Tuesday, December 11, 2012

ဥကြက်မနှင့်လိပ်မ


ငယ်စဉ်က အိမ်ခြံဝင်းထဲမှာ မွေးထားတဲ့ ကြက်မကြီး ကတော်-ကတော် အော်သံကြားလို့ ၀ပ်ကျင်းထဲသွားကြည့်တဲ့အခါ ကြက်ဥလေးတစ်လုံး ဥထားတာကို တွေ့ရပါတယ်။ တစ်ခါတစ်လေ ကြက်မကြီးသာမကဘဲ ကြက်ဖကြီးကပါ ၀င်အော်လို့ ကြက်အော်သံတွေ ကျွတ်ကျွတ်ညံနေတာဟာ ၀က်ဝက်ကွဲပါပဲ။

ကျောင်းသားဘ၀ သတ္တဗေဒဘာသာရပ် သင်ယူရတဲ့အခါ လိပ်တွေအကြောင်း သင်ယူရတော့ လိပ်တွေဟာ တစ်ကြိမ်ဥရင် ဥတွေအများကြီးဥတယ်။ ဘယ်သူမှမသိအောင် လူခြေတိတ်ချိန်မှာ တိတ်တိတ်လေး ကုန်းပေါ်ကိုတက်၊ ဥပြီးရင် သူ့ရဲ့ ခြေရာလက်ရာမကျန်အောင် စီစဉ်ပြီးမှ ရေထဲကို ပြန်ဆင်းသွားတယ်လို့ သင်ယူမှတ်သားခဲ့ရပါတယ်။ ဥသွားတာတော့ အများကြီးပါပဲ။ ဒါပေမယ့် ဘယ်သူမှ မသိလိုက်ရပါဘူး။

ကျောင်းသားဘ၀လွန်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရတဲ့အခါ ၀န်ထမ်းတွေထဲမှာ ကြက်မကြီးလိုဝန်ထမ်းနဲ့ လိပ်လိုဝန်ထမ်းတွေကို မြင်ရတွေ့ရပါတယ်။ တချို့က လုပ်တဲ့အလုပ်ဟာ ဘာမှမပြောပလောက်ပေမယ့် ဥတစ်လုံးတည်းဥတဲ့ ကြက်မကြီးလိုပါပဲ၊ ကိုယ့်ဘာသာအမွှမ်းတင်ပြီး ကြွားလုံးတွေ ပြောမဆုံးထုတ်တဲ့သူတွေ တွေ့မြင်ရသလို ရှိသမျှအလုပ်တွေအားလုံးကို တစ်ယောက်တည်း ဒိုင်ခံလုပ်၊ ဒါပေမယ့် ပြီးမြောက်သွားတဲ့ အလုပ်တွေအတွက် ကိုယ့်ဘာသာ ကျေနပ်ပြီး ခပ်မဆိတ်နေတဲ့ လိပ်မကြီးတွေလို ၀န်ထမ်းတွေကိုလည်း ကြုံတွေ့ရပါတယ်။ ဒီတော့ တာဝန်ထမ်းဆောင်ကြတဲ့အခါ ဥတစ်လုံးတည်းဥတဲ့ ကြက်မကြီးလို အလုပ်နည်းနည်း ကြွားလုံးများများ မလုပ်ကြဖို့နဲ့၊ အလုပ်တွေ အများကြီးလုပ်ပြီး ခပ်မဆိတ်နေတဲ့ လိပ်မကြီးလို ၀န်ထမ်းတွေကိုလည်း သက်ဆိုင်ရာက မျက်ကွယ်ပြု လျစ်လျူရှုမထားဘဲ အရည်အချင်းကိုကြည့်ပြီး ချီးမြှောက်ပေးကြပါလို့ တင်ပြလိုက်ရပါတယ်။
ရဲညွန့် (မန်း)


- * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - * - *-

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်၊ တနင်္လာနေ့၊ ၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၂ မှာပါတဲ့ သူ့အတွေး သူ့အမြင် ဆိုတဲ့စာပိုဒ်လေးကို သဘောကျတဲ့အတွက် ပြန်လည်ဝေမျှလိုက်တာပါ။

No comments:

Post a Comment

 
Web Statistics