဘယ်သူ့အပြောမှမခံဖူးပဲ အခုမှ တဂျိမ်းဂျိမ်းခံနေရလို့..စပ်ဖျဉ်းဖျဉ်းတော့ ဖြစ်နိုင်တာပေါ့လေ..ဒါလဲ နောက်ဆို အသားကျသွားပါလိမ့်မယ်။ ပြည်သူတွေကို ပညာပေးရေးဖို့ဆိုတဲ့လိုင်းက.. ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်.. ရုတ်တရက် အောင်မြင်အောင်လုပ်လို့မရပါဘူး.. အခုပြောနေတဲ့ စီတန်းလှည့်လည်ခွင့်ဆိုတာမှာလဲ.. တရားမျှတတယ်လို့ မဆိုနိုင်ဘူးလေ..ဒီပြဿနာတွေရှိနေသေးတော့.. အချိန်ယူရဦးမှာပါ
ReplyDelete