Tuesday, December 11, 2012

ဂုဏ်ယူစွာဖြင့် ဖော်ပြသည်ဆိုသော်လည်း....


(၁)


၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က မြန်မာနေရှင်နယ်လိဂ် အင်တာနက်စာမျက်နှာမှာ တင်ထားခဲ့တဲ့ သတင်းပါ။ မြန်မာအမျိုးသမီး ယူ-၁၉ အသင်း အာရှခြေစစ်ပွဲအောင်တဲ့အကြောင်း ရေးထားတာပါ။ အဲဒီသတင်းကြောင့် ကျွန်တော်တို့တွေ ၀မ်းသာခဲ့ရပါတယ်။ ကိုယ့်မြန်မာအမျိုးသမီးအသင်း အာရှအဆင့်ကို ၀င်ပြိုင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ နာမည်ကြီးအသင်းတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့ အသင်းတွေနဲ့ ကန်ခွင့်ရမှာဟာ တကယ့်ကို မယုံနိုင်စရာပါပဲ။ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

(၂)


AFC Website မှာ ဖော်ပြထားတဲ့ မြန်မာအမျိုးသမီးအသင်း ထိုင်းအသင်းကို အနိုင်ရပြီး အာရှခြေစစ်ပွဲ အောင်မြင်သွားတဲ့ သတင်းပါ။

(၃)


ဒါကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ မြန်မာအမျိုးသမီး ယူ-၁၉ အသင်း အာရှခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ သတင်းပါ။ ဒီလိုမျိုး သတင်းစာရဲ့ မျက်နှာဖုံးမှာ ဖော်ပြတယ်ဆိုကတည်းက ကျွန်တော်တို့နိုင်ငံက အကြီးအကဲတွေ (အနည်းဆုံးတော့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေပေါ့) ဟာ မြန်မာအမျိုးသမီး အသင်းနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် ဂုဏ်ယူတယ်၊ အလေးထားတယ်ဆိုတာ သိသာလှပါတယ်။ ဒါဟာ ဖြစ်လည်း ဖြစ်သင့်တဲ့ ကိစ္စပါပဲ။ ကိုယ့်အသင်းကို ကိုယ်တွေကမှ အခုလို ဂုဏ်မပြုရင် ဘယ်သူက ဂုဏ်ပြုကြမလဲဗျာ။ မဟုတ်ဘူးလား။ သို့သော်.... ခက်တာက... သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာက ပြောစရာဖြစ်နေတာပါပဲ။ ပွဲချိန် ၆၇ မိနစ်မှာ သွင်းယူတဲ့ဂိုးဟာ မြန်မာ့အလင်းက ရေးတဲ့အချိန်ကျမှ ဘယ်လိုဖြစ်ပြီး ပထမပိုင်းမှာ သွင်းတဲ့ဂိုး ဖြစ်သွားရတယ် မသိပါဘူးဗျာ။ မဖြစ်စလောက်လို့ ဆိုပေမယ့်လို့ လုံးဝ မဖြစ်သင့်တဲ့ အမှားလို့ ကျွန်တော်ကတော့ မြင်ပါတယ်။ သတင်းစာမှာ ရေးထားတဲ့ သတင်းဟာ ဘာမျှ ရှည်လျားလှတာ မဟုတ်ပါဘူး။ စာကြောင်းလေး ၄ ကြောင်းလောက်နဲ့ ရေးထားတဲ့သတင်းမှာ မမှားသင့်တဲ့အမှားကို မှားတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ သတင်းရေးတဲ့လူဟာ ဘောလုံးအကြောင်းကို နားမလည်လို့သော်လည်းကောင်း၊ သူများပြောတဲ့ သတင်းကို သေသေချာချာမသိဘဲ ရေးတာသော်လည်းကောင်း၊ မှားယွင်းဖော်ပြထားတဲ့ သတင်းရင်းမြစ် တစ်ခုခုကို ကူးယူဖော်ပြခဲ့တာသော်လည်းကောင်း တစ်ခုခု ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုတာ အသွင်အပြင်ကိုပဲ ပြင်ရတာမဟုတ်ဘဲ အခြားပြင်စရာတွေလည်း ရှိနေသေးတယ်ဆိုတာကို ထောက်ပြလိုတဲ့ ရည်ရွယ်ချက်သက်သက်နဲ့ ဒီပို့စ်ကို ရေးပါတယ်၊ တင်ပါတယ်။ ပြောရရင်တော့ မြန်မာသတင်းစာတွေကို ကောင်းစေချင်လို့ပါ။ အမှားကင်းစေချင်လို့ပါ။ တွေ့တဲ့လူကို တွေ့တဲ့သတင်း ရေးခိုင်းလို့မရဘူးဆိုတာ သတင်းစာတိုက်က တာဝန်ရှိသူတွေ သဘောပေါက်သင့်တဲ့အချိန် ရောက်နေပါပြီ။ အင်တာနက်ကနေ သတင်းတွေကိုဖတ်ပြီး ရေးတတ်ရုံ၊ အင်္ဂလိပ်သတင်းတွေဖတ်ပြီး ဘာသာပြန်တတ်ရုံနဲ့ ရေးခိုင်းလို့မရဘူးဆိုတာ နားလည်သင့်နေပါပြီဗျာ။ အမှားပြင်ဆင်ချက် ပြန်ထည့်ပေးမလားဆိုတာ နက်ဖြန်ထွက်မယ့် သတင်းစာမှာပဲ စောင့်ဖတ်ကြည့်လိုက်ပါဦးမယ်။ အမှားပြင်ဆင်ချက် ထည့်ပေးခဲ့ရင်တော့ ကျွန်တော်ပြန်ပြီး ဖော်ပြပေးပါဦးမယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်၊ အင်္ဂါနေ့။
နံနက် ၃ နာရီ ၀၁ မိနစ်တွင်ပြီး၏။ 

1 comment:

  1. shwemyo9:14 AM

    နောင်ကို အမျိုးသားပွဲတွေမှာ အမျိုးသမီးတွေကိုကန်ခိုင်း တာမှ အနဲဆုံး တတိယဖြစ်ဖြစ် စတုတ္တဖြစ်ဖြစ် ရနိုင်သေးရဲ့။

    ReplyDelete

 
Web Statistics